(ဒီနေ့ကား သူတက္ကသိုလ်စတက်ရသော နေ့ပါပင်။ သူ၊ ဘိုလေး၊ ဝဏ္ဏ၊ ခွန်သာနှင့် တေဇာတို့ ငါးယောက်လုံး ၀ါသနာတူသည်မို့ ခုလည်း တူတူကျောင်းတက်ကြရပြန်ပါပြီ။ ကျောင်းရှေ့တွင် ခေတ္တရပ်လိုက်ရင်း ကျောင်းတော်ကြီးကို သူကြည့်လိုက်မိသည်။ ထိုသို့ ကြည့်လိုက်မိ တော့ ဂုဏ်ယူဝင့်ကြွားသောစိတ်၊ အားတက် တက်ကြွသောစိတ်တို့က ဝင်ရောက်လာတော့သည်။ ဒီကျောင်းမှ ကျောင်းသားဟောင်းကြီး တစ်ယောက်ပြောခဲ့ဖူးသလိုပင် ကျောင်းတော်ကြီး၏ ပင်မအဆောက်အဦ ကြီးကား အေသင်မြို့ အက်ခရိုပိုလပ် တောင်ကုန်းပေါ်မှ ဂရိလက်ရာ ပါသီနွန်အဆောက်အဦကဲ့သို့ပင် လက်ရာပြေပြစ်လွန်းလှသည်။ ဒီကျောင်းတော်ကြီး ကား နှစ်ပေါင်းများစွာ တိတ်ဆိတ်လျက်ရှိသော ရန်ကုန်နည်းပညာတက္ကသိုလ် ပင်ဖြစ်ပါသည်။ ကျောင်းတော်ကြီးကား လာရောက်သော ကျောင်းသူ ကျောင်းသား အပေါင်းကို နွေးထွေးစွာကြိုဆို ကြိုဆိုနေ သယောင်၊ ရှစ်ပါးသော လောကဓံကို ကြံ့ကြံ့ ခံနိုင်အောင် သင်ပေးနေသယောင်ရှိနေလေသည်။ အတွေးများနဲ့ မိန့်မိန့်ကြီးရပ်နေမိသောသူ တစ်စုံ တစ်ယောက်၏ ဝင်တိုက်မှုကြောင့် ဖင်ထိုင်ရက်လဲသွားရသည်။ သူ့လိုပင် သူ့ကိုဝင်တိုက်သော ကောင်မလေးလည်း လဲသွားသည်ကိုလည်း သူသိလိုက်ပါသည်။ ထို့ကြောင့် သူမတ်တပ်ထရပ်လိုက် ရင်းက ကောင်မလေးကို ထူဖို့ပြင်လိုက်တော့........
အား....ကျွတ်..ကျွတ်....။ ရှင် ဘယ်နာသွားလဲဟင်။
ကျွန်တော်က ဘာမှမဖြစ်ပါဘူး။ မင်းရော ထနိုင်ရဲ့လား။ ဘယ်နှယ့် လူတစ်ယောက်လုံးကို ဝင်တိုက်ရတယ်လို့ဗျာ။
(ထိုသို့ အချီအချပြောနေသော်လည်း ကောင်မလေး သူ့မျက်နှာကို သေချာမမြင်သလို သူလည်း ကောင်မလေး မျက်နှာကို သေချာမတွေ့သေးပါ။ ကောင်မလေးကို ထူပေးလိုက်သည့် အခါတွင်တော့.............)
ဟင်....ဟိုနေ့က...
စော....စော..ဟုတ်ပါတယ်နော်။
ဟုတ်...ဒါနဲ့ အစ်ကိုက..ဘယ်လို...
(စောမေးသည်ကို သူမဖြေသေးဘဲ........)
စောက အခုမှကျောင်းစတက်မှာလား
ဟုတ်ကဲ့အစ်ကို...စောက ပထမနှစ်ပါ။ ဒါနဲ့အစ်ကိုက
ကျွန်တော့်ရုပ်က အဲ့လောက်ပဲရင့်နေလားစော
ရှင်.....
ကျွန်တော့်နာမည် ညီမင်းမာန်ပါ စော။ ကျွန်တော်လည်း အခုမှ ဒီကျောင်းကို စတက်ရမှာပါ။
ဟင်....အဲ့ဒါဆို ကော်ဖီဆိုင်က....
