#Unicode
"ရေးငယ်"
"အင်"
ဘယ်သူ လာနှိုးနေတာလဲကွာ။ စောစောစီးစီး အိပ်ကောင်းနေတာကို လာနှိုးရတယ်လို့။
"ကိုယ်ရုံးသွားတော့မယ်"
"ဖေဖေ့ သား အိပ်ချင်သေးတယ်"
အတိတ်မေ့သွားတဲ့ ရေးငယ်က အရင်လိုမဟုတ်တော့ဘဲ ကလေးဆိုးလေးလို ပြန်ဖြစ်နေခဲ့တယ်။ ယောင်္ကျားနဲ့ကလေး ရှိနေတယ်ဆိုတာကိုလည်း မေ့နေတဲ့ပုံပင်။
တစောင်းလေး အိပ်ပျော်နေတဲ့ ရေးငယ်ရဲ့ ပါးလေးကို ခပ်ဖွဖွလေးနမ်းပြီး ရုံးသွားဖို့ ထွက်လာခဲ့လိုက်တယ်။ ဘာမှ မမှတ်မိတဲ့ ကိုယ့်ရဲ့ရေးငယ်လေး အဆင်ပြေသလိုသာ နေပါစေ။
"ပါးပါး ပါးပါး"
"အင်"
ဒီကလေးတွေက ဘယ်က ရောက်လာတာလဲကွာ။ မေမေ့အမျိုးတွေလား ဘာလား။
"ပါးပါး ထတော့ရေ။ တားတို့ ရှကူး တွားရဦးမယ်"
"ပါးပါး ပါးပါးရေ"
"ဟာကွာ ဘာလဲကွာ။ ဘယ်သူတွေလဲ။ သူများ အိပ်နေတာကို မနှောက်ယှက်ရဘူးဆိုတာ မသိဘူးလား။ မင်းတို့မိဘတွေက ဆုံးမ မထားဘူးလား ဟမ်"
ရေးအော်လိုက်တော့ ကလေးတွေက ရေးကိုကြည့်ကာ အော်ငိုပါတော့တယ်။
"အီးးးဟီးးးဟီးးးးး ပါးပါးက အော်ရယ်။ ဖွားနွေ . . . ဖွားနွေ"
ကြီးငွေနာမည်ကို အော်ခေါ်ပြီး ပြေးထွက်သွားတဲ့ ကလေးတွေကြောင့် ရေး သတိပြန်ဝင်လာခဲ့တယ်။
"ဟုတ်သားပဲ နေ့ချင်းညချင်း ရလာတဲ့ ငါ့ကလေးတွေဆိုတာကို ငါမေ့သွားတာပဲ။ ရေးရယ် သတိလေးဘာလေး ထားပါဦးကွာ။ ဘယ်လိုပဲ အတိတ်မေ့မေ့ အဲ့ဒါ မင်းရဲ့ကလေးတွေဆိုတာကို လက်ခံရမယ်လေ။ ဟူးးးးးးးး "
ငိုပြီး ပြေးထွက်သွားတဲ့ ကလေးတွေကိုကြည့်ပြီး စိတ်မကောင်းလွန်းတာမို့ နောက်ကနေ လိုက်သွားလိုက်တယ်။ ကြီးငွေရင်ခွင်ထဲမှာ ငိုနေတဲ့ကလေးတွေက ရေးကိုမြင်တော့ မျက်နှာလွှဲထားကြတယ်။
"သား ကလေးတွေကို အော်လိုက်တယ်ဆို"
"ဟုတ်"
"ဘာလို့ အော်လိုက်တာလဲကွယ်"
"သားအိပ်နေတာကို လာနှိုးလို့ အော်လိုက်မိတာ ကြီးငွေ။ ပြီးတော့ လက်ရှိဘဝကို နည်းနည်းလေးမေ့သွားတယ်"
"ဘယ်လိုပဲမေ့မေ့ ကလေးတွေက ရေးရဲ့ ကလေးတွေမို့ ကလေးတွေကိုတော့ နွေးနွေးထွေးထွေး ဆက်ဆံပေးပါကွယ်"
"ဟုတ် ကြီးငွေ။ သား ခဏ စိတ်လွတ်သွားလို့ပါ"
ကြီးငွေရင်ခွင်ထဲမှာ ရှိုက်ခါ ငိုနေတဲ့ အမွှာနှစ်ကောင်ကိုကြည့်ပြီး ရင်ထဲမကောင်းဖြစ်သွားရတယ်။
