သူမ ပြောတဲ့ စကားတိုင်း ကကျွန်မ အတွက် တကယ်ကို ထူးဆန်းနေစေတာတော့ အမှန်ပါ။
"မြူ..အိမ်က ဘယ်နားမှာလဲ"
"တည့်တည့် သွားရမှာ..."
"အာ..နီးသားပဲ၊နောက်နေ့တွေ မ လာလည်မယ် ရတယ်မလား"
"ဟုတ်"
အိမ်ရှေ့ကို ရောက်တော့ ဖေဖေနဲ့ မေမေက ခြံထဲရှိ အပင်များကို ရေလောင်း နေကြသည်ကိုမြင်တော့ ကျွန်မ လည်း ကားမှန်တံခါးလေးကို ချလိုက်တော့သည်။
"မေ..."
"ဟယ်..သမီး" ဆိုပြီး ဖေဖေရော မေမေပါ ခြံထဲက ထွက်လာကြတော့သည်။
သူမ ရုတ်တရက် ကားစက်သတ်လိုက်ကာ အောက်ဆင်းသွားတော့သည်။
"အန်ကယ်လ်နဲ့ အန်တီ က မြူရဲ့ ဖေဖေနဲ့ မေမေ ထင်တယ်၊ ယဥ်မွန်ကျေးပါ ရှင့် ..မြူရဲ့ သူငယ်ချင်းပါ၊မြူ မိတ်ဆက်ပေးဦးလေ မကို.."တဲ့ သူမ တကယ်ကို ဖေဖေတို့နဲ့ အဆင်ပြေနေပုံကို ကျွန်မ ကို ဝင်ပါခိုင်းနေတယ်။
"မေမေ..ဒါ သမီးနဲ့ ခင်တာသိပ်မကြာသေးပေ..." ကား ပေါ်က မဆင်းတဲ့ ကျွန်မ ကို သူမ က တစ်ချက် လှမ်းကြည့်လိုက်ပြီး ပြုံးလိုက်တော့သည်။
"အန်တီနဲ့ အန်ကယ်လ် သမီး မြူကို ခဏ အပြင်ခေါ်သွားချင်လို့၊စိတ်ချပါ အိမ်ကို ပြန်လိုက်ပို့ပေးပါ့မယ်"
"ဟုတ် ရ ပါတယ်..နော် ဖေကြီး" တဲ့ မေမက တော့ ဒီမှာ အပေါင်းအသင်းမရှိ တဲ့ ကျွန်မအတွက် လမ်းဖောက်ပေးတော့သည်။
သူမ လည်း မိဘ ဆီက ခွင့်ပြုချက် ရတာနဲ့ ကားပေါ် ပြန်တက်လာပြီး လိုရာ ခရီးကို နှင်တော့သည်။
"မြူ" လမ်းတစ်ဝက်ထိ ဘာစကားမှ မပြောတဲ့ ကျွန်မ ကို ခေါ်တော့သည်။
"ဟုတ်.."
"ဘာလို့ စကား မပြောတာလဲ"
"ဟင်.."
"မြူကြည့်ရတာ မ ကို စကားမပြောချင်တဲ့ ပုံစံကြီး ဘာလဲ မကို အခုထိ သူစိမ်းလို မှတ်နေတာလား"
"မဟုတ်ပါဘူး"ပြောနေရင်း သူမကားကို ဘေးကပ်ရပ်လိုက်ပြီး ကျွန်မကို ကြည့်လိုက်တော့သည်။