#Unicode
မြသွေးပြန်သွားကတည်းက ရေးငယ်နဲ့မျက်နှာချင်းမဆိုင်ဖြစ်ခဲ့ပေ။ မေမေတို့အိမ်မှာ ညနေစာသွားစားပြီး အိပ်ရာဝင်ခဲ့ကြတယ်။ သားနှစ်ယောက်ကတော့ ရေးငယ်နေပြန်ကောင်းလာကတည်းက ခုချိန်ထိ အခွန်တို့နှစ်ယောက်နဲ့ပဲ လာအိပ်ပါတယ်။ ဖွားကြီးတို့အိမ်ကို ပြန်အိပ်ဖို့ ဘယ်လောက်ပဲပြောပြော ပြောလို့မရခဲ့ပေ။
ညရောက်တော့ သားနှစ်ယောက်ဘေးမှာ လှုပ်စိ လှုပ်စိ လုပ်နေသည့်ရေးငယ်ကြောင့် အခွန်အိပ်လို့မရတော့သည်မို့ အိပ်နေရာက ထထိုင်လိုက်တယ်။
"ရေးငယ် မအိပ်သေးဘူးလား"
"ဟုတ် ဦးဝေ"
"ဘာလို့လဲ"
"ဗိုက်အောင့်နေလို့"
"ဟင် ဘယ်လိုဖြစ်တာလဲ"
"မသိဘူး အိပ်လို့လည်းမရဘူး"
"လာ ဧည့်ခန်းထဲသွားရအောင်"
"ဟုတ်"
ရေးငယ်ကို ဧည့်ခန်းထဲကိုခေါ်လာပြီး ရေခဲသေတ္တာထဲက ဒိန်ချဉ်ဘူးလေး ထုတ်ပေးလိုက်တယ်။
"ဒိန်ချဉ်လေးသောက်လိုက် ရေးငယ်"
"ဟုတ်"
ရေနွေးအိုးလေးခဏတည်ပြီး အရမ်းလည်းမဆူ အရမ်းလည်မပူတဲ့ အနေအထားမှာချကာ ရေနွေးအိတ်လေးထဲကို လောင်းထည့်လိုက်တယ်။ ရေနွေးအိတ်ကို လက်နဲ့ကိုင်ကြည့်ပြီး အပူအနွေး ချိန်ဆကြည့်လိုက်တယ်။ မပူလွန်းတဲ့ အနေအထားမို့ အဆင်ပြေပါတယ်။
"ဆိုဖာပေါ်မှာ လှဲလိုက်ရေးငယ်"
အခွန်ကလှဲခိုင်းတော့ ရေးငယ်က အခွန့်စကားကို နာခံစွာဖြင့် ဆိုဖာပေါ်မှာလှဲပေးရှာတယ်။ ရေးငယ်ရဲ့ဗိုက်ပေါ်ကို ရေနွေးအိတ်တင်ပေးဖို့လုပ်တော့ ရေးငယ်က အခွန့်လက်ကို ဖမ်းဆွဲလာတယ်။
"ဘာလုပ်မလို့လဲ ဦးဝေ"
"ရေနွေးအိတ် ကပ်ပေးမလို့လေ"
"ကျွန်တော့်ဘာသာကျွန်တော်ပဲ လုပ်လိုက်ပါ့မယ်"
"ကိုယ်လုပ်ပေးနေကြပါ ရေးငယ်ရဲ့"
"ဟင်"
ဦးဝေက လုပ်ပေးမယ်ပြောလာတော့ အားနာမိသွားသလို သူများလုပ်ပေးတာကိုလည်း မခံချင်တာကြောင့် တားလိုက်မိပေမဲ့ ဦးဝေရဲ့စကားက ရေးကို အံ့အားသင့်စေခဲ့တယ်။
"ရေးငယ် လမ်းထိပ်က အသုတ်တွေ စားလာတယ်မို့လား"
"အင်း။ ဦးဝေ ဘယ်လိုသိလဲ"
"ညနေက ရှူတူးလေးပြောတယ်လေ။ လမ်းလျှောက်ထွက်တယ်လို့။ ညကြတော့ ရေးငယ် ဗိုက်အောင့်တယ်လေ။ ကိုယ်သိတာပေါ့"
"ကျွန်တော် ဒီလိုဖြစ်နေကြလား"
