#Unicode
ဘုန်း
"အား"
ဘုန်းဆိုတဲ့ အသံကျယ်ကြီးနဲ့အတူ ရေးရဲ့ကမ္ဘာကြီး တစ်ခုလုံးလည်း အမှောင်အတိ ကျသွားခဲ့ရပါတယ်။
ရေး အိပ်ရာကနိုးလာတဲ့အခါ ခေါင်းတွေနောက်နေသလို ခံစားနေခဲ့ရတယ်။ မျက်လုံးကလည်း ကြိုးစား အားယူပြီး ဖွင့်နေပေမယ့် ပွင့်မလာခဲ့ပေ။
"ပါးပါး နိုးပြီရား"
ဟင် ကလေးသံလေး ကြားလိုက်ရသလိုပဲ။ ရေး ဘယ်ရောက်နေတာပါလိမ့်။
"ဖေဖေ့ ပါးပါး ညက်ရုံးတွေ ရုပ်နေတယ်"
ကလေးသံလေးကို ကိုယ့်ဘေးကနေ ဆက်တိုက်ကြားနေရတာမို့ မျက်လုံးကို မနည်းအားယူဖွင့်ကာ ပြူးပြဲကြည့်ရတယ်။
မျက်လုံးနှစ်လုံး သေချာပွင့်သွားသည့်အခါ ရေးရဲ့ ဘေးနားမှာ ရပ်နေသည့် ကလေးလေးနှစ်ယောက်ကို မြင်တွေ့လိုက်ရတယ်။
"ပါးပါး နိုးပြီရား။ ပါးပါး ညက်ရုံးဖွင့်ရို့ ရပြီပေါ့နော်"
ပါးပါးတဲ့။ ဒီကလေးလေးတွေက ကျွန်တော့်ကိုကြည့်ပြီး ပါးပါးလို့ ခေါ်နေတာပါ့လား။
"ရေးငယ် သတိရလာပြီလား"
ဟင် ရေးငယ်တဲ့။ အသံလာရာဆီကို လှည့်ကြည့်လိုက်တော့ ရေးတို့အိမ်ဘေးကို ဟိုတနေ့ကမှ ပြောင်းလာသည့် လူကြီးကို တွေ့လိုက်ရတယ်။ ဒီလူကြီးက ရေးကို ဘာလို့ ရေးငယ်လို့ ခေါ်တာပါလိမ့်။
"ကျွန်တော် ဘယ်ရောက်နေတာလဲဟင်"
"ဆေးရုံရောက်နေတာလေ ရေးငယ်ရဲ့"
"ဟင်"
"ဘာဖြစ်ခဲ့တာလဲ မမှတ်မိဘူးလား"
မေမေက ရေးကို ဆေးသုတ်ခိုင်းလို့ အိမ်ရှေ့နံရံကို ဆေးသုတ်ပေးခဲ့တာပါ။ လှေကားပေါ်မှာ ထိုင်နေရင်းက ရိပ်ခနဲ မူးဝေသွားပြီး နောက်ပြန်ပြုတ်ကျခဲ့တာပင်။ အဲ့ဒီအထိတော့ မှတ်မိလိုက်တယ်။ ကျန်တာတွေတော့ မမှတ်မိတော့ပေ။
ရေးငယ်က အကြာကြီး စဉ်းစားနေပြီးမှ ပြန်ဖြေလာတယ်။
"ပြုတ်ကျတာ"
"ဟင် ဘယ်ကလဲ"
"နံရံဆေးသုတ်ဖို့ ထောင်ထားတဲ့ လှေကားပေါ်က"
"ဟင် . . . သားတို့ ပါးပါးဘေးမှာ ခဏနေဦးနော်။ ဖေဖေ ဆရာဝန်သွားခေါ်လိုက်ဦးမယ်"
"ဟုတ် ဖေရီး"
သားတို့ကို ရေးငယ်အနားမှာ ခဏထားခဲ့ပြီး ဆရာဝန်ကို အမြန်ပြေးခေါ်ရတယ်။ ရေးငယ် ဘာမှ မမှတ်မိတော့ဘူး ထင်ပါရဲ့။
ဆရာဝန်ကို ခေါ်လာပေးတော့ ဆရာဝန်က ရေးငယ်ကို စမ်းသပ်ပေးတယ်။ သားတို့ကတော့ သူတို့ပါးပါးအတွက် စိုးရိမ်မှုအပြည့်နဲ့ အခွန့်လက်ကလေးတွေကို ဆုပ်ကိုင်ထားလို့ပေါ့။
"သား ဘာဖြစ်ခဲ့တယ်ဆိုတာ မှတ်မိလား"
"ဟုတ်ဆရာ ကျွန်တော် ဆေးသုတ်တဲ့ လှေကားပေါ်က ပြုတ်ကျလာတာ"
"အင်း သားနာမည်ကိုရော မှတ်မိရဲ့လား"
"ကျွန်တော့်နာမည် ရေးခြယ်သူပါဆရာ"
"မိဘတွေကိုရော မှတ်မိလားသား"