"သားသားတို့ ပါးပါးဆီကို လာပါဦးကွာ"
ရေးက လက်ကလေး ကမ်းပေးတော့ ကြီးငွေရင်ခွင်ထဲက ထွက်လာပြီး ရေးရင်ခွင်ထဲကို မရဲတရဲ ဝင်လာတယ်။
"သားသားတို့ကို ပါးပါးက အော်လိုက်မိလို့ တောင်းပန်ပါတယ်နော်။ ပါးပါးက မေ့ပြီး အော်လိုက်မိတာ။ ပါးပါးက မေ့နေတဲ့သူဆိုတော့ သားသားတို့ကပဲ ပါးပါးကို နားလည်ပေးနော်။ နားလည်ပေးမယ်မို့လား ပါးပါး သားလေးတွေက"
"ဟုတ်"
"ခုန ပါးပါးကို အိပ်ရာလာနှိုးရင်းပြောတာ ဘာပါလိမ့် ပြန်ပြောပေးပါဦး"
"တားတားတို့ကို ရှကူးကို ရိုက်ပို့ရို့ကြောတာ"
"ဟမ်"
"ရှကူးရေ ရှကူး"
"ပါးနားမလည်ဘူး"
အနားမှာရှိတဲ့ ကြီးငွေကို ဘာသာပြန်ပေးဖို့ အကူအညီတောင်းတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။
"School တဲ့ School။ ကလေးပါမောက္ခကြီး အတိတ်မေ့သွားတဲ့အထဲမှာ ဒါလည်းပါသွားတာပဲ။ အရင်က ကလေးတွေစကားကို သားက နားအလည်ဆုံးပဲ"
"ဪ ပါးသားလေးတွေက School တက်ရမှာလား"
"ဟုတ်"
"ပါးက ခုမှ နေကောင်းခါစဆိုတော့ ပါးအနားမှာ အဖော်ပြုပေးဦးနော်။ ဒီနေ့တစ်ရက် School လည်း မသွားနဲ့တော့"
"ဟုတ်"
"ပါး ကလေးလေးတွေက လိမ္မာလိုက်တာ"
သားတို့ကို ကြီးငွေနဲ့ထားခဲ့ပြီး မျက်နှာသစ်ဖို့ အပေါ်ထပ်ကို တက်လာခဲ့လိုက်တယ်။ ကြီးငွေစကားကို ကြားရတဲ့အခါ ရေးက ဒီကလေးတွေအပေါ် အတော်လေး နွေးထွေးခဲ့တဲ့ပုံပင်။ သူတို့အပေါ် နွေးထွေးခဲ့တဲ့ အရမ်းချစ်ခဲ့တဲ့ သူတို့ပါးပါးက ချက်ချင်းကြီး စိမ်းသက်သွားခဲ့ရင် ကလေးတွေတော်တော်လေး ဝမ်းနည်းရှာကြမယ်။
ရေးခေါင်းထဲမှာ သိချင်တဲ့အရာတွေ အများကြီးပါ။ ဆေးရုံတက်နေတဲ့ တစ်တောက်လျှောက်လုံး စိတ်တွေ ပင်ပန်းလွန်းလို့ ဦးဝေကို ဘာမှ မမေးဖြစ်ခဲ့ဘူး။ ဟိုတနေ့က အိမ်ပြန်လာတော့လည်း မေးချင်တဲ့ အကြောင်းအရာတွေကို မေးဖို့ မေ့နေခဲ့မိတယ်။ ဒီနေ့တော့ ကြီးငွေကို သိချင်တာတွေ မေးရပေမည်။
ဧည့်ခန်းထဲမှာ သားတို့နဲ့အတူတူ ထိုင်နေတဲ့ ကြီးငွေအနားမှာ ရေးလည်းဝင်ထိုင်လိုက်တယ်။
"ကြီးငွေ"
"ရှင်"
"ဖေဖေတို့မေမေတို့ကို အကြောင်းကြားထားသေးလား"
"ကြားထားတယ်သား"
"ဘယ်တော့ ပြန်လာမယ်ပြောလဲ"
"ဒီနေ့ ရောက်မယ်ထင်တယ် သား"
