အပိုင်း (၁) တောင်စောင့်နတ်မင်းတို့ရဲ့ ကောင်းချီးဆုလာဘ်

10.3K 484 58
                                    

မြင့်မားလွန်းလှတဲ့ တောင်တန်းတွေ အစီအရီနဲ့ တချင့်ပြည် တောင်ပိုင်းက မျက်စိတဆုံး ရပ်သပ်ရှုမောဖွယ် ရှုခင်းတွေဟာ မရိုးနိုင်အောင် ခမ်းနားနေစမြဲပါပဲ။ ရာသီအမျိုးမျိုးမှာ ရွက်သစ်နုတွေ ရော်ရွက်ဝါတွေကို ခြုံလွှာအမျိုးမျိုးလို လဲလှယ်ဆင်ယင်ပြီး လှချင်တိုင်း လှနေတတ်တယ်။ ဒီတော ဒီတောင်တွေဟာ နုငယ်တဲ့ လူငယ်လေး ဝမ်ရိပေါ်အတွက် အိမ်ရယ်လည်း ဟုတ်၊ ကစား ပျော်ပါးရာရယ်လည်း ဟုတ်၊ တိုင်တည်ရာရယ်လည်း ဟုတ်တယ်။

ဝမ်ရိပေါ်က အမြဲစိတ်ကူးယဉ်တယ်။ သူကြားဖူးနေကြ ပြဇာတ်ပုံပြင်တွေထဲက သူရဲကောင်း သိုင်းသမားတွေလို ဖြစ်ချင်တယ်။ သားရေဖိနပ်ကိုစီး သားမွေးအကျီနဲ့ သားရေကိုယ်ကြပ်ဝတ်လို့ ဆောင်ဓားကောင်းကောင်း တစ်လက်ကို ကိုင်စွဲပြီး ဒီတော ဒီတောင်တွေကို လှည့်လည် သွားလာချင်တယ်။ မင်းစိုးရာဇာ အာဏာစက်နဲ့ အလှမ်းဝေးလှတဲ့ အခေါင်အဖျားက ပြည်သူတွေဆီ တရားမျှတမှုကို ဆောင်ကျဉ်းပေးနိုင်တဲ့သူ ဖြစ်ချင်တယ်။

သူ့အဖိုးကို ကူညီမယ့်လူ တစ်ယောက်လောက်များ ရှိလာရင် ဝမ်ရိပေါ်က သူ့ရွာလေးကနေ လှမ်းမြင်နေရတဲ့ အမြင့်ဆုံးတောင်ပေါ်ကို ထွက်သွားပစ်မှာပဲ။ အဲ့ဒီမှာ ရှိတဲ့ ဘုန်းတော်ကြီးတွေက ကိုယ်ခံပညာသင်ချင်တဲ့ ကလေးတွေကို တပည့်အဖြစ် လက်ခံပြီး သင်ကြားပေးတယ်လို့ ဒီနယ်တဝိုက်မှာ နာမည်ကြီးတယ်။ တောင်ပေါ်က ဆင်းလာကြတဲ့ ဓားရေးပညာရှင်တွေ တချို့ဟာ ပြိုင်ဘက်ကင်း အကျော်အမော်တွေ ဖြစ်ကြတော့ ဝမ်ရိပေါ်က အလွန်ကိုပဲ အားကျရတယ်။

ကျောမှာပိုးထားတဲ့ ဆေးမြစ် ဆေးခေါက်တွေ သယ်တဲ့ ဝါးပလိုင်းကို ခဏချလို့ သဘာဝအတိုင်း စမ်းရေထွက်နေတဲ့ စမ်းပေါက်လေးမှာ သူရဲ့ ဝါးကျည်တောက် သောက်ရေဘူးလေးကို ရေဖြည့်တယ်။ တောင်စောင်းကနေ လှမ်းမြင်ရတဲ့ မဆုံးနိုင်တဲ့ တောင်တန်းတွေကို ငေးရင်းအမောဖြေတယ်။ ပြီးတော့ စမ်းအိုင်လေး အထက်က ကျောက်တုံးကြီးမှာ ရောင်စုံပိတ်စတွေ ချည်နှောင်လို့ အမှတ်အသားပြုထားတဲ့ ပူဇော်ရာနေရာကို တစ်ချက် အရိုအသေပြုလို့ တောင်စောင့်နတ်မင်းတွေကို တိုင်တည်ဆုတောင်းတယ်။ အဖိုး ကျန်းမာရေးကောင်းဖို့၊ အဖိုးရဲ့ ဆေးပညာကို ဆက်ခံသင်ယူမယ့် တပည့်တစ်ယောက် အမြန်တွေ့ဖို့နဲ့ သူသင်ချင်တဲ့ သိုင်းပညာတွေ သင်ခွင့်ရဖို့။

ကြယ်တွေကြွေရင် မှဲ့ကလေးတစ်ပေါက်အဖြစ် ဝင်စားတတ်သလားWhere stories live. Discover now