ကျွန်တော့်ဆိုင်ပါ အဲ....ကျွန်တော့်အစွမ်းအစနဲ့တော့ မဟုတ်ဘူးပေါ့။ ၀ါသနာပါလွန်းလို့ မိဘတွေကို ပူဆာထားရတာ။ ဒါနဲ့ စော...အဲ..စောလို့ခေါ်လို့ရပါတယ်နော်။
ရပါတယ်....စောနာမည်က စောထိပ်ထားဦးပါ။
စော ထိပ်ထားဦး...အင်း နာမည်က လှသားပဲ။ ဒါပေမယ့် နည်းနည်းတော့ တင်စီးတယ်နော်။
ဟို....အဲ့ဒါက...
ကျွန်တော်က စတာပါဗျာ။ နာမည်ပဲ ကိုယ့်မိဘတွေပေးထားတာ ကိုယ်ကပြင်ခွင့်မှမရှိတာ။
(သူနဲ့စော ဒီလိုပြောနေကြတုန်းမှာပဲ ဟိုကောင်တွေက ချောင်းဟန့်သံပေးရင်း.......)
အဟမ်း...အဟမ်း....ဟေ့ရောင် မင်းမာန် ငါတို့ကိုလည်း မိတ်ဆက်ပေးဦးလေကွာ။
စော...ဒါက ကျွန်တော့်သူငယ်ချင်းတွေ ဝဏ္ဏ၊ စိုင်းခွန်သာ၊ထွန်းတေဇာ နဲ့ သီဟထွန်းတဲ့။
ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်ဗျ။ ကျွန်တော်တို့ကို နောက်တွေ့ရင်လည်းခေါ်နိုင်ပါတယ်။ အကူအညီလိုရင်လည်း တောင်းနိုင်ပါတယ်။
စောလည်း ဝမ်းသာပါတယ်။ ဒါပေမယ့် အတန်းတက်ရဦးမှာမို့ ခွင့်ပြုဦးနော်။
အော်..ဟုတ်ကဲ့ဗျ။
( စောထွက်သွားတော့မှ သူက သတိတရဖြင့်.....)
ဟ.....ငါသူ့မေဂျာ မမေးလိုက်မိဘူးကွ။
မေဂျာသိတော့ မင်းဘာလုပ်မလို့လဲ။ ဟိုနေ့ကတော့ လေတစ်လုံးမိုးတစ်လုံးနဲ့ စိတ်မဝင်စားဘူး ဆိုကွ။
ဟာ....မင်းကလည်း မေဂျာသိချင်ရုံနဲ့ ချစ်ရရောလားကွ။
တော်စမ်းပါ မင်းမာန်ရာ။ ယောက်ျားပီပီသသ ဝန်ခံလိုက်စမ်းပါ။
တော်ပါတော့ကွာ...လာလာ ငါတို့လည်း အတန်းသွားတက်ရအောင်။
(သူ ဒီလိုပြောကာ အတန်းရှိရာကို ခပ်သွက်သွက်လှမ်းလိုက်မိပါသည်။ အချစ်...အချစ်ဆိုတာ ဘာလဲလို့ သူမသိသေး သည်မှာ အမှန်ပင်ဖြစ်ပါသည်။ သို့သော် စောကို မြင်လိုက်ရတိုင်း သူ့ရင်အေးချမ်း သွားရသည်ကလည်း အမှန်ပင်ဖြစ်ပါသည်။ သူ့ရင်ထဲက ခံစားမှုကို သူကိုယ်တိုင်ပင် အဓိပ္ပာယ် မဖော်တတ်ပါဘဲလျက် ဟိုကောင်တွေက ဖော်နိုင်သတဲ့လား။ စိတ်ဝင်စားမှုနဲ့ ချစ်မြတ်နိုးမှုကို ဒီကောင်တွေ ခွဲတတ်မည်လို့ သူမထင်ပါ။ သူကိုယ်တိုင်ပင်လျှင် မကွဲသေး။ သေချာသည်ကတော့ ထိုနှစ်ခု မတူညီတာပင်ဖြစ်ပါသည်။ စာသင်ခန်းထဲသို့ သူလှမ်းဝင်လိုက်မိတော့ သူ့ခြေလှမ်းများ တန့်သွားရပါသည်။ သူတန့်သွားတော့ ဘိုလေးက.....)