"အင်း လမ်းထိပ်က အသုတ်စားပြီးတိုင်း ဖြစ်နေကြ။ ရေးငယ်တစ်ယောက်တည်း ဖြစ်တာတော့ မဟုတ်ဘူး။ သားသားတို့လည်း ဗိုက်နာတတ်ကြတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ သားသားတို့က ဝက်သားတုတ်ထိုးပဲ စားလာကြတယ် မဟုတ်လား"
"ဟုတ်။ သူတို့ ဝက်သားတုတ်ထိုးပဲ စားမှာဆိုပြီး ဝက်သားတုတ်ထိုးပဲ စားကြတာ"
"ကလေးတွေက ကိုကိုတစ်ခါပြောရင် မှတ်ထားပြီး နားထောင်ကြတယ်။ ကိုကိုက သူတို့ကို အသုတ်မစားရဘူးလို့ပြောထားလို့ မစားကြတာ။ ရေးငယ်ကတော့ ကိုကို့စကားနားမထောင်ဘဲ စားလာခဲ့တယ် မဟုတ်လား"
"ကျွန်တော်မှ မမှတ်မိတာ"
"Sorry ရေးငယ်။ ရေးငယ်မေ့နေတာကို ကိုကိုမေ့သွားတယ်"
ဦးဝေနှုတ်က သူ့ကိုယ်သူ ကိုကိုလို့ သုံးနှုန်းလိုက်တာလား။ အရင်ကတည်းက ကိုကိုလို့ သုံးနှုန်းနေကြထင်ပါရဲ့။ ရေးအတိတ်မေ့ပြီးနောက်ပိုင်း ရေးအနေရခက်မှာဆိုးလို့ ကိုယ်ကလေလို့ ပြောင်းလဲအသုံးပြုခဲ့တဲ့ပုံပါပဲ။ တစ်ခါတစ်ခါ ဦးဝေကို အားနာမိတယ်။
"ကလေးတွေကို ဘာလို့ ကိုကိုလို့ ခေါ်ခိုင်းတာလဲ ရေးငယ်"
"ဘာရယ် မဟုတ်ပါဘူး ဒီတိုင်း"
ကလေးတွေက ရေးငယ်ကို လူကြားထဲမှာ ပါးပါးလို့ ခေါ်လိုက်မှာကို ရှက်လို့လား။ ဒါမှမဟုတ် ကလေးတွေဆီက ပါးပါးလို့ အခေါ်ခံရတာကို မကြိုက်လို့လား။ ကိုယ်ထင်တာတော့ ရေးငယ်က ကလေးအဖေ မဖြစ်ချင်တဲ့ပုံပဲ။ ကိုယ်တို့သားအဖကို ရေးငယ်အတွက် ရှက်စရာလို့ တွေးနေခဲ့တာလား။ ကိုယ့်ရေးငယ်လေးအတွက် ကိုယ်တို့သားအဖတွေက ရှက်စရာ ဖြစ်နေခဲ့ပြီလား။ ဒီလိုတွေ တွေးမိတော့ ကိုယ့်ရင်ထဲ နာကျင်ရပြန်တယ်။
ကိုယ်မတွေးသင့်တာတွေများ တွေးမိနေတာလားရေးငယ်။ ရေးငယ်ရဲ့စိတ်က ကိုယ်ထင်သလိုတော့ မဟုတ်ဘူးမို့လား။ ရေးငယ်လေးက ကိုယ်တို့သားအဖတွေအပေါ် အဲ့လောက်တော့ မခါးသီးလောက်ဘူးထင်ပါရဲ့။
ရေးငယ်ရဲ့ဗိုက်ကို ရေနွေးအိတ်ကပ်ပေးနေတုန်းမှာ ရေးငယ်က အိပ်ပျော်သွားတယ်။ ဗိုက်နာတာ သက်သာသွားလို့ ထင်ပါရဲ့။ ရေနွေးအိတ်ကို ၁၅မိနစ်လောက်တော့ ကပ်ပေးလိုက်ရတယ်။ အိပ်ပျော်နေတဲ့ ရေးငယ်ကို ပွေ့ချီလာပြီး အိပ်ရာပေါ်ကို တင်ပေးလိုက်တယ်။