"ဟုတ် ဦးသူရမောင်နဲ့ ဒေါ်ရေးရေးငယ်ပါ ဆရာ။ ကျွန်တော်တို့ မြနန္ဒအိမ်ရာမှာ နေကြပါတယ်"
"သားအသက်ကရော"
"၂၁ပါ ဆရာ"
"မွေးသက္ကရာဇ်လေး ပြောပြပါ့လားသား"
"၄ရက် ၅လ ၂၀၀၀ခုနှစ်ပါဆရာ"
"ဒါဆို ခုက ဘယ်နှစ်ခုနှစ်လဲ"
"2021ပါဆရာ"
"အင်း ဒီလူတွေကိုရော သိလား"
"ဟင်အင့် မသိဘူးဆရာ။ ဒါပေမဲ့ ဒီဘက်က အစ်ကိုကတော့ ဟိုတနေ့ကမှ ကျွန်တော်တို့ အိမ်နားကို ပြောင်းလာတဲ့သူဆိုတာတော့ သိတယ်"
"အင်း ဒီကလေးတွေကိုရော သိလား"
"ဟင့်အင် မသိပါဘူးဆရာ"
ရေးငယ်က ကိုယ်တို့သားအဖတွေကို မမှတ်မိတော့ဘူးပဲ။
"ဖေဖေ ပါးပါးက တားတို့ကို မမှတ်မိတော့ဝူးတဲ့ အီးးးဟီးးးဟီးးး"
"မငိုရဘူးလေ သားသားတို့ရ။ ပါးပါးက ခဏလေးမေ့သွားတာပါ။ ပြီးရင် ပြန်သတိရလာမှာမို့ မငိုရဘူးနော်"
"ဟုတ် ဖေဖေ"
သူတို့ပါးပါးက သူတို့ကို မမှတ်မိတော့ဘူးလို့ပြောတော့ ကလေးတွေက ဝမ်းနည်းပြီး ငိုကြပါတော့တယ်။ ငိုနေတဲ့ကလေးတွေကို အငိုတိတ်ဖို့ ချော့ရင်း ကိုယ်တိုင်လည်း ဝမ်းနည်းလာရတယ်။
"လူနာရှင်က ဆရာနဲ့ ဆွေးနွေးခန်းထဲကို ခဏလိုက်ခဲ့ပေးနော်"
"ဟုတ်ဆရာ"
သားကို သူတို့ပါးပါးအနားမှာ ထားခဲ့ပြီး ဆရာခေါ်ရာနောက်ကို အခွန် လိုက်လာခဲ့လိုက်တယ်။
"လူနာက အသက် ၂၁အထိကိုပဲ မှတ်မိတော့ပုံပါပဲ။ အသက်၂၁လို့ပဲ သူ့ကိုယ်သူထင်နေတာဆိုတော့ အသက်၂၁ကို ပြန်ရောက်သွားတယ်ပေါ့ဗျာ။ ဆိုတော့ ၂၁ကနေ ၂၅အထိ ကြားထဲက အရာတွေကို မေ့သွားပါတယ်။ လက်ရှိ ၂၀၂၅ကို ရောက်နေတာကို မသိဘဲ။ သူ့ကိုယ်သူ ၂၀၂၁မှာလို့ ထင်နေပုံပါပဲ"
"ဒါဆို ကျွန်တော်နဲ့ အိမ်ထောင်စကျတဲ့ နေ့ကစပြီး အကုန်မေ့သွားတာပေါ့ဆရာ"
"အဲ့လိုပါပဲ။ ခင်ဗျားကို တနေ့ကမှ တွေ့ဖူးတဲ့သူလို့ ထင်နေတယ်။ ခင်ဗျားနဲ့ စပြီး ဆုံခဲ့တုန်းက အချိန်ကို ပြန်ရောက်သွားတယ်လို့ ပြောရမှာပေါ့"
"ခင်ဗျာ"
ရေးက ၂၀၂၁ကနေ လက်ရှိရောက်နေတဲ့ ၂၀၂၅အထိ ကြားထဲက အကြောင်းအရာတွေကို တစ်ခုမှ မမှတ်မိတော့ဘဲ ၂၁နှစ်အထိပဲ မှတ်မိတော့တယ်တဲ့။ အသက် ၂၁နှစ်လို့ပဲ သူ့ကိုယ်သူ ထင်နေရှာတာပေါ့။ လေးနှစ်ကျော် ငါးနှစ်နီးပါး ကျွန်တော်တို့ သားအဖတွေနဲ့ အတူတူရှိခဲ့တဲ့ အချိန်တွေအားလုံးကို မေ့ပျောက်သွားခဲ့တာပေါ့။ ကျွန်တော့်ကို မမှတ်မိတာတောင် ဒီလောက်ခံစားနေရရင် သားသားတို့က ပိုပြီး ဝမ်းနည်းရှာမှာပေါ့။ ပါးပါးကို ခင်တွယ်လွန်းတဲ့သားတွေက သူတို့ပါးပါးက သူတို့ကို မမှတ်မိဘူးဆိုတော့ ငိုနေရှာကြတယ်။ ရှေ့ဆက် ဘယ်လိုတွေ ဖြစ်လာပါဦးမလဲ။ သားတို့အတွက် ကျွန်တော် စိတ်မကောင်းလိုက်တာ။