"ဪ . . . ဒါနဲ့ ကြီးငွေ သား ဘာဖြစ်ခဲ့လို့ ဆေးရုံးရောက်ပြီး အတိတ်ပါ မေ့သွားရတာလဲ"
"သားသားတို့နဲ့ လမ်းလျှောက်ထွက်ရင်း လမ်းထိပ်က ကလေးလေး စကိတ်ကို ရှင်လေးက ယူစီးတယ်လေ။ အဲ့အချိန်မှာ ကားကလာတော့ အရှိန်မထိန်းနိုင်ဘဲ ရှင်က ကားကိုပြေးတိုက်ပြီး လဲတာ။ လမ်းဘေးက ပလက်ဖောင်းနဲ့ ခေါင်းနဲ့ ဂွပ်ခနဲ မိတ်ဆက်သွားတယ်တဲ့တော်ရေ"
"ဟင် အဲ့လောက်ကလေး ဖြစ်တာကို အတိတ်ပါ မေ့သွားရတာလား။ ဒီကြားထဲမှာ ဖြစ်ခဲ့သမျှ ဘာမှ မမှတ်မိတော့လောက်အောင်လေ"
"အခန့်မသင့်လို့ နေမှာပေါ့ သားရယ်။ ဆရာဝန်ကတော့ သိပ်မကြာဘူးလို့တော့ ပြောတယ်။ တဖြည်းဖြည်းနဲ့ မှတ်မိလာမှာပေါ့သားရဲ့"
"သား ဘာတစ်ခုမှ မမှတ်မိဘူးကြီးငွေ။ ခေါင်းထဲမှာ ဗလာကျင်းနေသလိုပဲ။ တကယ်အတိတ်မေ့တာဆို ရေးရေးလေးတော့ မှတ်မိသင့်တာပေါ့"
"အရမ်းကြီးတွေးပြီး ခေါင်းရှုပ်ခံမနေနဲ့။ တဖြည်းဖြည်းနဲ့ သူ့ဘာသူ သတိရလာလိမ့်မယ်"
ရေးထင်ထားခဲ့သလို အက်စီးဒန့် ကြီးကြီး ဖြစ်ခဲ့တာမဟုတ်ဘဲ ငါးနှစ်တာကာလကို မေ့သွားတဲ့အထိ ဖြစ်ခဲ့တယ်တဲ့လား။
"ဒါနဲ့ သားမှာ ဘာအလုပ်မှ မရှိဘူးလား"
"ရှိတယ်လေ"
"ဘာအလုပ်လဲ"
"ရှင် ကော်ဖီဆိုင်နဲ့ ပန်းဆိုင်ဖွင့်ထားတယ်လေ။ အခန်းထဲမှာ အလှစိုက်တဲ့ ပန်းပင်သေးသေးလေးတွေလည်း ရောင်းတယ်"
"ဪ တော်သေးတာပေါ့။ သားသမီးတွေရတဲ့အထိ အရင်လို ထိုင်စားနေတာ မဟုတ်ခဲ့လို့"
"အဲ့ဒီ ဆိုင်တွေကိုလည်း ရှင့်ကို ဘယ်သူမှ မဖွင့်ခိုင်းဘူး။ ခွန်ကလည်း မဖွင့်ခိုင်းဘူး။ ရှင်က သားတွေရလာပြီမို့ အလုပ်လုပ်ချင်တယ် ဖွင့်ချင်တယ်ဆိုပြီး ဂျီကျလို့ ခွန့်ခမျာ ဖွင့်ပေးလိုက်ရတာ"
"ဪ . . . သားက သူ့အပေါ် အဲ့လောက်တောင် ဆိုးခဲ့တာလား"
"အဲ့ထက်တောင် ဆိုးသေးတယ်။ ဒါပေမဲ့ ကလေးတွေရလာတော့ တော်တော်လေး လိမ်မာသွားပါတယ်"
"တော်တော်လေးတောင် လိမ္မာတာ"
"ဟုတ်ပါ့တော်"
"ဒါနဲ့ သားနဲ့ဦးဝေနဲ့ အသက်ဘယ်လောက်ကွာလဲဟင်"
"ဘယ်က ဦးဝေလဲ"
"ဟာ ကြီးငွေကလည်း ဘယ်ကဦးဝေရမှာတုန်း။ သားယောင်္ကျားဆိုတဲ့ ခွန်ဦးဝေလေ"
"ဪ . . . ဘယ်သိမလဲသားရယ်။ သားက တစ်သက်လုံး ကိုကိုလို့ ခေါ်လာပြီးမှ ခုမှ ဦးဝေဆိုတော့ ကြီးငွေက ခွန့်ကိုပြောတယ်လို့ ဘယ်ထင်မလဲ"
