(မင်းမာန်၏ သူငယ်ချင်းများ ပြောလည်း ပြောချင်စရာပေ။ တကယ်ဆို နောင်မင်းမာန်ဟုခေါ်သော နောင်နှင့် ညီမင်းမာန်ဟုခေါ်သော သူကား အမွှာညီအစ်ကိုများဖြစ်ကြပါသည်။ သို့သော် သူများအမွှာတွေလို တစ်နေ့တည်းတစ်ချိန်တည်း မွေးလာသည် မဟုတ်ပါ။ နောင်ကား ညသန်းခေါင်မကျော်ခင်မွေးကာ သူကား ညသန်းခေါင်ကျော် နောက်တစ်နေ့သို့ ကူးခါစ ဆယ်နှစ်နာရီ ၁မိနစ် တိတိတွင်မွေးခဲ့သည်ကြောင့် သူတို့နှစ်ဦးကား အမွှာညီနောင်များဖြစ်ပါလျက် နေ့ခြားနေကြခြင်း ဖြစ်ပါသည်။ ထို့ကြောင့်ပင် ရုပ်ချင်းခွဲမရအောင်တူပါလျက် အမူအကျင့်တို့က သိသာစွာ ကွဲပြားနေသည်လား မပြောတတ်ပါချေ။ နောင်ကား အနေတည်ကြည်ကာ အေးဆေးသလောက် သူကတော့ ပျော်ရွှင်စွာနေတတ်သူ။ နောင်ကား မယ်ဖုရားတို့ ချပေးထားသော ပုံစံခွက်ထဲတွင် နေသားကျသလောက် သူကတော့ အံမဝင်သူ။ မေဖုရားဆိုမှ မေဖုရားခေါ်ရသော အကြောင်းကို ရှင်းရပါဦးမည်။ သူတို့မျိုးနွယ်က မင်းမျိုးဟုဆိုကြပါသည်။ ထို့ကြောင့်ပင် ထိမ်းမြားမင်္ဂလာ ပြုလျှင်တောင် မင်းမျိုးချင်းမှပြုကြပါသည်။ အနွယ်အဆက်ပြတ်မှာ စိုးသည်တဲ့။ သူကတော့ ကံကောင်းသည်ဟု ပြောရမည်။ နောင့်မှာသာ လူကြီးချင်းစီစဉ်ထားသော မိန်းကလေးရှိသည်။ သူ့ကိုတော့ အမွှာမွေးမည်မှန်းလည်း မသိသဖြင့် သူနှင့် စီစဉ်စရာ မရှိဖြစ်နေသည်။
မင်းမျိုးမင်းနွယ်များထဲတွင် သူတို့မျိုးရိုးကား သြဇာအာဏာအကြီးဆုံးပင်။ မျိုးရိုးအရရော ဓနအင်အားအရပါ ကွာခြားလွန်းလှသည်မဟုတ်ပါလား။ သူ့အဖေ ဦးမင်းခန့်ထည် ပိုင်ဆိုင်သော စီးပွားရေးကို မြန်မာပြည်တွင် လက်ညိုးထိုးပါက လွဲခဲမည်ထင်သည်။ သူ့အမေ ဒေါ်နန်းရွှေရည်ဖက်ကရော ကြည့်ဦးမလား။ ရှေးခေတ်က စော်ဘွားမျိုးတဲ့။ အားလုံးက ဂုဏ်ယူကြပေမယ့် သူကတော့ ဂုဏ်မယူတတ်ပါ။ လူချင်းအတူတူ မော်ဖူးရသော ကာလကား လွန်ခဲ့ပြီဟု သူထင်ပါသည်။ တစ်ခြားသူများ လွတ်မြောက်နေကြပေမယ့် သူကတော့ မလွတ်မြောက်နိုင်ပါ။ သခင်ကလေး အခေါ်ခံကာ အရာရာတွင် စည်းစနစ်များ ဖြင့် ချုပ်နှောင်ခံနေရသည်ဟု သူထင်မိပါသည်။ သူ့သူငယ်ချင်းဟု ခေါ်နေသော ဘိုလေးပင် တကယ်တော့ သူ့တပည့်တစ်ဦးသာ ဖြစ်ပေသည်။ အိမ်တွင်တော့ သူ့ကိုဘိုလေးက သခင်လေးဟု ခေါ်ရသည်။ အပြင်တွင်တော့ သူ ထုံးတမ်းစဉ်လာများကို ဘယ်တော့မှ မလိုက်နာတတ်ပါ။ နောင်ကတော့ မေဖုရားတို့၏ အရုပ်ကလေး တစ်ရုပ်ပမာပင်။ အရာရာ မေဖုရားတို့အလိုကျ။ သူကတော့ ထိုသို့မဟုတ်ပါ။ ထို့ကြောင့်ပင် ညီမင်းမာန် ဆိုသည့်သူကား အမျိုးထဲတွင် ဆိုးသည်ဟု သတင်းထွက်ခဲ့ရပါသည်။ အထက်တန်းကျောင်းတုန်းကလည်း ဆရာဆရာမများကပင် အံ့အားသင့် ရသည်။ အစအနောက်ကသန်၊ ဒေါင်းတောက်အောင်လည်းဆော့သော သူ့ကို နောင်နှင့် အမွှာညီဟု ရုပ်ချင်းတူလှ၍ သာ လက်ခံရဟန်ရှိပါသည်။ နောင်ကတော့ သူနှင့်ဆန့်ကျင်ဖက်ပင်။ သို့ပေမယ့် သူကားနောင့်ထက်ပို၍ စာတော်ပါသည်။ သူက တစ်ဆို နောင်ကအမြဲနှစ်ဖြစ်ရသည်။ နောင်က ပို၍ကြိုးစားပါလျက် သူက အမြဲပင် တစ်ဖြစ်နေသည်ကတော့ မတတ်နိုင်ပါ။ ယခုလည်း ဆယ်တန်းစာမေးပွဲကို သူက တစ်နိုင်ငံလုံးအဆင့် ပထမဖြင့် ဝင်ခဲ့ပါလျက် သူ့ထက်စာပိုကျက်သော နောင်က ၆ ဘာသာဂုဏ်ထူးနှင့်ပင် ကျေနပ်ခဲ့ရသည်။ စာတော်၍သာ တော်တော့သည်။ စာများမတော်လျှင်တော့...........သူကား ဒီအမျိုးအဆွေတွေကြားထဲတွင် မျက်မုန်းကျိုးခံရမည်မှာ မလွဲပါပေ။ အတွေးများနဲ့ မြောနေသော သူ....ဘိုလေး၏ အသံကြားမှ သတိဝင်မိသည်။)
YOU ARE READING
ရွှေမင်းသားရဲ့ ဖူးစာဖက်
Romanceမင်းမျိုးမင်းနွယ်ဖြစ်ပြီး ဩဇာကြီးလွန်းသော အသိုင်းအဝိုင်းမှ နောင်မင်းမာန်နှင့် ညီမင်းမာန်ဟူသော အမွှာ ညီအစ်ကို နှစ်ယောက် အနွယ်တော်ဖြစ်ပြီး ချမ်းသာကာ ဂုဏ်မောက်သော ယွန်းထိပ်ထား အနွယ်တော်ဖြစ်သော်လည်း ဂုဏ်မမောက်ဘဲ သာမန်လူကဲ့သို့သာ နေလေ့ရှိသော စောထိပ်ထားဦး...