အပိုင်း - ၂၀ / အပိုင္း - ၂၀

780 71 25
                                    

#Unicode

စိတ်က တကယ်ကို အဆင်ပြေမနေပါ။
ဦးရှိန်က အဝေးကို သွားတော့မည်ဆိုတဲ့ အတွေးက သူ့ကိုခြောက်လှန့်နေသည်။
ပြီးတော့ စိတ်ထဲမှာ ဒေါသထွက်တာလား။
ဝမ်းနည်းတာလား မသဲကွဲ။

ကျောင်းကပြန်လာပြီး ရေမိုးချိုးကာ ခြံထဲဆင်းလာခဲ့သည်။
မမဆုတို့ ပြန်ရောက်တော့မှာမို့ ခြံတံခါးကို သော့ဖွင့်ထားလိုက်သည်။
ပြီးနောက် ခြံထောင့်က ရေဘားကိုဖွင့်လိုက်သည်။
ပန်းပင်တွေ ရေလောင်းရမည်။

ရေပိုက်ကိုကိုင်ပြီး ရေလောင်းနေပေမယ့် စိတ်တို့က မနေ့က အဖြစ်အပျက်ဆီရောက်သွားပြန်သည်။
ဦးရှိန် သူ့ကိုဖုံးကွယ်ထားတာ ဘာလဲ။
အဲ့ဒါကို သိချင်သည်။
ဂျပန်ကရော ဘာလို့သွားရတာလဲ။
ဦးရှိန်မှာ ဂျပန်သွားဖို့ အိပ်မက်မှမရှိတာ။
သူ့အိပ်မက်က ကျောင်းသားတွေကို စာသင်မည်။ အဲ့ကျောင်းသားတွေရဲ့ ဘဝတက်လမ်းတွေကို သူ
ကြည့်ရင်း ပီတိဖြစ်မည်။ ဦးရှိန်က အဲ့လိုရိုးရိုးကလေးပဲ ရှင်သန်ချင်တဲ့သူပါ။
ဒါပေမယ့် အခု ရုတ်တရက် ဂျပန်သွားမည်တဲ့။
ဒီခေတ်မှာ တစ်နေရာနဲ့တစ်နေရာ
ဆက်သွယ်ရ လွယ်ကူနေတယ်ဆိုပေမယ့် ကျွန်တော်ဦးရှိန်နဲ့ ဒီလိုဝေးဝေးမနေချင်ပါ။ နေလည်းမနေနိုင်ပါ။

နှင်းဆီပင်တွေပေါ် ရေစက်တွေဖြာကျနေတာ မြင်ရပေမယ့် စိတ်တွေကတော့ တောင်တွေးမြောက်တွေးကာ ပူလောင်နေရသည်။

ရုတ်တရက် ကြားလိုက်ရတဲ့ ခေါင်းလောင်းသံကြောင့် ရေပိုက်ကို ပန်းချုံကြားထဲ ချလိုက်သည်။
ပြီးနောက် အပြေးအလွှား ရေဘားကိုပြေးပိတ်လိုက်သည်။

ခြံရှေ့မှာရောက်နေသူက ဦးရှိန်ရယ်ပါ။
တံခါးကို ဖွင့်ပေးလိုက်တော့ ခြံထဲကို အမြန်ဝင်လာသည်။ ​ပြီးတော့
သူကိုယ်တိုင်ပင် တံခါးကို မြန်မြန်ပိတ်လိုက်သည်။

"အသစ်....ကိုယ့်နောက်ကို လိုက်ခဲ့ပါနော်။ ကိုယ်တို့ ဒီနေရာကနေ အဝေးဆုံးကိုသွားရအောင်။ နော်....အသစ်။ လိုက်ခဲ့ပါ။"

ရေးကြီးသုတ်ပြာနဲ့ ကျွန်တော့်လက်နှစ်ဖက်ကို လှုပ်ရမ်းကာ ပြောဆိုလာသည်။ ဦးရှိန်ရဲ့
လက်ဖျားတွေကလည်း အေးစက်လျက်။
နဖူးမှာလည်း ချွေးတောင်စို့လို့နေသည်။
ဘာတွေဖြစ်လာခဲ့တာလဲ ဦးနေသွေးရှိန်ရယ်....စိတ်ပူလိုက်တာ။

"အသက်ထက်ဆုံး ချစ်ချင်သည်" /  "အသက္ထက္ဆုံး ခ်စ္ခ်င္သည္" (Season-1)-Completed-Where stories live. Discover now