(မင်းမာန်တို့ထွက်သွားပြီးနောက်တွင်တော့ စောတစ်ယောက် ယွန်းကို.....
ယွန်းရယ်......နင်ကလေ လုပ်လိုက်မှဖြင့် အရမ်းကြီးပဲ
အေးလေဟယ် တစ်ဖက်သားကို ဘယ်လောက်အားနာစရာကောင်းလဲ။ ငါတို့မှာ ထိုင်စရာမရှိဖြစ်နေတုန်း သူတို့က စေတနာနဲ့လည်း လာခေါ်ရသေးတယ်။ နင်ကတော့......
ကြည့်စမ်း.....စောနဲ့ကေသီ..နင်တို့က အခုမှတွေ့ရတဲ့လူကိုဘက်လိုက်နေတယ်ပေါ့လေ။
အယ် ငါတို့ကအကောင်းပြောတာကို နော် စော
အေးလေ ယွန်းရယ် နင်ကလည်းမေးသေး ဟိုက ဖြေတော့လည်း နင်ကပဲပြောသေး
စော.....နင် စောထိပ်ထားဦးမှ ဟုတ်ရဲ့လား။
ဟင်..ယွန်းရယ်...ဘာဖြစ်ရပြန်တာလဲဟယ်။ အရင်းမရှိ အဖျားမရှိ။
အေး စောထိပ်ထားဦးဆိုတဲ့နင့်နာမည်နဲ့ ယွန်းထိပ်ထားဆိုတဲ့ ငါတို့နာမည်တွေက ထိပ်ထားဆိုတာ ခုခေတ် လူတွေထည့်ချင်တိုင်းထည့်လို့ရလို့ ထည့်ထားတဲ့ နာမည်တွေမဟုတ်ဘူးနော်။ ငါတို့မျိုးနွယ်အရ မှည့်ခေါ်ထားရတဲ့ နာမည်တွေ။
အေးလေ အဲ့ဒါနဲ့ဘာဆိုင်လို့လဲ ယွန်းရယ်။ ရှင်းရှင်းပြောစမ်းပါဟယ်။
ဒါနဲ့တောင်နင် ထိပ်တင်သူရိန်လင်းကို မသိဘူးလား။
ပြောချင်တာကိုသာ တည့်တည့်ပြောစမ်းပါယွန်းရယ်။ စကားထာလာဝှက်မနေပါနဲ့။
သူ့နာမည်မှာလည်း ထိပ်တင် ပါနေတာသတိမထားမိဘူးလား။ ထိပ်တင်သူရိန်လင်းဆိုတာ တစ်ခြားမဟုတ်ဘူး ဆွေတော်မျိုးတော်တွေထဲမှာ သြဇာအရှိဆုံး ထိပ်တင်လတ်ရဲ့သားတော်ပဲ။
အေး အဲ့တော့ဘာဖြစ်လဲ။ ငါလည်း သဲ့သဲ့တော့ကြားဖူးသား။
စော.....နင်ကလေ..ဘယ်လိုမှန်းကိုမသိဘူး။ အနွယ်တော်အချင်းချင်းအကြောင်းကိုမှ သဲ့သဲ့ကြားဖူးသတဲ့ လား။ ငါ့လို နိုင်ငံခြားမှာကြီးတဲ့သူတောင် သိသေးတာ။ နင်က မြန်မာနိုင်ငံမှာပဲ နေနေတာ။ ကြားဖူးရမှာမဟုတ်ဘူး သိရမှာ။ သိရမှာ။
အေးပါဟယ် ထားပါတော့။ နင်ပြောနေတာ အခုကိစ္စနဲ့ဘာဆိုင်လို့လဲ။