"ပါးပါး ဒုန ချာဝန်နောက်က ရိုက်တွားတာ ဘယ်တူရဲ တိရား"
"အိမ်ဘေးကို ပြောင်းလာတဲ့ အစ်ကိုကြီးလေ"
"မဟုတ်ဘူးရေ အဲ့တာ တားတို့ဖေဖေ ပါးပါးယောင်္ကျားရေ။ ပါးပါးခေါ်နေကြ တိုတိုရေ"
"တိုတို"
ကလေးလေး မပီကလာ ပီကလာပြောပြနေတဲ့ တိုတိုဆိုတာ ရေးက ခေါ်တဲ့ ကိုကိုတဲ့လား။
"ဟုတ် ပါးပါးခေါ်တာ တိုတိုရေ။ ဖေဖေ့နာမည်က ခွန်ဦးဝေရေ"
"ခွန်ဦးဝေ"
"ဟုတ်"
"မသိဘူး"
"တားတို့နာမည်ကိုရော တိရား"
"ဟင့်အင်"
"တားနာမည်က ချူတူး တူ့နာမည်က ရှူတူး"
"အင်း"
"ပါးပါး တားတားတို့ကို ရုံးဝ ရုံးဝ မမှတ်မိတာရား"
ရေးက ခေါင်ငြိမ့်ပြလိုက်တော့ ကလေးတွေက အော်ကာ ငိုကြပါတော့တယ်။
ကလေးတွေငိုတော့ ရေးလည်း စိတ်ညစ်လွန်းလို့ အော်ငိုမိပါတော့တယ်။
"အီးးးဟီးးးးးးမေမေရေ။ ရေးကိုလာကြည့်ပါဦး မေမေရဲ့။ ရေးက ဘယ်လိုဖြစ်လို့ နေ့ချင်းညချင်းကြီး ကလေးအဖေ ဖြစ်သွားရတာလဲဗျာ။ ကလေးရတာကလည်း မိန်းမယူလို့ ရတာမဟုတ်ဘဲ ယောင်္ကျားနဲ့ရထားတာတဲ့။ မနေ့ကထိ လူပျိုနုနုထွတ်ထွတ် ရည်းစားတောင် မထားဖူးခဲ့တဲ့သားက ခု ယောင်္ကျားနဲ့ကလေးနဲ့တဲ့။ သားကို ကယ်ပါဦးမေမေရယ်။ ဆေးသုတ်တဲ့ လှေကားပေါ်က ပြုတ်ကျတဲ့သားက ဘယ်လိုဖြစ်လို့ နေ့ချင်းညချင်း လင်နဲ့သားနဲ့ ဖြစ်သွားရတာလဲ အီးးးဟီးးးးဟီးးးး"
ဆရာဝန်နဲ့ဆွေးနွေးပြီး ပြန်လာတော့ အခန်းထဲမှာ ရေးငယ်နဲ့သားသားတို့ အပြိုင် အော်ငိုနေတာကို တွေ့လိုက်ရတယ်။
"သားသား ရေးငယ် ဘာဖြစ်လို့လဲ"
"မေမေ့ကို ခေါ်ပေးပါ။ ဖေဖေနဲ့မေမေ့ကို ခေါ်ပေးပါ"
"ဖေဖေနဲ့မေမေက ရွာကိုပြန်ပြီး ရက်ရှည်တရားစခန်း ဝင်နေကြတယ် ရေးငယ်။ ရေးငယ်လည်း သိပ်ပြီးစိုးရိမ်စရာ မရှိတာနဲ့ ဖေဖေတို့မေမေတို့ကို ဆက်သွယ်မထားမိဘူး"
"အီးးးဟီးးးးဟီးးးး ကျွန်တော် မနေ့တနေ့ကအထိ လူပျိုနုနုထွတ်ထွတ်လေးပါ။ ခုဘယ်လိုဖြစ်ပြီး လင်ရပြီး ကလေးတွေပါ ရနေရတာလဲ"
"ရေးငယ် ဘာမှ မမှတ်မိရင် အရမ်းမတွေးနဲ့နော်။ စိတ်ရှုတ်နေမယ်။ ခဏလေးအိပ်လိုက်နော်။ သားသားတို့ကလည်း မငိုနဲ့တော့နော်။ ပါးပါး စိတ်ညစ်နေမှာပေါ့။ မငိုနဲ့တော့ တိတ် တိတ်"