"အင်း သူ့ကို ပြောတာ"
"ငါးနှစ်ကွာတယ်လေ"
"ငါးနှစ်တောင်"
"ဟုတ်ပ"
"ဒါဆို ဦးဝေအသက်က ၃၀ပေါ့"
"အေးပေါ့"
"ဟင် အသက်ကလည်း ကွာလိုက်တာ"
"အေးလေ ကွာတာပေါ့"
"ဒါနဲ့ သူနဲ့ သားနဲ့ ဘယ်လိုညားခဲ့တာလဲ"
ကြီးငွေကို မေးနေတုန်းမှာ ဖေဖေနဲ့မေမေက အိမ်ပြန်ရောက်လာခဲ့ကြတယ်။
"ချူတူး ရှူးတူး ဖွားဖွား တူးလေးတွေ"
"ဟင် မေမေ"
"ဟာ ဖွားရီး ကျန်ရာပီ"
"ဟုတ်ပါ့တော် လာပါဦး။ ဖွားမြေးလေးတွေကို ဖွားက လွမ်းနေတာတော်"
ကြီးငွေနဲ့ ရေးနဲ့ စကားပြောနေတဲ့ တစ်လျှောက်လုံး ဘေးမှာ ငြိမ်ငြိမ်လေးထိုင်နေခဲ့တဲ့ သားနှစ်ယောက်က မေမေ့ကို မြင်တော့ ပြေးဖက်ကြတယ်။
ဪ မေမေတို့များ ကိုယ့်သားလေး ငါးနှစ်တာကာလက အကြောင်းအရာမှန်သမျှ အတိတ်မေ့နေတယ်ဆိုတာကို သိရက်သားနဲ့တောင် စိတ်ပူပုံမပေါ်ဘူး။ ပြန်လာလာချင်း အော်ခေါ်တာက ချူတူး ရှူတူးတဲ့လေ။ လူကို မြင်နေရတာတောင် အဖက်မလုပ်ပေ။
"သား"
"ဗျာ"
"လွန်ခဲ့တဲ့ ငါးနှစ်က ကိစ္စတွေကို မေ့သွားတယ်ဆို"
"ဟုတ်ဖေဖေ"
"တကယ်ပဲ ဘာတစ်ခုမှ မမှတ်မိတော့တာလားသား"
"ဟုတ်"
"ဖေဖေ့သားလေး ဖြစ်မှ ဖြစ်ရလေကွယ်"
ဖေဖေကသာ ဝင်လာလာချင်း ရေးကို မေးပြီး စိတ်မကောင်းဖြစ်နေရှာတယ်။ မေမေကတော့ ခုထိ သူ့မြေးတွေကို ဖက်လိုက် နမ်းလိုက်နဲ့ အလွမ်းသယ်လို့ မဝသေးပင်။
"သား"
"တော်သေးတယ် မေမေ သားရှိတာကို မြင်လို့"
"မြင်တာပေါ့ ဒီသားလေး တစ်ယောက်တည်းရှိတာကို မမြင်စရာလား"
"မြင်သာ မြင်တယ် ရောက်ကတည်းက သူ့မြေးတွေကို အလွမ်းသယ်နေပြီးတော့။ ဒီက လူမမာကို အဖက်ကလေးတောင် မလုပ်ဘူး"
"အမလေး သားရယ်။ မေမေ့သားလေးကို အကောင်းကြီး မြင်လိုက်ရတော့ စိတ်ပူစရာမလိုတော့လို့ပါ။ သားခွန်က သေချာ ပြောပြထားတော့ သိပ်စိတ်ပူစရာ မရှိဘူးဆိုလို့ပါ။ ဆရာဝန်ပြောတော့ ပြီးခဲ့တဲ့ ငါးနှစ်က ကိစ္စတွေကို တဖြည်းဖြည်း မှတ်မိလာမှာဆို"
"အဲ့လိုတော့ ပြောတာပါပဲ မေမေရယ်"
"အေးလေ ဆရာဝန်က အဲ့လိုပြောရင် ဘာစိတ်ပူစရာရှိလဲ။ တဖြည်းဖြည်းနဲ့ ပြန်ပြီးသတိရလာမှာပေါ့။ စိတ်မညစ်နဲ့ မေ့သားလေး"
"ဒါပေမဲ့ မေမေတို့ကိုသာ မမေ့လို့ ရင်းနှီးနေတာ ဒါလေးတွေနဲ့ ဒါလေးတွေရဲ့ အဖေက သားအတွက် အစိမ်းသက်သက် ဖြစ်နေတယ်မေမေ"