ဆိုင်တာပေါ့ဟဲ့။ မင်းမာန်က တစ်နိုင်ငံလုံးပထမလို့ ပြောသွားတယ်မဟုတ်လား။ သူသာ တကယ်ပထမ ဆိုရင် ထိပ်တင်သူရိန်လင်းက ဘယ်မှာလဲ။ ပူးတွဲပထမမှ မရှိတာ။ ဒီတော့ သူကတကယ်ပထမဆိုရင် သူဟာ ထိပ်တင်သူရိန်လင်းဖြစ်မနေဘူးလား။ သူသာ ထိပ်တင်သူရိန်လင်းဆိုရင် သူငယ်ချင်းအချင်းချင်းခေါ်ရင်လည်း သူရိန်လင်းဖြစ်ဖြစ် သူရိန်ဖြစ်ဖြစ် ဖြစ်ရမှာပေါ့။ ခုတော့ မင်းမာန်တဲ့။ သူ့နာမည် ညီမင်းမာန်လို့ သူပဲပြောသွားတာ မဟုတ်လား။ ပြီးတော့ သူ့လိုပုံကလည်း ထိပ်တင်သူရိန်လင်းဖြစ်မှာမဟုတ်ဘူး။ ချမ်းသာပုံတော့ ရှိပေမယ့် မင်းမျိုး မင်းနွယ်ပုံစံနည်းနည်းမှကို မဝင်ပါဘူးဟာ။ သူစားသွားတဲ့ပုံကြည့်ပါလား။ သူသာ တကယ် ထိပ်တင်သူရိန်လင်းဆိုရင် ဒီလိုစားပါ့မလား။ ကြက်ကြော်ကို လက်နဲ့ကိုင်ပြီး စားသွားသေးတယ်။ အံ့ပါရဲ့ မိန်းကလေးတွေ ရှေ့တောင် ဟန်ဆောင်ပြီးမစားဘူး။
အော်....ပြောလေကဲလေပါပဲလား ယွန်းရယ်။ နင်လည်းလေ မင်းမာန်ကိုမှ ဘယ်လိုဖြစ်လို့ အမြင်ကပ် နေရတာလဲ။
အေးလေ...မင်းမာန်က စတွေ့ကတည်းက ယဉ်ယဉ်ကျေးကျေးပါဟယ်ယွန်းရယ်။ နောက်တွေ့ရင် ကောင်းကောင်းမွန်မွန် ဆက်ဆံစမ်းပါ။ လာလာ အတန်းသွားတက်ရအောင် ငါတို့တောင် နောက်ကျနေပြီလား မသိဘူး။
(ကေသီက ဒီလိုပြောပြီး ပိုက်ဆံရှင်းမယ်လို့ စားပွဲထိုးလေးကိုခေါ်တော့...........)
၂၀၀၀ ပါခင်ဗျ
ဟင်..ဟုတ်ရဲ့လား သေချာပြန်တွက်ပါဦး စောတို့စားထားတာ ၂၀၀၀ မှမကတာကို။
သေချာပါတယ်ခင်ဗျ။ ကျန်တာတွေက ဟိုအစ်ကိုလေးတွေရှင်းသွားပါတယ်။ ဒီက အစ်မလေး တစ်ယောက်စာပဲ မရှင်းသွားလို့ပါ။
(စားပွဲထိုးထံမှ ထိုသို့ကြားရသည့်အခါတွင်တော့ ယွန်းတစ်ယောက်.........)
ဘာ...ဒါဘာသဘောလဲ....ရှင်းရင်လည်း အားလုံးရှင်း။ မရှင်းရင်လည်း နေပေါ့။ ခုတော့ ဒါတမင် ငါ့ကိုလုပ်တာ။
ဟဲ့ ယွန်းရယ် နင်ကလေ...ကန်တင်းကြီးမှာဟယ်။ လာလာ...