သားအမွှာကလည်း ပါးပါးကိုကြည့်ပြီးငို ပါးပါးကလည်း အမေတငိုနဲ့ အခွန်လည်း တော်တော်လေး စိတ်ညစ်လာရတယ်။ မနေ့ကအထိ ပျော်ရွှင်နေခဲ့ကြတာကို ဒီနေ့တော့ ရေးငယ်က အတိတ်မေ့သွားတယ်တဲ့။ အရမ်းလန့်ပြီး ခဏတာမေ့သွားတာမို့ တဖြည်းဖြည်းနဲ့တော့ ပြန်သတိရလာပါလိမ့်မယ်လို့ ဆရာဝန်ကတော့ ပြောပါတယ်။
ရေးငယ်က ကုတင်လေးပေါ်မှာ ဘေးတစောင်းလေးလှဲကာ တရှုံ့ရှုံ့ ငိုနေတာမို့ ရေးငယ်ကိုကြည့်ပြီး ကိုယ်လည်း စိတ်မကောင်းဖြစ်ရတယ်။ သားတွေကလည်း သူတို့ပါးပါးငိုနေတာကို ကြည့်ပြီး တရှုံ့ရှုံ့နဲ့ရယ်ပါ။
မေမေရေ အမြန်ပြန်လာပါတော့။ ရေးဘာတွေဖြစ်နေလဲဆိုတာ မေမေတို့ ပြောပြမှ ဖြစ်ပါတော့မယ်။ ဒီအခြေအနေကြီးကို ရေး ယုံရခက်နေတယ်မေမေ။
ဆေးရုံ လေးရက်တက်ပြီးတဲ့အခါ အိမ်ဆိုတဲ့ နေရာကို ပြန်လာခဲ့ရပါတယ်။ အိမ်ကလည်း ရေးတို့အရင်နေကြ အိမ်လေးပါ။ ခက်တာက ရေး အခုနေတဲ့အိမ်က ဖေဖေနဲ့မေမေတို့အိမ်ဘေးက ခွန်ဦးဝေဆိုတဲ့ လူကြီးရဲ့ အိမ်မှာပါ။
"ရေးငယ် အိမ်ထဲဝင်လေ"
"ကျွန်တော် မေမေတို့အိမ်မှာ နေလို့ရမလားဟင်"
"အင်း ရေးငယ် သဘောလေ။ နေချင်ရင်နေပါ။ ဖေဖေတို့ မေမေတို့တော့ မရှိဘူး။ ကြီးငွေနဲ့ ဘလေးပဲ ရှိတယ်"
"ဟုတ်"
ဟိုဘက်အိမ်ကို သွားဖို့ ခြံရှေ့ကို ပြန်ထွက်ဖို့ ပြင်တော့ ကလေးတွေက ရေးငယ်လက်ကလေးကို လှမ်းဆွဲလာတယ်။
"ပါးပါး ဘယ်တွားမရို့ရဲ"
"ဟိုဘက်အိမ်ကို သွားမလို့လေ"
"ဒီထဲကပဲ တွားရို့ ရာတယ်ရေ။ ဟိုမှာ အပေါက်ချိတယ်"
ကလေးတွေ လက်ညှိုးညွှန်ပြရာ နေရာကို ကြည့်လိုက်တော့ နှစ်အိမ်ကြားက အုတ်တံတိုင်းမှာ တံခါးပေါက်လေးရှိတယ်။ ဪ တံခါးတောင် ဖောက်ထားခဲ့တာပဲ။
"ပါးပါး ရာ။ ဖွားကြီးတို့အိမ်ကို တွားမယ်"
ကလေးနှစ်ယောက်က ရေးလက်ကိုလာဆွဲပြီး မေမေတို့အိမ်ကို အုတ်တံတိုင်း တံခါးပေါက်ကနေ ကူးခဲ့ကြတယ်။
မေမေတို့ ခြံထဲကို ရောက်သွားတဲ့အခါ အရင်တုန်းကနဲ့ အတူတူပါပဲ။ ဒါပေမဲ့ ပန်းပင်တွေတော့ အရင်တုန်းကထက် ပိုများလာတယ်။ ရေးမမြင်ဖူးခဲ့တဲ့ ပန်းပင်လေးတွေပါ ရှိနေတယ်။ တစ်ရက်ဆိုတဲ့ အချိန်က ဒီလောက်တော့ ပြောင်းလဲသွားမည်မထင်ပေ။ ရေး တကယ်ပဲ အတိတ်မေ့သွားခဲ့တာလား။
ရေးခုရောက်နေတာ ၂၀၂၅တဲ့။ ၂၀၂၁မှာ လှေကားပေါ်က ပြုတ်ကျခဲ့တဲ့ရေးက ၂၀၂၅ကို ချက်ချင်းတော့ ရောက်မလာနိုင်ပေ။ ဆရာဝန်ပြောသလိုပဲ ၂၀၂၁ကနေ ၂၀၂၅အထိ ကြားထဲမှာ ဖြစ်ပျက်ခဲ့သမျှ အရာတွေအားလုံးကို ရေးက အကုန် မေ့ပျောက်သွားခဲ့တာပေါ့။ ဘာလို့ ဒီကြားထဲက ဖြစ်ပျက်သမျှ အရာတွေအားလုံး နည်းနည်းလေးတောင် မမှတ်မိရတာလဲ။