ဘာဖြစ်လို့လဲ မင်းမာန်..
ဟိုမှာ စော....
အေး စောကိုတော့မြင်..စောဘေးကိုရော မြင်ရဲ့လား
ဟင်.... ယက္ခမယ်တော်
အေး မင်းရဲ့ ယက္ခမယ်တော်.....ပြင်ထားလိုက်တာလည်း မင်းသမီးရှုံးလောက်တယ်
ငါ့ယက္ခမယ်တော်လို့ မပြောစမ်းပါနဲ့ကွာ
ဒါဆို မင်းရဲ့စောတော့ ဟုတ်တယ်လား
ဟေ့ရောင်တွေ မင်းတို့ကကွာ ဒီနေ့မှ ကျောင်းစတက်မှာ မျက်နှာမပျက်ချင်ကြစမ်းပါနဲ့။ လာလာ ဝင်ထိုင်ရအောင်။
ဟုတ်သားပဲ။ သူတို့က ပထနှစ်တွေမဟုတ်လား။ စောရဲ့မေဂျာကို သူမသိလည်း ကိစ္စမရှိပါ။ ပထမနှစ်များ အားလုံးက မိုင်နာ ဘာသာများကိုသာ အရင်သင်ကြားရသည်ပဲ။ နောက်မှသာ စောကို မေးရတော့မည်။ အခုလောလောဆယ်တော့ စောနှင့်သူ တစ်ခန်းတည်းဟူသော အသိကသူ့ကိုပျော်ရွှင်စေသည်။ ဘာကြောင့်မှန်းတော့ သူသေချာမသိပါ။ သူတို့အတန်းထဲ ရောက်ပြီးမကြာခင် အစည်းအဝေးခန်းမ သို့သွားကြရပါသည်။ အစည်းအဝေး ခန်းမစင်မြင့် ပေါ်တွင်တော့ ထိုင်ခုံများချထားသည်။ ဒီနေ့ သူတို့ ပထမဆုံးကျောင်းတက်ရသည့်နေ့မဟုတ်လား။ ထို့ကြောင့် ဆုံးမသြဝါဒနှင့် ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ပွဲရှိလေသည်ပဲ။ မကြာခင်မှာပဲ ပါမေက္ခချုပ်ဆရာကြီး နှင့် ဆရာဆရာမ များ ရောက်လာပါတယ်။ ပါချုပ်က သူတို့ကို ဆုံးမသြဝါဒစကား အနည်းငယ်မိန့်ကြားသည်။ ထို့နောက် တွင်တော့ သူတို့ကို ဘာသာရပ်ဆိုင်ရာ ပါမောက္ခဌာနမှူးများနှင့် မိတ်ဆက်ပေးသည်။ သူတို့မေဂျာ ဌာနမှူးကတော့ ဒေါက်တာ ထွန်းဝေဇော်။ ထိုနေ့တစ်ပိုင်းလုံးကတော့ ဆုံးမသြဝါများ၊ ဘာသာရပ် ဆိုင်ရာမိတ်ဆက်မှုများနဲ့သာ အချိန်ကုန်သွား သည်။
နေ့လယ်ထမင်းစားချိန်ရောက်တော့ သူတို့သည်လည်း ကန်တင်းဘက်သို့ထွက်လာခဲ့ပါသည်။ သူ ဒီကျောင်းကြီးကို တော်တော်ကို သဘောကျပါသည်။ ဘယ်နေရာသွားသွား အားလုံးက အမိုးအကာအောက်မှာပင် မဟုတ်လား။ တစ်ကျောင်းလုံးက အဆောင်များကို စင်္ကြန်များနှင့် ဆက်ထားသည်။ ကျောင်းသားအသစ်များဆိုတော့ သူတို့ ဘယ်ဆိုင်ကောင်းမှန်းမသိ ဘယ်မှာထိုင်ရမှန်း မသိဖြစ်နေသည်။ ဟိုဟို ဒီဒီလျှောက်ကြရင်း နွယ်ဦးမွန်ဆိုသည့် ဆိုင်ကလေးကို သူတွေ့လိုက်သည်။ ဒီနာမည်လေးက လှသည်။ ဆန်းသည်။ ထို့ကြောင့်ပင် သူဒီဆိုင်ကို ရွေးလိုက်တော့..............