ကိုယ်လွမ်းနေခဲ့တဲ့ နှုတ်ခမ်းဖူးဖူးလေးကို နှုတ်ခမ်းချင်းထိကာ အနမ်းပေးလိုက်မိတယ်။ ဒီနှုတ်ခမ်းလေးကို လွမ်းနေခဲ့တာပါ။ ဒီအထိအတွေ့လေးကို တောင့်တနေမိခဲ့တာပါ။ သိပ်ချစ်တယ် ရေးငယ် မြန်မြန်သတိရလာပေးပါ။
***********
"သား ရေး ရေး ထစမ်း"
"သားအိပ်ချင်သေးတယ် မေမေ"
"အိပ်လို့မရဘူးထတော့။ ကလေးတွေကို ကျောင်းသွားပို့ရဦးမယ်"
"ဘယ်က ကလေးတွေလဲ မေမေရာ"
"ဟဲ့ ဘယ်က ကလေးတွေရမလဲ။ ရှင့်သားတွေပေါ့"
"သားမှာ ကလေးမှ မရှိတာကို မေမေကလည်း"
"အိပ်ချင်မူးတူးနဲ့ ပြောချင်ရာတွေ လျှောက်ပြောမနေနဲ့ ထတော့ ရေး"
မေမေအတင်းဆွဲထူယူ၍ အိပ်ချင်မူးတူးနှင့် မထချင် ထချင်နဲ့ ထခဲ့ရတယ်။ အိပ်ရတာလည်း မဝသေးပေ။
"ဘယ်ကလေးတွေကို လိုက်ပို့ရမှာလဲ"
"ချူတူးနဲ့ရှူတူးပေါ့။ အိမ်မှာ ဘယ်ကလေး ရှိသေးလို့လဲ"
"ဘလေးကိုပဲ လိုက်ပို့ခိုင်းလိုက်ပါ့လား မေမေရာ"
"ကိုယ့်သားသမီး ကိုယ်လိုက်ပို့မှပေါ့ သားရယ်။ ကလေးတွေကို ဘယ်အချိန်ထိ အဖိုးအဖွားတွေလက်ထဲမှာ ထားဖို့ တွေးနေတာလဲ"
"ဘယ်သူက ကလေးလေး သေးသေးလေးတွေကို ကျောင်းတွေ လျှောက်ထားနေတာလဲ မေမေရာ။ ကလေးဆိုတာ အရွယ်ရောက်တာနဲ့ သူငယ်တန်းကနေ တက္ကသိုလ်အထိ ၁၆နှစ်လောက် အမုန်းကျောင်းတက်ရတော့မှာ။ အဲ့ဒီအချိန်ကြ မတက်ချင်လည်း တက်ရတော့မှာ။ ခုလို ကလေးဘဝမှာ ကလေးသဘာဝ လွတ်လွတ်လပ်လပ် နေခွင့်ရတုန်းလေး လွတ်လွတ်လပ်လပ် နေကြပါစေလား။ ကလေးတွေကို ဒီအရွယ်ကတည်းက ပုံစံခွက်ထဲထည့်ပြီး Pressure တွေမပေးသင့်ဘူး"
"အမလေး အဲ့ဒီစကားကို ကိုယ့်ကိုယ်ကိုယ် မှန်ထဲ ပြန်ကြည့်ပြီးပြောပါ ကိုရေးခြယ်သူ။ ကလေးတွေကို ငယ်သေးတယ် ကျောင်းမထားပါနဲ့ဦးဆိုတာကို ရှင်ပဲ အရမ်းထားချင်နေခဲ့တာလေ။ ဘာတဲ့ ခုကတည်းက မူကြိုကျောင်းကိုထားမှ ကလေးတွေက ဉာဏ်ရည်ဖွံ့ဖြိုးမှုအားကောင်းပြီး သွက်လက်ထက်မြက်မှာဆို။ ဒါမှ လူပေါင်းဝင်ဆံ့ပြီး လူမကြောက်တော့မှာဆို။ အင်္ဂလိပ်ကျောင်းကို ထားမှ အင်္ဂလိပ်စာကျွမ်းပြီး သူများအောက်မကျမှာဆို။ ရှင်ပဲပြောခဲ့တာလေ။ သားခွန်ရော အမေတွေအဖေတွေရောကပါ ဝိုင်းတာတဲ့ကြားက ရှင်ပဲ ထားခဲ့တာလေ။ ဘယ်သူကထားခိုင်းလို့လဲ။ ရှင်ပဲထားကိုထားမှဖြစ်မယ်ဆိုပြီး ထားခဲ့တာ။ အဲ့တော့ အပြစ်တင်ချင်သပ ဆိုရင်လည်း ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်လိုက်ပါရှင်"