"ဪ သားရယ်။ သားဘယ်လောက်ပဲ မမှတ်မိလို့ စိမ်းသက်ပါစေ ကိုယ့်သွေးသားကိုတော့ သွေးကစကားပြောပါတယ်။ တဖြည်းဖြည်းနဲ့ ရင်းနှီးလာပါလိမ့်မယ်။ အဲ့ဒါကို ခေါင်းရှုပ်ခံမနေနဲ့"
"ဒါပေမဲ့ ခုထိတော့ သား ဘယ်လိုမှ အဆင်မပြေဘူး။ ယောင်္ကျားရှိတာရော သားတွေရှိတာရော လက်ခံလို့လည်း မရသေးဘူး။ ပြီးတော့ သူတို့ရှိတာကို ခဏခဏလည်း မေ့မေ့သွားတယ်"
ပိုပြီး လက်မခံနိုင်တာက ကိုယ့်ကိုယ်ကိုပါ။ ကိုယ်ဟာ ဂေးမှ မဟုတ်ခဲ့တာ။ ယောင်္ကျားလည်း မလိုချင်ဘူး။ ယောင်္ကျားရှိတယ် ဆိုတာကိုလည်း လက်မခံနိုင်သေးဘူး ဖြစ်နေတယ်။
"ဘာမှ မပူနဲ့ သား။ ခုမှ တစ်ပတ်လောက်ပဲ ရှိသေးတာ။ နောက်တော့ တဖြည်းဖြည်း မှတ်မိလာပြီး အဆင်ပြေသွားလိမ့်မယ်။ စိတ်အရမ်းမညစ်နဲ့"
"ဟုတ် ဖေဖေ"
အားလုံးက စိတ်မပူပါနဲ့လို့ တောက်လျှောက်ပြောနေပေမယ့် ကိုယ်ကတော့ ဒီဘဝကြီးကို လက်မခံနိုင်သေးပေ။
"ဒါနဲ့ စကိတ်စီးလို့ ဖြစ်တာဆို ဟုတ်လား"
"မသိဘူးလေ။ ကြီးငွေတို့ ပြောကြတာပဲ"
"တကယ် ဘာမှ မမှတ်မိတော့တာပေါ့"
"အင်းပါဆို မေမေကလည်း"
"အေးပါ စိတ်မကောင်းလည်း မဖြစ်နဲ့။ တဖြည်းဖြည်းနဲ့ သတိရလာလိမ့်မယ်။ အရမ်းတွေးမနေနဲ့"
"ဟုတ်"
"မေမေတို့မှာ စသိတဲ့နေ့ကဆို အရမ်းစိုးရိမ်ပြီး ပြန်လာချင်နေတာ။ လာဖို့က မဆင်မပြေတာနဲ့ ကြာသွားရတာ။ ပြီးမှ သားခွန်က အကျိုးအကြောင်း သေချာရှင်းပြလို့ အပူလုံးကျသွားတာ"
"သားက မေမေတို့ကို မျှော်နေတာ"
မေမေနဲ့ ဖေဖေ့ကို မြင်လိုက်ရတော့ စိတ်က အဆင်ပြေသလို ရှိလာတယ်။ အနည်းဆုံးတော့ ဘာမှ မမှတ်မိတော့ပေမယ့် ဖေဖေနဲ့မေမေ့ရှိတယ်ဆိုတဲ့ အတွေးနဲ့တင် အားရှိတယ်။
ဖေဖေတို့ မေမေတို့နဲ့ စကားတွေအများကြီးပြောပြီး အလွမ်းသယ်နေခဲ့မိတယ်။ ဒီတစ်ပတ်တာအတွင်း မသိတဲ့ သူစိမ်းတွေကြား လက်မခံနိုင်တဲ့ ဒီဘဝမှာ အားငယ်နေခဲ့တာ မဟုတ်လား။
"မေမေ သားခဏ နားဦးမယ်။ ကလေးတွေကို မေမေတို့ပဲ ခေါ်ထားပေးပါ"
"အေးအေးသား နားလိုက်ဦး။ စဉ်းစားမရတာကို အရမ်းကြီး စဉ်းစား မနေနဲ့နော်သား။ ခေါင်းကိုက်နေမယ်"
"ဟုတ်မေမေ"