(ယွန်းတစ်ယောက် သောင်းကျန်းနေလေတော့ စောတို့က စားပွဲထိုးလေးကို ကပြာကယာ ပိုက်ဆံရှင်းကာ ထွက်လာခဲ့ကြ ပါတော့သည်။ အတန်းထဲရောက်တော့ ယွန်းက မင်းမာန်တို့ကို မျက်စောင်းတခဲခဲ။ မင်းမာန်တို့ကတော့ ဘာမှမသိသည့်ပုံစံဖြင့် ပြန်တောင်ရယ်ပြနေသေး။ အင်းခက်သည်... ယွန်းနဲ့မင်းမာန်ကြောင့်တော့ ခက်လေပြီ။)
(ထိုအချိန် တစ်ခြားတစ်ဖက်တွင်လည်း......ရန်ကုန်မြို့၏ ကြပ်လှသောကားတွေကြောင့် ကားလေးကာ ပြေးလိုက်နှေးလိုက်ဖြစ်နေရသည်။ ကားထဲမှ ဖွင့်ထားသော သီချင်းကိုနားထောင်ရင်း နောင်မင်းမာန် မျက်လုံးကိုမှိတ်ထားမိသည်။ မည်မျှကြာသွားသည် မသိ သီဟရဲ့ ရောက်ပြီသခင်လေး ဆိုသည့် အသံကြားမှ သူမျက်လုံးဖွင့်မိသည်။ ဆေးတက္ကသိုလ်(၁)တဲ့။ နောက်ဆုံးတော့ သူရောက်လာပါပြီ။ ညီညီကတော့ သူ့ကိုဝါသနာပါရဲ့လားမေးသည်။ တကယ်တော့ သူဘာကိုဝါသနာပါမှန်း သူသေချာပင် မသိပါ။ မေဖုရားတို့ မိန့်ဆိုဆုံးမသည့်အတိုင်း သူနာခံခဲ့သည်ချည်းပဲမဟုတ်လား။ မေဖုရားတို့ ကောင်းလျှင် သူကောင်းသည်။ မေဖုရားတို့ ခိုင်းလျှင်သူလုပ်သည်။ ဒါသည်ပင် သူ့ဘဝပါပေ။ ညီညီကတော့ ထိုသို့မဟုတ်။ သူထင်ရာကိုသာ လုပ်သည်။ နန်းဓလေ့ထုံးစံများကိုလည်း အိမ်မှာ လိုက်နာ သည်ကလွဲလို့ အပြင်တွင် ဘယ်တော့မှ မလိုက်နာတတ်။ သူ့တွင် သီဟ။ ညီ့တွင် ဘိုလေး ရှိပါလျက်နှင့် ညီက ဘိုလေးကို သူငယ်ချင်းပေါင်း ပေါင်းသည်။ သူ့ကားကို သူကိုယ်တိုင်မောင်းသည်။ ဘိုလေး မောင်းရသည်က ရှားလေသည်။ အိမ်တော်ထဲ ဝင်ခါနီးတွင်တော့ မေဖုရားမာန်မှာစိုး၍ ဘိုလေးကို မောင်းခိုင်းတတ်သည်။ အင်း...အငယ်ဖြစ်၍ ဆိုးသည်ဟု ဆိုရအောင်ကလည်း သူနှင့်ညီကား အမွှာများပင် မဟုတ်လား။ သီဟ တံခါးလာဖွင့်ပေး၍ သူဆင်းလိုက်ပါသည်။ ထို့နောက် စာသင်ခန်းဖက် လမ်းလျှောက်လာရာ တစ်နေရာတွင်တော့ သူကောင်မလေးတစ်ယောက်ကို ဝင်တိုက် လိုက် မိပါသည်။ အရှိန်သိပ်မပြင်းသည်မို့ မလဲသွားသော်လည်း ကောင်မလေးလက်ထဲက စာရွက်များ ပြန့်ကျဲကုန် သည်မို့ သူကောက်ပေးရင်းက...)
တောင်းပန်ပါတယ်ခင်ဗျာ။ မတော်လို့ပါ။
ရပါတယ် မမနွေးအမှားပါ။
( သူ့ကိုယ်သူ မမနွေးဟုဆိုလာသော ထိုကောင်မလေးကို နောင်ကြည့်လိုက်မိပါသည်။ ဘုရားဘုရား...... လူပင်ဟုတ်ပါလေစ။ နတ်သမီးလေးများ နတ်သက်ကြွေ၍လူ့ပြည်ရောက်လာလေသလား။ သူ တအံ့တသြငေး နေမိတော့ ထိုမိန်းမချောလေးက ပြုံးရင်းက.........)