ရေး မှတ်မိသည်က ရေးအမျိုးသားဆိုတဲ့ ခွန်ဦးဝေဆိုတဲ့လူကြီးက ရေးတို့ အိမ်ဘေးကို တနေ့ကမှ ပြောင်းလာတယ်ဆိုတာအထိပဲ မှတ်မိတယ်။ အဲ့လူကြီး ပြောင်းလာပြီးတော့ ရေးတို့ ဘယ်လိုကနေ ဘယ်လို ချစ်ခဲ့ကြ အိမ်ထောင်ပြုခဲ့ကြတာလည်း လုံးဝ မမှတ်မိတော့ပေ။
ပြီးတော့ ကလေးတွေကလည်း ဘယ်ကနေဘယ်လို ရလာလဲလည်း မသိပေ။ ဒီကလေးအမွှာက မွေးစားထားတာလား။ ဒါမှမဟုတ် ရေးများမွေးထားလေသလား။ ဒါမှမဟုတ် ဟိုလူကြီးက မွေးထားတာလား။ ဒါမှမဟုတ်ခဲ့ရင် ဟိုလူကြီးများ တခြားမိန်းမနဲ့ ဖောက်ပြန်ပြီး ရထားတာကို ရေးက သဘောထားကြီးစွာ လက်ခံပေးခဲ့တာလား။ ဘာတွေလဲ ခေါင်းတွေရှုပ်လိုက်တာ။
"ပါးပါး ရာရေ။ အိမ်ထဲ ဝင်ရအောင်"
"အင်း"
ခြံဝန်းကြီးထဲမှာ ရပ်ပြီး အတွေးကောင်းနေတဲ့ ရေးကို ကလေးတွေက သတိပေးကာ အိမ်ထဲကို ဆွဲခေါ်လာပေးကြတယ်။
အိမ်ထဲကိုရောက်တော့ ကြီးငွေနဲ့ဘလေးက ရေးကို ဝမ်းသာအားရ ပြေးဖက်တယ်။
"သားရယ် မသေကောင်း မပျောက်ကောင်း။
တော်သေးတာပေါ့ ဘာမှမဖြစ်လို့။ ကြီးငွေတို့က စိတ်ပူနေတာ"
ကြီးငွေနဲ့ ဘလေးက အရင်အတိုင်းပါပဲ။ ဒါပေမဲ့ နည်းနည်းလေးတော့ အိုစာသွားကြတယ်။ ရေးတို့အိမ်ကြီးကလည်း အရင်အတိုင်းပဲ။ တစ်စက်ကလေးမှ မပြောင်းလဲခဲ့ပေ။ ပြောင်းလဲသွားတာ တစ်ခုက မေမေတို့ ဧည့်ခန်းထဲမှာ အမွှာကလေးနှစ်ယောက်ရဲ့ ပုံတွေက နေရာအပြည့် ယူထားတယ်။
အိမ်ပေါ်ထပ်ကို တက်ကြည့်တော့ ရေးအခန်းလေးထဲမှာ ကလေးပစ္စည်းတွေနဲ့ ပြည့်နေခဲ့တယ်။ ရေးအခန်းက ဘာလို့ ကလေးပစ္စည်းတွေနဲ့ ပြည့်နေရတာပါလိမ့်။
ကြီးငွေကို အော်ခေါ်ဖို့ ပြင်လိုက်တော့ ခွန်ဦးဝေဆိုတဲ့ လူကြီးက ရေးအခန်းထဲကို ဝင်လာတယ်။
"ခင်ဗျား ကျွန်တော့်အခန်းထဲကို ဘာလာလုပ်တာလဲ"
"သားတို့အခန်းကို လာနေကြမို့ ဒီတိုင်းပဲ ဝင်လာလိုက်မိတာပါ ရေးငယ်"
"ဟင်"
"ရေးငယ် ဘာမှ မမှတ်မိရင်တောင် သားသားတို့ကို စိမ်းစိမ်းကားကား မဆက်ဆံပါနဲ့နော်။ ကိုယ့်ကို ရေးငယ် ဘယ်လိုပဲ ဆက်ဆံဆက်ဆံ ကိစ္စမရှိပေမယ့် သားသားတို့က ကလေးတွေဆိုတော့ စိတ်မကောင်းဖြစ်သွားမှာ ဆိုးတယ်"
"ကျွန်တော် ခင်ဗျားကို မေးစရာတွေရှိတယ်"
"မေးလေ ရေးငယ်ရဲ့။ ဘာမေးချင်လို့လဲ"
"အဲ့ကလေးတွေက ကျွန်တော်နဲ့ခင်ဗျားရဲ့ ကလေးတွေလား"
"အင်းပေါ့ ရေးငယ်ရဲ့"
"ဟို မွေးစားထားတာ မဟုတ်ဘူးလား"
"အာ ပေါက်ပေါက်ရှာရှာ ရေးငယ်ရယ် မွေးစားထားတာ မဟုတ်ရပါဘူး။ ကိုယ်တို့နှစ်ယောက်ရဲ့ သွေးသားပါ"