မေမေတို့ကို နှုတ်ဆက်ပြီး ဟိုဘက်အိမ်ကို ပြန်ကူးလာခဲ့လိုက်တယ်။ မေမေတို့အိမ်မှာ ကိုယ့်အတွက် သီးသန့်ခန်းရယ်လို့လည်း မရှိတော့။ ကိုယ့်အခန်းလေးကလည်း ကလေးတွေ နေတဲ့ အခန်းလေး ဖြစ်နေပါပြီ။
ကလေးတွေကို ဖေဖေတို့မေမေတို့က သိပ်ချစ်နေတာမို့ ဒီဘဝဟာ ကိုယ့်ဘဝဆိုတာ သေချာနေပါပြီ။ မေမေပြန်ပြောတဲ့ ကိုယ့်ရဲ့ ငယ်ဘဝကလည်း ကိုယ်သိခဲ့တဲ့ ငယ်ဘဝနဲ့ ထပ်တူပါပဲ။
ဒါမှမဟုတ် ရေးရောက်နေတာ ရေးရဲ့ကမ္ဘာရော ဟုတ်ပါလေစ။ ရေးကြည့်ဖူးတဲ့ ဇာတ်ကားတွေထဲကလို တခြားကမ္ဘာတွေ ဘာတွေကိုများ ရောက်လာခဲ့လေသလား။ သေချာတာက ဒါဟာ ရေးရဲ့ကမ္ဘာမဟုတ်လောက်ဘူး။
ရေးရဲ့ကမ္ဘာမှာ ရေးက မေမေ့ကို အိမ်သုတ်ဆေးသုတ်ပေးရင်း လှေကားပေါ်က ပြုတ်ကျခဲ့တာ။ ပြီးတော့ ရေးကမ္ဘာမှာ ရေးဟာ ဂေးမဟုတ်ခဲ့ဘူး။ ရေးမှာ ရေးသိပ်ချစ်ရတဲ့ ကောင်မလေး ရှိခဲ့တယ်။
Happy New Year ညမှာ ရေးသူ့ကို ချစ်ခွင့်ပန်ထားခဲ့တာ။ ၂၀၂၁ရဲ့အစ ၁ရက်နေ့မှာ ရေးလှေကားပေါ်က ပြုတ်ကျခဲ့တာ။ ပြန်ပြီး သတိရလာတော့ ရေးရောက်နေတာ ၂၀၂၅တဲ့လေ။ ဒါဆို ရေးချစ်ခွင့်ပန်ခဲ့တဲ့ ရင်ခတ်ပန်းဆိုတဲ့ ကောင်မလေးကရော ဘယ်တွေများ ရောက်နေခဲ့ပါသလဲ။
ရေးသူငယ်ချင်း လင်းထင်သာနဲ့ ချစ်သောမောင်တို့ကရော ဘယ်ရောက်နေပါသလဲ။ ဟုတ်တယ် ဒါတွေကို မေမေ့ကို မေးမှဖြစ်မယ်။
အခန်းထဲက အမြန်ပြေးထွက်လာပြီး မေမေတို့အိမ်ကို သွားလိုက်တယ်။
"မေမေ မေမေ့"
"သား ဘာဖြစ်လို့လဲ။ ရေးကြီး သုတ်ပျာနဲ့ ဘာဖြစ်လာတာလဲ"
"မေမေ လင်းသာတို့ချစ်သောတို့နဲ့ သားနဲ့ အဆက်အသွယ်ရှိသေးလား မေမေ"
"အင်း ရှိသေးတယ်လေ သားရဲ့"
"ဒါဆို သားဖုန်းရောမေမေ သားဖုန်းရော"
"မေမေ မသိဘူးလေ သားရဲ့ သားခွန်ကို မေးကြည့်လေ"
"ဦးဝေက ဘယ်မှာလဲ မေမေ"
"ဘယ်က ဦးဝေလဲသား"
"ခွန်ဦးဝေလေ ခွန်ဦးဝေ"
"ရုံးမှာပေါ့ သားရဲ့"
"ရုံးက ဘယ်မှာလဲ"
"ဘာလုပ်မလို့လဲ"
"လိုက်သွားမလို့လေ"
"ဪ . . . သားရယ် ရုံးအထိ လိုက်သွားစရာ မလိုပါဘူးကွယ်။ ဖုန်းဆက်လိုက်လည်း ရနေတာကို"
"သားမှ ဦးဝေရဲ့ ဖုန်းနံပတ်ကို မသိတာ"
"တားတိရယ် ပါးပါး"
"ရှူတူးလေးသိတယ်လား။ အာ့ဆို ဖေဖေ့ကို ဖုန်းခေါ်ပေးပါဦး"
"ဟုတ်"
ရှူတူးလေးက သူ့လက်မှာပတ်ထားတဲ့ နာရီလေးက ခလုတ်လေးကို တစ်ချက်နှိပ်လိုက်ပြီး ဦးဝေကို ဖုန်းခေါ်ပေးတယ်။ လွယ်သားပဲ။ ခလုတ်လေးတစ်ချက် နှိပ်လိုက်ရုံပဲ။
