Intro

147 15 0
                                    

Unicode

တိမ်များကင်းစင်နေသော ကောင်းကင်ကြီးကို ကြည့်ရင်း စိတ်ရှုပ်နေခြင်းများ ကွယ်ပျောက်သွားရသည်။ ပန်းခြံထဲတွင် ရောက်နေခြင်းဖြစ်သော်လည်း ပိတ်ရက်မဟုတ်သဖြင့် လူသိပ်မများပေ။ တိတ်ဆိတ်ခြင်းသာ အဖော်ပြုတတ်သော အရိပ်သွေးအတွက် ဒီနေရာကိုသာ နှစ်ခြိုက်မိသည်။

ကျောင်းတက်ရသည့် ပထမဆုံးရက်တွင်မှ ရန်ဖြစ်ရပြီး မောကွန်းထိန်းဆီကို ရောက်ရ၏။ နှုတ်ခမ်းထောင့်တွင် စပ်ဖျင်းဖျင်းဖြစ်နေသော ဒဏ်ရာကို လျစ်လျူရှုရင်း အကြောင်းရင်းမဲ့ ပြုံးမိ၏။

မြင်လွှာကို ပိတ်ကာ တိုက်ခတ်လာသော လေညှင်းသွဲ့သွဲ့ကို ခံစားနေရင်း သစ်သီးရေမွှေးရနံ့လေးတစ်ခုကို ရလိုက်၏။ သိချင်စိတ်ကြောင့် မျက်လုံးဖွင့်ကာ ကြည့်လိုက်တော့ ဘေးနားတွင် လာထိုင်နေသော လူတစ်ယောက်။

လိုချင်တာ မရသော ကလေးတစ်ယောက်၏ စိတ်ပျက်အားငယ်မှုမျိုးနှင့်…။ သို့သော် ရောင်ရဲတင်းတိမ်မှုကို သူ့မျက်ဝန်းတွင် တွေ့ရသည်။ စိမ်းပြာရောင် Dream catcher လေးတစ်ခုကို ကိုင်ကာ ငေးငိုင်နေရင်း နှမြောတသဖြစ်မှုကိုလည်း သူ့မျက်နှာတွင် ချိတ်ဆွဲထားသေး၏။ ပထမဆုံးတွေ့သော လူတစ်ယောက်ကို အကဲခတ်ခြင်းမှာ လုပ်နေကျအရာမဟုတ်သဖြင့် အားနားသလိုရှိသွားရသောကြောင့် အကြည့်လွဲကာ မျက်လုံးများ ပြန်မှိတ်လိုက်သည်။

“ရော့…”

ကိုယ့်ကို စကားပြောခြင်း ဟုတ်ရဲ့လားဟု အတန်ကြာတွေဝေပြီးနောက် မျက်လုံးများ ဖွင့်ကာ လှဲနေရာမှ ထထိုင်လိုက်သည်။ ထိုသူသည် လက်ခုံရှိ သွေးစို့နေသော​နေရာကို ဒဏ်ရာကပ်ပလာစတာဖြင့် ညွှန်ပြနေ၏။ လှမ်းယူလိုက်ပြီးနောက် ဘောင်းဘီအိတ်ကပ်ထဲ အသာထိုးထည့်လိုက်တော့ နှုတ်ခမ်းထောင့်စွန်းတစ်ဖက် ကွေးညွှတ်သွားသည်မှအပ ဘာမှမပြောလာ။

“အသည်းကွဲနေတာလား Bro”

“အဟင်း… မင်း ဘယ်လိုထင်လို့လဲ?”

မသိသောသူကို စကားမပြောတတ်သော အကျင့်သည် ဘယ်ဆီရောက်မှန်းမသိကာ ပြောလိုက်သော်လည်း ပြန်မေးလာသူကြောင့် အောင့်သက်သက်တော့ ဖြစ်သွားရ၏။

I want to your dream catcherWhere stories live. Discover now