"ဟို အဲ့တာဆို ကျွန်တော် ဗိုက်ကြီးပြီး မွေးထားတာတော့ မဟုတ်ဘူးမို့လား"
"ဟားးဟားးး ရေးငယ်ရယ် ဘယ်လိုတွေတောင် တွေးလိုက်တာလဲကွာ။ ရေးငယ်က ယောင်္ကျားလေးလေ ဘယ်လို ဗိုက်ကြီးလို့ရမလဲ။ ရေးငယ်ဗိုက်ကြီးပြီး ရတာလဲမဟုတ်သလို ကိုကိုဗိုက်ကြီးပြီး ရထားတာလဲမဟုတ်ဘူးနော်။ ရေးငယ်က ပေါက်ပေါက်ရှာရှာတွေ တွေးချလိုက်တာပဲ"
ဟက်ဟက်ပက်ပက် ရယ်မောနေတဲ့ ရေးရဲ့အရှေ့က လူကြီးက သူ့ကိုယ်သူ 'ကိုကို' လို့ နာမ်စား သုံးလိုက်တာပဲ။ ကလေးတွေကလည်း ပြောတယ် ပါးပါးရဲ့ကိုကို ခွန်ဦးဝေလေတဲ့။
"အဲ့ဒါဆို အဲ့ဒါလေးတွေက ဘယ်ကရောက်လာတာလဲ"
"အငှားကိုယ်ဝန်ဆောင်နဲ့ မွေးထားတာပေါ့ကွ။ ရေးငယ်နဲ့ ကိုယ့်ရဲ့ ကလေးလေးတွေကို အငှားကိုယ်ဝန်ဆောင်နဲ့ မွေးထားတာ"
"ဪ . . . ဟုတ်သားပဲ။ ဒါကို ကျွန်တော် မေ့သွားတယ်"
"အင်း မေ့နေတယ်ဆိုလည်း အပင်ပန်းခံပြီး ဘာမှ မစဉ်းစားနဲ့တော့။ ကိုကိုက ရေးငယ်ကို ထမင်းစားဖို့ လာခေါ်တာ"
ထမင်းစာဖို့ ပြင်ကြတော့ ကလေးလေးတွေက ရေးအနားမှာ လာထိုင်ကြတယ်။
"ပါးပါး တားတို့ကို အရင်လိုပဲ ထမင်းထွံ့ကျွေးနော်"
"အရင်က ငါကမင်းတို့ကို ထမင်းခွံကျွေးနေကြလား"
ရေးငယ်ရဲ့နှုတ်က 'ငါက မင်းတို့ကို'လို့ သုံးလိုက်တော့ ကလေးတွေက ချက်ချင်းဆိုသလို မျက်ရည်လေးတွေ ဝိုင်းလာပါတော့တယ်။
"ဖေဖေ အီးဟီးးး"
နှစ်ယောက်သားက ဖေဖေလို့ပြိုင်တူခေါ်ကာ အခွန့် ရင်ခွင်ထဲကို ပြေးဝင်လာကြတယ်။
"မငိုနဲ့ မငိုနဲ့ ဖေဖေ့သားသားတွေက လိမ္မာတယ်နော်။ ပါးပါးက အတိတ်မေ့နေတာဆိုတော့ သားသားတို့ကို နည်းနည်းလေး စိမ်းနေလို့ပါ။ နေမကောင်းတဲ့ ပါးပါးကို သားသားတို့ကပဲ နားလည်ပေးလိုက်နော်။ လိမ္မာတယ်"
ကလေးတွေကို ချော့နေတဲ့ ဟိုလူကြီးက ရေးကို လှမ်းကြည့်လာတယ်။ ရေး ဘာမှားသွားလို့လဲ။
"ကြီးငွေ သားသားတို့ကို ထမင်းခွံ့ကျွေးပေးပါဦးနော်"
"အေးအေး သားခွန်။ ကြီးငွေ ကျွေးလိုက်ပါ့မယ်"
ကြီးငွေက ကလေးတွေကို ခေါ်သွားတော့ ထမင်းစားခန်းထဲမှာ ရေးနဲ့ခွန်ဦးဝေ နှစ်ယောက်သာ ကျန်ခဲ့တယ်။
"ရေးငယ်"
"ဗျာ"
"သားသားတို့ကို စိမ်းစိမ်းကားကား မဆက်ဆံပါနဲ့ကွာ နော်။ ကလေးတွေက နုနုနယ်နယ်လေးတွေမို့ တခုခုဆို စိတ်အရမ်းထိခိုက်လွယ်လို့ပါ"
"ကျွန်တော် အခု ဘာမှားသွားလို့လဲဟင်"