"ဟဲလို သားသားပြော"
"ဖေဖေ တားတားကြောမရို့ မဟုတ်ဘူး။ ပါးပါးကြောချင်ရို့တဲ့"
"ဟုတ်လား ဖေ့သားလေးပြောမှာမဟုတ်ဘူးပေါ့"
"ဟုတ်"
"ရေးငယ် ပြောလေ။ ဘာပြောစရာ ရှိလို့လဲ"
"ကျွန်တော့်ဖုန်း ဘယ်မှာထားလဲ သိချင်လို့ပါ ဦးဝေ"
"ရေးငယ်ဖုန်းကို ကိုယ်တို့ အခန်းထဲက အံဆွဲလေးထဲမှာပဲ ထည့်ထားတယ်"
"ဟုတ် ကျေးဇူး ဦးဝေ"
"သား ရပြီ ဖုန်းချလိုက်တော့"
ရှူတူးလေးကို ဖုန်းချခိုင်းလိုက်တော့ ရှူတူးက သူဖေဖေကို ဖုန်းချခိုင်းနေပါတယ်။ ဒီကလေး ခလုတ်တစ်ချက်ပဲ နှိပ်တတ်သလားမသိ။
"ဖေဖေ့ ဖုန်းချရိုက်တော့နော်"
"ဟုတ်ကဲ့ပါ ခင်ဗျာ"
ဖုန်းက ဟိုဘက်အိမ်မှာဆိုတော့ ဟိုဘက်အိမ်ကို တစ်ခါ ပြန်ရပါဦးမယ်။
"ရှူတူး ငါ့. . .ပါးပါးကို ဖုန်းလိုက်ရှာပေးဦး"
"ဟုတ်"
ရှူတူးလေးကို ဖုန်းကူရှာပေးဖို့ ခေါ်လာခဲ့လိုက်တယ်။ မေ့နေတဲ့ ကိုယ်က ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာကို မသိတော့လောက်အောက် အစိမ်းသက်သက် ဖြစ်နေပေမယ့် ရှူတူးလေးတို့အတွက်ကတော့ မစိမ်းဘူးမဟုတ်လား။
အိမ်ထဲခန်းကို ရောက်တာနဲ့ ရှူတူးက သူ့ဖေဖေပြောတဲ့ အံဆွဲလေးကို သွားဆွဲပြီ ဖုန်းကိုထုတ်ပေးလာတယ်။ ကိုယ်ဆိုရင် အဲ့ဒီအံဆွဲကို ရှာနေရဦးမှာပါ။ ရှူတူးကတော့ သူ့အဖေပြောတဲ့ အံဆွဲက ဘယ်အံဆွဲဆိုတာကို ချက်ချင်း သိတဲ့ပုံပါပဲ။
"ပါး"
"အင်း"
"ဖေဖေက ပက်ချံတွေရဲ ဒီထဲပဲထည့်တာ"
"အင်း"
"ပါးရိုချင်တာမှန်တည ဒီထဲမှာ ချိရယ်နော်"
"အင်း"
ဒီကလေးတွေ ကလေးရော ဟုတ်ရဲ့လားမသိပေ။ ကလေးတစ်ယောက်က ဒီလောက်ထိ တတ်ပါ့မလား။ ရေး ရုပ်ရှင်တွေထဲကလို Parallel Universe ကိုများ ရောက်လာသလားပဲ။
ဖုန်းကိုယူကြည့်တော့ Pinနဲ့ ခံထားတာမို့ ဘာကို ရိုက်လို့ ရိုက်ရမှန်း မသိပေ။ အရင်က ဖုန်းကို Pattern ချထားတာပါ။ ဪ မေ့လို့ ငါးနှစ်တောင်ကြာသွားခဲ့ပြီလေ။ ကိုယ့်အသက် ၂၁မှ မဟုတ်တော့တာ။
Finger Print နဲ့ ဖွင့်လိုက်တော့လည်း မပွင့်တာမို့ စိတ်ရှုပ်သွားရတယ်။ ဒါ ငါ့ဖုန်း မဟုတ်ဘူးလား။
"ပါး အဲ့ရက် မဟုတ်ဘူးရေ"
"ဟင်"
"အဲ့ရက် မဟုတ်ဘူး ဒီရက် ဒီရက်"