"အဲ့ဒါဆိုလည်း မထားနဲ့တော့မေမေရာ။ သူတို့ဘာသူတို့ လွတ်လွတ်လပ်လပ်နေပါစေ"
"ရှင်ပဲ အမျိုးမျိုး ခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့။ တစ်လစာ ထပ်ပြီးသွင်းပြီးသွားပြီမို့ ရှင်မထားချင်လည်း မရတော့ဘူး။ ခုတစ်လတော့ ထားရမှာပဲ"
"အဲ့ဒါဆိုလည်း ဘလေးကိုပဲ လိုက်ပို့ခိုင်းလိုက်ပါ မေမေ။ သားကတော့ လိုက်မပို့ပေးချင်ဘူး"
"ကလေးတွေကို အရင်က သားပဲလိုက်ပို့ပေးနေကြလေ။ သားသမီးဆိုတာ မိဘက လိုက်ပို့ လိုက်ကြိုတာကိုပဲ လိုချင်ကြတာ။ တခြားကလေးတွေကို မိဘစုံစုံလင်လင်နဲ့ ကျောင်းလိုက်ပို့ပေးတာကို မြင်တိုင်း အားကျနေရမှာ။ ဒီလိုကျောင်းမျိုးကို ထားတဲ့မိဘတိုင်း ကိုယ့်သားသမီးကို ကိုယ်ကိုယ်တိုင်ပဲ လိုက်ပို့ပေးကြတာ။ ကလေးတွေကို အားငယ်စိတ်ဝင်အောင် မလုပ်ပါနဲ့ သားရယ်"
"သားလိုက်ပို့ပေးရမှာ တစ်မျိုးကြီးပဲမေမေ။ ဘယ်လိုကြီးလဲမသိဘူး"
"ဘာလို့လဲ"
"နည်းနည်း ရှက်နေသလိုလိုပဲ မေမေ"
"သားရယ်။ အတိတ်မေ့တဲ့အထဲ မိဘမေတ္တာတွေများ ပါသွားသလားကွယ်။ တကယ်တမ်းရှက်ကြကြေးဆို ကလေးတွေက ရှက်ကြရမှာ။ အမေမရှိတဲ့ အဖေနှစ်ယောက်ကိုပဲ ပိုင်ဆိုင်ထားရလို့လေ။ မိဘဆိုတာကို ရွေးချယ်ခွင့်မရှိဘဲ လူ့ဘဝထဲကို ရောက်လာခဲ့ကြရတယ်။ ရိုးရှင်းတဲ့ မိသားစုဘဝမဟုတ်ဘဲ သဘာဝနဲ့ကွဲပြားပြီး သူများနဲ့မတူ တမူထူးတဲ့ဘဝမျိုးကို ပိုင်ဆိုင်ခဲ့ရတယ်။ အဖေနဲ့အမေလိုချင်ပါတယ်လို့ ပြောဆိုခွင့်လည်း မရခဲ့ကြဘူး။ သားရဲ့အလိုဆန္ဒတစ်ခုအတွက် ဘဝထဲကို ခေါ်ခဲ့တာမဟုတ်လား။ ကိုယ့်အလိုဆန္ဒပြည့်ဖို့ ခေါ်ခဲ့တယ်ဆိုရင် ကိုယ်က မိဘမေတ္တာအပြည့်အဝ ပေးနိုင်ရမှာပေါ့။ မိဘဆိုတာ မွေးပေးလိုက်ရုံနဲ့ မိဘမဖြစ်ထိုက်သေးဘူး။ မိဘမေတ္တာအပြည့်အဝပေးနိုင်မှ မိဘဖြစ်ထိုက်တာ။ ကိုယ့်အလိုလောဘပြည့်ဖို့ ကိုယ့်လိုအပ်ချက်အတွက်၊ ကိုယ့်စိတ်ချမ်းသာမှုတစ်ခုတည်းအတွက် ကလေးတွေကို ဘဝထဲ ဆွဲသွင်းပြီးပြီဆိုရင် သူတို့စိတ်ချမ်းသာမှုကိုလည်း ကိုယ်ကပေးနိုင်ရမယ်လေ။ သူတို့စိတ်ချမ်းသာပျော်ရွှင်ဖို့ ကိုယ်က ကြိုးစားရမှာပေါ့။ ဒါမှ မိဘကောင်းဖြစ်မှာလေ။ ဘဝထဲကို ခေါ်ချင်တိုင်းခေါ်ပြီး ထားချင်သလိုထားလိုက်ရင် မိဘတာဝန် ဘယ်ကျေပါတော့မလဲ။ မိဘကောင်းဆိုတာ သားသမီးကို နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ မိဘမေတ္တာကို အပြည့်အဝပေးနိုင်ပြီး ကျွေးမွေးပြုစု စောင့်ရှောက်ပေးနိုင်ရမယ်။ အတတ်နိုင်ဆုံးတော့ အကောင်းဆုံး ပြုစုပျိုးထောင်ပေးနိုင်ရမယ်လေ။ ဆင်းရဲရင်တောင် စိတ်ချမ်းသာအောင်တော့ ထားပေးနိုင်ရမှာပေါ့။ သူတို့လေးတွေက လာပါရစေလို့ တောင်းဆိုခဲ့တာမဟုတ်ဘူး မင်းတို့က လာကြပါဆိုပြီး ဘဝထဲကို ဆွဲသွင်းခဲ့ကြတာ။ ကလေးတွေမှာ ဘာအပြစ်မှ မရှိဘူးသား။ ကလေးတိုင်းက အပြစ်ကင်းစင်တယ်"
"သားဘယ်အရာကိုမှ မမှတ်မိတော့လို့ ဒီလိုဖြစ်နေခဲ့ရင် သားကတောင်းပန်ပါတယ်မေမေ။ သားကိုယ်သား လူပျိုလို့ပဲ ထင်နေသေးတယ်။ ပြီးတော့ ဒီအခြေအနေကြီးကိုလည်း လက်ခံနိုင်ဖို့ ခက်ခဲနေသေးလို့ပါမေမေ"
"သားကို မေမေအပြစ်မတင်ပါဘူး။ သားက အတိတ်မေ့နေတာဆိုတော့ လက်ရှိဘဝကို လက်ခံဖို့ ခက်ခဲနေမယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ သားတစ်ခုနားလည်ထားရမှာက မေမေ့မြေးအဖိုးတန်လေးတွေက မေမေတို့သားတို့အတွက် ရှက်စရာမဟုတ်ဘူး။ မေမေ့တို့ရဲ့ မြတ်နိုးရာမို့ မေမေ့တို့အတွက်တော့ မျက်နှာပန်းလှစေတဲ့ အဖိုးထိုက်ရတနာလေးတွေပါ"
"ဟုတ်မေမေ သားတောင်းပန်ပါတယ်"
"ကလေးတွေအပေါ် အရင်လို မေတ္တာတွေ အပြည့်အဝပေးနိုင်တဲ့ ရေးခြယ်သူဖြစ်အောင် ပြန်ကြိုးစားပေးပါ သား။ မေမေပျိုးထောင်ခဲ့တဲ့ ကလေးလေးက လူ့အသိတရားအပြည့်ရှိတယ်ဆိုတာ မေမေသိတယ်"
"ဟုတ်မေမေ"