"အရင်က ရေးငယ်က သားတို့ကို ငါက မင်းတို့ကိုလို့ ဘယ်တော့မှ မသုံးခဲ့ဘူး။ ကိုယ့်ကိုယ်ကို ပါးပါးလို့ သုံးပြီး သားသားတို့ကို သားသားလို့သုံးတယ်။ ပါးပါးက သားသားတို့ကိုဆိုပြီး အမြဲပြောနေကြ"
"ကျွန်တော်လေ နေ့ချင်းညချင်း အိမ်မှာ ကလေးလို နေ့ခဲ့ရာက ချက်ချင်းဆိုသလို ကလေးအဖေဖြစ်ပြီး အိမ်ထောင်သည်ဘဝရောက်နေသလို ခံစားရတယ်။ ဒါတွေအားလုံးက ကျွန်တော့်အတွက် အစိမ်းသက်သက်ကြီး ဖြစ်နေပြီး အရာအားလုံးကို လက်ခံဖို့ ခက်ခဲနေခဲ့တယ်။ ကိုယ့်ကိုယ်ကို ဘယ်လိုမှ လက်ခံပေးလို့မရဘူးဖြစ်နေတယ်"
"အင်း ကိုယ်နားလည်ပါတယ်။ ဒီကြားထဲက အရာတွေအားလုံးကို မေ့သွားတာဆိုတော့ ရေးငယ်အတွက် အိမ်ထောင်သည်ဘဝနဲ့ ကလေးအဖေဘဝက ခက်ခဲနေမယ်ဆိုတာ ကိုယ်သိပါတယ်။ ဒါပေမဲ့ သားတို့အပေါ်ကို ကြိုးစားပြီး နွေးထွေးပေးပါလို့ တောင်းဆိုပါရစေ"
"ဟုတ်"
"ခင်ဗျားကိုရော ကျွန်တော် ဘယ်လို ခေါ်သင့်လဲ"
"ကိုယ့်ကိုတော့ ရေးငယ်ကြိုက်သလိုခေါ်ပါ ရပါတယ်"
"အဲ့ဒါဆို ဦးဝေလို့ ခေါ်မယ်နော်။ ကိုကိုလို့ ခေါ်ဖို့ကြ ကျွန်တော့်အတွက် တစ်မျိုးဖြစ်နေလို့ပါ။ တနေ့ကမှ ကျွန်တော်တို့ အိမ်ဘေးကို အိမ်ပြောင်းလာတယ်လို့ပဲ မှတ်မိတဲ့သူက ကျွန်တော့်အမျိုးသား ဖြစ်နေတယ်ဆိုတာ သိရတော့ ကျွန်တော် တော်တော်လေး အံ့ဩနေရတယ်။ ကိုကိုလို့ အရင်က ခေါ်နေကြလို့ ပြောပေမယ့် ကျွန်တော့်အတွက်တော့ ခုမှ စ' ခေါ်ရသလို ဖြစ်နေတာမို့ ခေါ်ဖို့မရဲလို့ နားလည်ပေးပါနော်"
"ကိုယ်နားလည်ပါတယ် ရေးငယ်။ ရေးငယ် အဆင်ပြေသလို ခေါ်ပါ"
"ဟုတ်"
အရာအားလုံးက အစိမ်းသက်သက်ဖြစ်နေတာမို့ လေးနှစ်ကျော်ဆိုတဲ့ကာလမှာ ကိုယ်ဘာတွေ ဖြစ်ခဲ့လဲဆိုတာကို အပြေးအလွှား စဉ်းစားနေမိခဲ့တယ်။ ဒါပေမဲ့ ဘယ်လိုပဲ စဉ်းစားစဉ်းစား စဉ်းစားလို့မရခဲ့ပေ။ အဖြေရှာနေပေမယ့် အဖြေကထွက်မလာ။ နောက်ဆုံးတော့ ဖြစ်သမျှအကြောင်း အကောင်းလို့သာစဉ်းစားပြီး အရာရာကိုရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ လက်ရှိဘဝကို လက်မခံချင်လည်း လက်ခံရတော့မှာပေါ့။ မေမေတို့ ပြန်လာလျှင်တော့ အကုန်မေးရပေဦးမည်။
"ရေးငယ် အိပ်ရအောင်လေ"
"ဟင်"
"လာလေ အိပ်ရအောင်။ ကိုယ်တို့နှစ်ယောက် အိပ်ခန်းက ဟိုဘက်အိမ်မှာပဲ ရှိတာ"
"ခင်ဗျာ။ ကျွန်တော့်အခန်းမှာ အိပ်လို့မရဘူးလား"
"ရေးငယ်အခန်းက သားသားတို့အခန်းလေ"
"ဒါဆို ကျွန်တော်က ဘယ်မှာ အိပ်ရမှာလဲ"
"ကိုယ်တို့ အခန်းထဲမှာ အိပ်ရမှာပေါ့"