ရှူတူးက ရေးရဲ့ လက်ခလယ်လေးကို လာယူပြီး Finger Print မှာ ဖွင့်လိုက်တော့ ပွင့်သွားတယ်။
"ရှူတူးက ပါးဖုန်းကို ဘယ်လိုဖွင့်ရတယ်ဆိုတာ သိတယ်လား"
"ဟုတ်"
"Pin နံပတ်ရော သိလား"
"ဟုတ်"
"နံပတ်ကဘာလဲ"
"တုန်ညတွေရေ"
"ဪ . . . ငါ ခက်ခက်ခဲခဲ ပေးထားတာပဲ။ ကလေးက သိနေတယ်ဆိုတော့ တော်လိုက်တာလို့ တွေးတော့မလို့။ ပြီးမှ တုန်ညတွေရေတဲ့"
နေပါဦး ငါဘာလို့ Finger Print ကို လက်ညှိုးနဲ့မထားဘဲ လက်ခနဲ ထားတာပါလိမ့်။ အမလေး ငါးနှစ်တာအတွင်း သေးသေးမွှားမွှားကအစ ငါအကုန်ပြောင်းလဲသွားတာပါ့လား။
ဖုန်းနံပတ်တွေ ပြန်ရှာတော့ လင်းသာနဲ့ချစ်သောရဲ့ ဖုန်းနံပတ်တွေကို တွေ့တာမို့ အရင်းဆုံး လင်းသာကို ဖုန်းခေါ်ကြည့်လိုက်တယ်။
"ဟဲလို"
"အမလေး ရေးခြယ်သူ ကြားသားမိုးကြိုး ငါ့ကို ဖုန်းတွေ ဘာတွေ ဆက်လို့ပါ့လား"
"အရင်က ငါမင်းတို့ကို ဖုန်းမဆက်ဘူးလား"
"ယောင်္ကျားနဲ့သားတွေနားက မခွာတဲ့သူက ငါတို့ကို ပလစ်ထားတာလေ"
"မင်းအားတဲ့အချိန် ချစ်သောကို ခေါ်ပြီး ငါ့ဆီကို လာပေးကြပါဦးကွာ။ လွန်ခဲ့တဲ့ငါးနှစ်က အကြောင်းအရာတွေကို ငါတစ်ခုမှ မမှတ်မိတော့လို့"
"ဟေ့ကောင်ရေး လာနောက် မနေနဲ့"
"အတည်ပြောတာ လင်းသာရ။ ငါ အက်စီးဒန့်ဖြစ်ပြီး ပြီးခဲ့တဲ့ ငါးနှစ်လုံးကို မေ့သွားတာ။ မယုံရင် မင်းတို့အားတဲ့နေ့ ငါအိမ်ကို လာခဲ့ပေးကွာနော်"
"အေး မင်းငါ့ကို ဖုန်းစဆက်တယ်ဆိုကတည်းက နည်းနည်းတော့ ထူးဆန်းသလို ရှိတယ်။ ဒါပေမဲ့ ယုံတော့မယုံဘူး ဟေ့ကောင်။ မင်း အက်စီးဒန့်ဖြစ်တာလည်း မကြားလိုက်မိပါ့လား"
"အေး အဲ့ဒါကြောင့် လာခဲ့လို့ ငါ့အိမ်ကို"
"Ok Ok လာခဲ့မယ်"
လင်းသာတို့နဲ့ တွေ့တဲ့အခါ မေးစရာတွေအများကြီးပင်။ ဒီလောက် တပူပူး တကပ်ကပ်နေခဲ့တဲ့ သူတို့ကိုတောင် ပလစ်ထားတယ်ဆိုတော့ ဘာ့ကြောင့်များပါ့လိမ့်။ ပြီးတော့ လင်းသာတို့က ရေး ဆေးရုံတက်ခဲ့ရတာကို ဘာလို့မသိရတာလဲ။ ဦးဝေက ဘယ်သူ့ကိုမှ အကြောင်းမကြားခဲ့တာလား။ ဘာလို့လဲ။
VOUS LISEZ
OMG . . . My Future Husband is Him !!!
Roman d'amourဘဝထဲကို ရုတ်တရက်ဆိုသလို ယောင်္ကျားတစ်ယောက်နဲ့ ကလေးလေးနှစ်ယောက် ရောက်လာခဲ့ကြတယ်။