မေမေအခန်းထဲက ထွက်သွားတဲ့အခါ တွေဝေစွာနဲ့ ကျန်ခဲ့ရတယ်။ ကိုယ်ပဲမှားနေတာလားလို့ စဉ်းစားမိတဲ့အခါ စိတ်ကလေးနည်းနည်း ညစ်သွားရတယ်။ ဒီဘဝကြီးကို လက်မခံနိုင်သေးတာလည်း ရေးအတွက် ဝဋ်ကြွေးတစ်ခုလိုပါပဲ။ ဘာပဲဖြစ်ဖြစ် ရေးမှာ ရွေးရမယ့်လမ်းက နှစ်ခုပဲရှိတယ်။ ဒီဘဝကြီးကို လက်ခံမလား ဒီဘဝထဲက ရုန်းထွက်မလားဆိုတာကိုပေါ့။
အိပ်ရာက ထလာတဲ့အခါ မေမေနဲ့လည်း မျက်နှာချင်းမဆိုင်ရဲတာမို့ အိမ်မှာ ရှိတဲ့ဟာလေးကိုပဲ ဖြစ်သလိုစီစဉ်ပြီး စားလိုက်တယ်။ မေမေ့စကားတွေနားထောင်ပြီး မေမေ့ကို ရင်ဆိုင်ရမှာ ကြောက်နေမိလို့ပါ။
ဘာအလုပ်မှ လုပ်စရာမရှိတာမို့ ဧည့်ခန်းလေးထဲမှာ တစ်ယောက်တည်းထိုင်ကာ TV ကြည့်နေမိခဲ့တယ်။ TV ကြည့်ရင်း ပျင်းသလိုလို ရှိလာတော့ လင်းသာတို့ချစ်သောတို့ဆိုင်ကို ထွက်လာခဲ့လိုက်တယ်။
"ကြားသားမိုးကြိုး ဆိုင်ကို ဘာလာလုပ်ပါသလဲ ကိုရေးခြယ်သူ"
"အိမ်မှာ နေရတာ ပျင်းလို့ပါကွာ။ မေမေကလည်း တနေ့တနေ့ အိမ်ထောင့်တာဝန်အကြောင်း သင်တန်းပို့ချနေလို့ စိတ်ညစ်နေရတယ်"
"မင်းကလည်း မင်းပဲကိုး ရေးခြယ်သူရဲ့"
"မသိဘူးကွာ ငါစိတ်ညစ်တာပဲသိတယ်။ တနေ့တနေ့ မေမေပြောတဲ့စကားတွေ နားထောင်ပြီး အိမ်ကနေတောင် ထွက်ပြေးချင်မိတယ် တကယ်"
"မင်းက လွန်နေလို့ မေမေငယ်က ပြောတာနေမှာပေါ့။ မင်းဘက်က ကလေးနဲ့ကိုခွန့်အပေါ် အရမ်းစိမ်းကားလွန်းနေတယ်လို့ မေမေငယ်က ချစ်သောကို ဖုန်းဆက်ပြီးပြောတယ်"
"ဟ မေမေက မင်းတို့ကိုတောင် ဖုန်းဆက်ပြောတယ်လား"
"အင်း"
"အိမ်မှာတောင် မနေချင်တော့ပါဘူးကွာ။ နေ့ရှိသ၍ မေမေပြောနေတဲ့အကြောင်းက ကလေးတွေကို ဂရုစိုက်ဖို့နဲ့ဦးဝေကို ဂရုစိုက်ဖို့ ဆိုတာတွေချည်းပဲ။ ငါ့ကိုလည်း ငဲ့ကြည့်မပေးဘူး။ ငါအဆင်ပြေရဲ့လားလို့လည်း တွေးမပေးကြဘူး။ ငါလည်း အရာအားလုံးကို နေသားမကျသေးဘူးလေကွာ။ နည်းနည်းတော့ ငါ့ကို လွှတ်ထားပေးကြတာ မဟုတ်ဘူး"
"မေမေငယ်က အမေဆိုတော့ ကိုခွန့်ကို အားနာလို့နေပါလိမ့်မယ်။ ပြီးတော့ ကလေးတွေကိုလည်း သနားလို့နေမှာပေါ့။ ဘာပဲဖြစ်ဖြစ်ပေါ့ မင်းပိုင်ဆိုင်ထားတဲ့ဘဝက အမှန်တရားမို့ လက်မခံလို့တော့မရဘူး ရေး"
"မင်းတို့ကရော ငါ့ကို စိတ်ညစ်အောင် လုပ်ကြဦးမှာလား"