"ခင်ဗျားနဲ့ အတူတူလား"
"အင်းပေါ့ ကိုယ်နဲ့ အတူတူပေါ့"
"ဟင်"
မေမေရေ ရေးကို ကယ်ပါ။ ဘယ်တုန်းက ယူထားမှန်းမသိတဲ့ ယောင်္ကျားနဲ့ ရေးက အတူတူအိပ်ရတော့မှာတဲ့။ ရေးမအိပ်ချင်ဘူးမေမေ။ အိပ်လည်း မအိပ်ရဲဘူး။ ဖေဖေကယ်ပါ မေမေကယ်ပါ ရှိသမျှဘုရား အကုန်ကယ်ပါ။ ဘာသာပေါင်းစုံ ကိုးကွယ်တာမို့ အကုန်လာကယ်ပေးပါ။
"ဖေဖေ"
"ဗျာဗျာ့"
"တားတားတို့ရဲ ဒုည ပါးပါးနဲ့ အတူတူ အိပ်ရှင်ရယ်"
"သားတို့ ပါးပါကိုပြောလေ"
"ပါးပါး တားတို့ တူတူအိပ်မယ်နော်"
ကလေးတွေက ရေးကို ပြောလာတာမို့ ရေးလည်း ဘာပြန်ပြောရမှန်း မသိပေ။
"ဖွားရီးတို့ မချိဝူးလေ။ ဖွားနွေပဲချိတာ။ ပါးပါးနဲ့ရာအိပ်မယ်နော်။ ဖွားရီးတို့ ကျန်ရာမှ ဟိုဘက်အိမ်မှာ ကျန်အိပ်မယ်။ ဖွားရီးတို့ မကျန်တေးခင် ဒီဘက်မှာ ခဏနေမယ်နော်"
"အင်းပါ မင်း . . အဲ . . သားသားတို့ သဘော။ ငါ. . အာ . . ပါးပါးနဲ့ လာအိပ်ချင်တယ်ဆိုလည်း လာအိပ်နော်"
"ရေးးးးး အဲ့ကြောင့် ပါးပါးတို ချစ်ရသာ"
ကလေးတွေက ရေးကို ဖက်ပြီး ပျော်နေကြသည်မို့ ရေးလည်း စိတ်ကြည်နူးရတယ်။ သွေးက စကားပြောတယ် ထင်ပါရဲ့။ ရေးကို ဒီကလေးလေးတွေက ဖက်လိုက်တိုင်း ခံစားချက်က သိမ့်ခနဲပဲ။ ပျော်ရွှင်ကြည်နူးရတယ်။
ရေးတို့နှစ်ယောက်ရဲ့ အိပ်ခန်းဆိုတဲ့အခန်းထဲကို သားသားတို့ လက်ကိုဆွဲပြီး ဝင်လိုက်တော့ အခန်းအကျယ်ကြီးက ရေးကို နွေးထွေးစွာ ကြိုဆိုနေခဲ့တယ်။ ရေး တစ်ခါမှ မရောက်ခဲ့ဖူးတဲ့ ဒီအခန်းထဲမှာ တစ်ခါလေးပဲတွေ့ဖူးပြီး ရင်းတောင် မရင်းနှီးခဲ့ဖူးတဲ့သူနဲ့ အတူတူ အိပ်ရတော့မယ်တဲ့လေ။ ရေးတစ်ယောက်တည်းသာဆို ရင်ခုန်စိတ်လှုပ်ရှားနေနိုင်သလို ကြောက်လည်း ကြောက်ရွံ့နေနိုင်တယ်။ ကလေးတွေ အနားမှာ ရှိနေလို့သာ တော်ပါသေးတယ်။
ကလေးတွေက အိပ်ရာပေါ်ကို ပြေးတက်သွားတဲ့အခါ ရေးတို့နှစ်ယောက်က ကလေးတွေရဲ့ ဘေးတစ်ဖက် တစ်ချက်မှာ နေရာယူလိုက်တယ်။ ရေးရင်ခွင်ထဲကို ဝင်လာတဲ့ ရှူတူးလေးကိုဖက်ပြီး အိပ်ပျော်အောင် ကြိုးစားလိုက်တယ်။ ဒီဘဝက ကိုယ့်ပိုင်ဆိုင်ထားတဲ့ ဘဝဆိုတာ သေချာနေတဲ့အတွက် နေသားတကျ နေနိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။ အရာရာ အသစ်တွေ ဖြစ်နေပေမဲ့လိုပေါ့။
YOU ARE READING
OMG . . . My Future Husband is Him !!!
Romanceဘဝထဲကို ရုတ်တရက်ဆိုသလို ယောင်္ကျားတစ်ယောက်နဲ့ ကလေးလေးနှစ်ယောက် ရောက်လာခဲ့ကြတယ်။