မမနွေး စာရွက်လေးတွေ
အော် ဟုတ်ကဲ့ခင်ဗျ။ ဒီမှာပါ။ နောင့် နာမည်က ထိပ်တင်သူရိန်ရှင်းပါခင်ဗျာ။ အခုမှ ကျောင်းစတက်မှာပါ ခင်ဗျာ။
အော်...ပထမနှစ်ကျောင်းသားကလေးပေါ့။ မမက ယုယနွေးပါ။ တတိယနှစ်ပေါ့။
ဗျာ....တကယ်လား
ဘာဖြစ်လို့လဲ
မမနွေးက သိပ်နုတော့ ကျွန်တော်က အသက်မကွာဘူးထင်နေတာ။
မင်းလည်း အခုမှကျောင်းစတက်ရမယ်သာပြောတာ မိန်းကလေးတွေကို မြှောက်တတ်နေပြီလား။
ဟာ...မဟုတ်ပါဘူး။ နောင် တကယ်ပြောတာပါ။
ကဲ မောင်လေး မမနွေးကိုခွင့်ပြုဦးနော်။ အတန်းနောက်ကျနေမှာစိုးလို့။
အော်..ဟုတ်ကဲ့ခင်ဗျ။
(ယုယနွေးတဲ့ လှလိုက်တဲ့နာမည်လေးပါလား။ နာမည်နဲ့လူနဲ့လည်း လိုက်ပါပေရဲ့။ အသံလေးကိုက နွေးနွေးထွေးထွေးလေးမဟုတ်ပါလား။ ထိုအသံလေးကြောင့်ပင် သူ့ဝဲဘက်ရင်အုံတစ်ခြမ်း နွေးကနဲ ဖြစ်သွားရသည်က ဘာကြောင့်များပါလိမ့်။ သူဘယ်လောက်ကြာအောင် ငေးငိုင်နေမိလဲမသိ တစ်စုံ တစ်ယောက်က သူ့ပခုံးကို လာပုတ်သည်ကြောင့် လှည့်ကြည့်မိတော့ ကျော်စွာ.....)
နောင်.......မင်းဘာတွေတွေးနေတာလဲကွာ။ ရပ်နေတာများ ကျောက်ရုပ်အတိုင်းပဲ။
ဘာမှ မဟုတ်ပါဘူးကွာ။
ဘာ ဘာမှမဟုတ်ဘူးလဲ။ ငါအစအဆုံးမြင်တယ် နောင်။ မင်းကောင်မလေးကဖြင့် ထွက်သွားတာကြာပြီ ငေးနေလိုက်တာများ ငါမသိဘူးထင်နေတာလား။
ဘယ်က ငါ့ကောင်မလေးရမှာလဲကွာ။ တတိယနှစ်တဲ့။
ဘာ ဟုတ်လို့လားကွာ မင်းကိုဖိန့်သွားတာများလား။
အဲ့လိုတော့ မဟုတ်လောက်ဘူးကွ။ သူက စပြောကတည်းက မမနွေးလို့ပြောတာ။
မမနွေးဆိုတော့ ငါ့သူငယ်ချင်းရဲ့ ဝဲဘက်ရင်အုံလေးလည်း နွေးသွားတယ်ပေါ့ ဟုတ်လား။
ငါ့အကြောင်းလည်း သိသားနဲ့ကျော်စွာရာ။ ပြီးတော့ ငါတို့တွေက ငယ်ပါသေးတယ်။ လာပါ အတန်းသွား တက်ရအောင်။
(ကျော်စွာ့ကို ဒီလိုပြန်ပြောလိုက်ပေမယ့် သူ့ဝဲဘက်ရင်အုံလေးနွေးသွားခဲ့သည်ကိုတော့ သူပင်သိပါသည်။ ဒါကပင် အချစ်လား။ အချစ်ဆိုသည်ကို သူပုံမဖော်တတ်သေးပါ။ ပုံဖော်ရန်လည်း မလိုပါ။ အချိန်တန်လျှင် သူလက်ဆက်ရမည့် သူက သူဖွားကတည်းကပင် ရှိနှင့်ခဲ့ပြီမဟုတ်လား။ မမနွေးလှလွန်းသဖြင့် သူငေးမိခြင်း သာ ဖြစ်မည်ထင်ပါသည်လေ။)
YOU ARE READING
ရွှေမင်းသားရဲ့ ဖူးစာဖက်
Romanceမင်းမျိုးမင်းနွယ်ဖြစ်ပြီး ဩဇာကြီးလွန်းသော အသိုင်းအဝိုင်းမှ နောင်မင်းမာန်နှင့် ညီမင်းမာန်ဟူသော အမွှာ ညီအစ်ကို နှစ်ယောက် အနွယ်တော်ဖြစ်ပြီး ချမ်းသာကာ ဂုဏ်မောက်သော ယွန်းထိပ်ထား အနွယ်တော်ဖြစ်သော်လည်း ဂုဏ်မမောက်ဘဲ သာမန်လူကဲ့သို့သာ နေလေ့ရှိသော စောထိပ်ထားဦး...