"မင်းနားလည်ဖို့ ပြောပြပေးတာ"
"မင်းတို့ကို စုံစမ်းခိုင်းထားတဲ့ ရင်ခတ်အကြောင်းရော သိပြီလား"
"အင်း သူငယ်ချင်းတစ်ယောက်ဆီက စုံစမ်းပေးထားတယ်။ Facebook Accountရော ဖုန်းနံပတ်ရော ရပြီ"
"ပေး ငါ့ကို"
"မင်း မဟုတ်တာတော့ မလုပ်ဘူးမို့လားရေး"
ချစ်သောရော လင်းသာရော ရေးကို ရင်ခတ်နဲ့ပတ်သက်မိမှာကို စိုးရိမ်နေကြတယ်။ ရိုးရိုးသားသား ပတ်သက်တာကို မပြောလိုပေမယ့် ဆန်းဆန်းပြားပြားတော့ မပတ်သက်စေချင်ကြပေ။ ရေးက အတင်းတောင်းဆိုနေလို့သာ ရင်ခတ်အကောင့်ကို လိုက်ရှာပြီး ဖုန်းနံပတ်ကအစ တောင်းထားရပေမယ့် သိပ်တော့ လုပ်ပေးချင်လွန်းလှသည်မဟုတ်။ ရေးက တောင်းဆိုလွန်းအားကြီးလို့သာ လုပ်ပေးမိတာပါ။ ပြဿနာ တစုံတရာ ဖြစ်လာမှာကို တွေးပြီးစိုးရိမ်မိတာတော့ အမှန်ပါ။
"အေးဆို ပေးပါ ဖုန်းနံပတ်"
ချစ်သောပြတဲ့ဖုန်းနံပတ်ကို Contact ထဲ ရိုက်ထည့်ပြီး မှတ်ထားလိုက်တယ်။
"Facebook အကောင့်ကရော"
"မင်းကို Messenger မှာ Profile Link ပို့ပေးလိုက်မယ်"
"Ok"
Messenger မှာ ချစ်သောပို့ပေးလာတဲ့ Linkထဲကိုဝင်ပြီး ရင်ခတ်အကောင့်ကို Addထားလိုက်တယ်။ ရင်ခတ်က အရင်လိုပဲ ချောတုန်းပါပဲ။ ရင်ခတ်Wallထဲက ပုံတွေကို တစ်ပုံချင်းစီ လိုက်ကြည့်ရင်း ရင်ခတ်ပုံလေးတွေကို Save ထားမိတယ်။
"ရေး ဟိုးမှာ ကိုခွန်ပါ့လား။ အစ်မကြီး တစ်ယောက်နဲ့"
လင်းသာညွှန်ပြတဲ့နေရာကို လှမ်းကြည့်တော့ လမ်းတစ်ဖက်ကမ်းမှာ လမ်းလျှောက်သွားနေတဲ့ ဦးဝေနဲ့မမြသွေးကို တွေ့ရတယ်။
"အဲ့အစ်မက မမြသွေးတဲ့"
"ဪ မင်းအချစ်တော်ကြီးပေါ့"
"မင်းတို့က သိလို့လား"
"လူတော့ မမြင်ဖူးဘူး။ ခုမှ မြင်ဖူးတာ။ နာမည်ကတော့ မင်းပြောလွန်းလို့ ကြားဖူးနေတာကြာပြီ"
"ငါဘာပြောခဲ့လို့လဲ"
"မမြသွေးကို ကြည့်မရတဲ့အကြောင်း။ ကိုခွန့်ကို အဲ့အစ်မနဲ့တွဲသွားတွဲလာလုပ်တာ မကြိုက်တဲ့အကြောင်း။ ကိုခွန်နဲ့အဲ့ဒီအစ်မ အလုပ်အတူတူလုပ်တာ မနှစ်မြို့တဲ့အကြောင်း။ ကိုခွန့်နားမှာ အဲ့အစ်မကို မမြင်ချင်တဲ့အကြောင်း။ ကိုခွန့်ကို အဲ့အစ်မနဲ့နီးနီးကပ်ကပ် မနေပါနဲ့လို့ ပြောလိုက်ရင်လည်း ကိုခွန့်ကို မယုံကြည်သလိုဖြစ်ပြီး ကိုခွန့်ရဲ့ ကိုယ်ကျင့်တရားကို စော်ကားမိမှာဆိုးတဲ့အကြောင်း အစုံပေါ့"
