#Unicode
ခုချိန်မှာ ရေးအတွေ့ချင်ဆုံးလူကို ပြောပါဆိုရင် ဦးဝေလို့ ပြောရမှာပါပဲ။ ရေးဆေးရုံကဆင်းပြီး အိမ်ကိုပြန်လာတဲ့အချိန် ဦးဝေကို အိမ်ရှေ့မှာတွေ့လိုက်ရတယ်။ ဦးဝေကိုငေးကြည့်ရင်း မျက်ရည်တွေက စီးကျလာတယ်။ ကျဆင်းလာတဲ့မျက်ရည်တွေကို သုတ်ပစ်ဖို့ ရေးမှာအင်အားမရှိတော့ပေ။
လွမ်းနေခဲ့တာ။ ဦးဝေရဲ့ပါးချိုင့် ဦးဝေရဲ့အပြုံး ဦးဝေရဲ့ရင်ခွင် ဦးဝေရဲ့မေတ္တာတွေကို လွမ်းနေခဲ့တာပါ။ ဦးဝေကို ငေးကြည့်ရင်း ရေးစိတ်တွေဘယ်လိုမှ မထိန်းချုပ်နိုင်တော့ပေ။
ခြံရှေ့မှာ ကားပေါ်က ပစ္စည်းတွေချနေတဲ့ ဦးဝေကို အိမ်ထဲကနေ လှမ်းကြည့်ရတာ အားမရလို့ ရေးအပြင်ကိုပြေးထွက်လာမိတယ်။
"ဟဲ့သား ဘယ်တုန်း။ မပြေးနဲ့လေ။ ခုမှ နေကောင်းခါစရှိသေးတယ် ဖြေးဖြေးသွား"
မေမေက အိမ်ထဲကနေ လှမ်းအော်ပြီး ရေးနောက်ကို လိုက်လာပုံရတယ်။ ရေးကတော့ ခြံထဲကို ပြေးဆင်းလာပြီး ဦးဝေကို ငေးကြည့်နေမိတယ်။ ကျွန်တော့်ဦးဝေကလေ အရမ်းချစ်ဖို့ကောင်းနေတုန်းပဲ။ အိပ်ပျော်နေတုန်းက မျောလွင့်နေတဲ့ကမ္ဘာမှာတွေ့ရတဲ့ဦးဝေက ဖြူစင်ပြီး ချစ်ဖို့ကောင်းသလို အခုလက်ရှိမှာ မြင်နေတွေ့နေရတဲ့ ဦးဝေကလည်း ချစ်ဖို့ကောင်းပြီး ဖြူစင်နေတုန်းပဲ။
ဦးဝေကို ငေးကြည့်ရတာ အားမရတော့လို့ ရေးပြေးထွက်လာခဲ့လိုက်တယ်။ ကားပေါ်က ပစ္စည်းတွေချနေတဲ့ ဦးဝေကိုကြည့်ပြီး မခံစားနိုင်တော့တဲ့အဆုံးမှာ ဦးဝေကို ရေးပြေးဖက်မိသွားတယ်။
"ကိုကို . . . ရေးကိုကို့ကို အရမ်းလွမ်းနေတာ။ ရေးငယ်လို့ခေါ်တဲ့ ကိုကို့ရဲ့ခေါ်သံလေးရော ကိုကို့ရဲ့အေးမြတဲ့အပြုံးလေးကိုရော ကိုကိုရဲ့နွေးထွေးတဲ့မေတ္တာတွေကိုရော ကျွန်တော် အရမ်းလွမ်းနေခဲ့တာ"
ဦးဝေရင်ခွင်ထဲမှာ ဦးဝေကိုတင်းကြပ်စွာဖက်ထားပြီး စကားတွေပြောနေရင်းက ဝမ်းနည်းစွာ ငိုနေမိပါတော့တယ်။ ဦးဝေကတော့ ဖက်ထားတဲ့ရေးကို ငုံ့ကြည့်ပြီး အံ့ဩနေတဲ့ပုံပါပဲ။ ဘာစကားမှလည်း ပြန်မပြောသလို ရေးဖက်ထားတဲ့အတိုင်း ငြိမ်ငြိမ်လေးရပ်လို့။ ခုလည်း ဖြူစင်စွာနဲ့ သဘောကောင်းပေးနေပြန်ပြီလား ဦးဝေရာ။

YOU ARE READING
OMG . . . My Future Husband is Him !!!
Romanceဘဝထဲကို ရုတ်တရက်ဆိုသလို ယောင်္ကျားတစ်ယောက်နဲ့ ကလေးလေးနှစ်ယောက် ရောက်လာခဲ့ကြတယ်။