"ဪ ငါက မမြသွေးအကြောင်းကို မင်းတို့ကိုပါ ပြောခဲ့မိတာလား"
"အေးလေ"
"ငါ မမြသွေးကို ကြည့်မရတာကို ကလေးတွေလည်း သိနေကြတယ်။ ကလေးတွေ သိနေတော့ အံ့ဩနေမိသေးတာ"
"ကလေးတွေပဲ သိတာတော့မဟုတ်လောက်ဘူး ရေး။ မေမေငယ်တို့ ကြီးငွေတို့ပါ သိလောက်တယ်"
"ဘာလို့လဲ"
"မင်းက မမြသွေးနဲ့ကိုခွန်နဲ့ကို တွဲတွေ့တိုင်း တဗြစ်ဗြစ် တတောက်တောက်နဲ့ပြောတာ။ ကိုခွန့်ရှေ့မှာသာ မပြောတာ လူတိုင်းရှေ့မှာ ပြောတယ်။ အဲ့တော့ ကလေးတွေလည်း သိနေတာ မဆန်းသလို မေမေငယ်တို့ ကြီးငွေတို့သိနေလည်း မဆန်းဘူး"
"ဪ အေးပါကွာ"
ရေး အရင်တုန်းက ဦးဝေကို မမြသွေးနဲ့ တော်တော်လေး သဝန်တိုခဲ့တဲ့ပုံပင်။ ရေး သဝန်တိုခဲ့ရလောက်အောင်လည်း မမြသွေးက ချောလွန်းသည်ကိုး။ ချောသည်ဆိုတာထက် ယဉ်တာလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ မိန်းမဆန်လွန်းသည့် မျက်နှာကျနဲ့ ယဉ်ယဉ်လေးလှသည့် မမြသွေးက အပြစ်ဆိုဖွယ်ရာမရှိပေ။
တစ်ပင်တန်းမျက်ခုံးမွှေးကို ပိုင်ဆိုင်ထားသလို မျက်လုံးဝိုင်းဝိုင်းလေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ နှာတံစင်းစင်း၊ ပိရိသေသပ်တဲ့ နှုတ်ခမ်းတစ်စုံနဲ့ မဟာဆန်စွာ လှပသည်မို့ မြင်ရသူတိုင်းက လည်ပြန်ငေးကြည့်ရလောက်တယ်။ ကျွန်တော့်ရင်ခတ်နဲ့ ယှဉ်ရင်တော့ ရင်ခတ်က ငယ်ရွယ်သူမို့ ငယ်ကိုနဲ့ လှသလို မမြသွေးက တည်ငြိမ်ရင့်ကျက်စွာနဲ့ မိန်းမပီပီသသချောတယ်။
အရင်က သဝန်တိုလွန်းခဲ့တယ်လို့ ဆိုကြပေမယ့် ခုတော့ ဦးဝေနဲ့မမြသွေးရဲ့ နီးကပ်မှုကို ဘယ်လိုမှ မခံစားရပေ။ ကျွန်တော် ဦးဝေကို ချစ်ခဲ့တယ်ဆိုတာကို အားလုံးပေါင်းပြီး ဝိုင်းညာနေကြတာများလား။
YOU ARE READING
OMG . . . My Future Husband is Him !!!
Romanceဘဝထဲကို ရုတ်တရက်ဆိုသလို ယောင်္ကျားတစ်ယောက်နဲ့ ကလေးလေးနှစ်ယောက် ရောက်လာခဲ့ကြတယ်။