မင်းမာန် မင်းကတော့ လုပ်ပြီ။ နာမည်လှတာနဲ့ရွေးရသလားကွာ။ ဟိုမှာ Glaxy ရှိတယ်လေကွာ။ Aircon လေးနဲ့ငြိမ့်လို့ရတယ်။ wifi သုံးလို့ရတယ်။ လာစမ်းပါကွာ။ အဲ့ဒီကိုပဲသွားရအောင်။
ငါခံစားမိနေတယ်။ လာစမ်းပါကွာ။
ဘာခံစားမိနေတာလဲ။
မသိဘူးကွာ။ တစ်ခုခုတော့တစ်ခုခုပဲ။ လာစမ်းပါကွာ။ စားမကောင်းရင် နောက်ရက်ပြောင်းထိုင်တာပေါ့။
လုပ်လုပ် ကိုယ်တော်လေး စိတ်ကြိုက်သာလုပ်။ ကျွန်တော်မျိုးတို့ နာခံပါ့မယ် ဟုတ်ပြီလား။
ဟာ ခွန်သာ...လူတွေကြားထဲမှာကွာ မနောက်ပါနဲ့။
နောက်တာမဟုတ်ဘူးဘုရာ့။ ဘုရာ့ကျွန်တော်မျိုး...
တော်သင့်ပြီကွာ မင်းတို့ကလည်း လာလာ
(သူ ဒီလိုပြောလိုက်ရင်း ဒီကောင်တွေကို ဆွဲခေါ်လာလိုက်ပါတယ်။ သူတို့ကတော့ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပါလာကြသည်။ ဒီကောင်တွေက ဂုဏ်မမက်ဘဲ ပေပေတေတေ နေရင်သာနေမယ် အစားကတော့ အကောင်းစားရမှ ကြိုက်တဲ့ကောင်တွေ။ ယခု သူခေါ်လာသည့် နွယ်ဦးမွန်တွင်တော့ သူတို့ကြိုက်တဲ့ တရုတ်စာများ ရမည်မထင်ပါ။ ထို့ကြောင့် ဒီကောင်တွေ ပေကပ်ကပ်ဖြစ်နေကြခြင်းပါပေ။ သူတို့နေရာယူလိုက်သည်က စားပွဲရှည်ကြီးတွင် ဖြစ်သည်။ ၀ါးကြမ်းခင်းလေး ခင်းထားသည်။ သက်ကယ်ဓနိမိုးလေး။ အပြင်အဆင်က တောဓလေ့ကိုရအောင် တမင် ပြင်ယူထားသော အပြင်အဆင်ပါပေ။ ဟိုကောင်တွေကတော့ မျက်နှာသိပ်မကြည်ကြ။ သူကတော့ ဒီဆိုင်လေးကို သဘောကျနေပါသည်။ ခဏအကြာတွင်တော့ စားပွဲထိုးလေး ရောက်လာကာ သူတို့ကို menu စာရွက်လေး လာပေးသည်။ Menu ကိုမြင်မှ ဟိုကောင်တွေပျော်သွားကြသည်။ အော် ဒီဆိုင်လေးတွင် ဒီလိုဟင်းမျိုးလည်း ရသည်လား။ တစ်ယောက်တစ်ပေါက်ဖြင့် မှာလိုက်ကြတာ စုံသွားသည်။ စားပွဲထိုးလေးပင် မျက်စိလည်သွားသည်။ မှာတာတွေကလည်း အများကြီး။ ဒီကောင်တွေက အဲ့လိုကောင်တွေပါ။ သူတို့မှာတာနဲ့တင် စုံနေပေပြီ။ ဘိုလေးကလည်း အမြဲတမ်းသူ့အတွက် မှာပေးနေကြမို့ သူမှာရန်မလိုတော့။ အပြင်ကိုငေးကာ ကြည့်လိုက်မိတော့ စော.... ဆိုင်ရှေ့တွင် ယောင်လည်လည်လေးဖြစ်နေသည်။ ဒီနေရာမျိုးတွင်တော့ ဝဏ္ဏကသွက်သည်။ သူ့လက်ကို ဆွဲခေါ်ကာ စောတို့ဆီလျှောက်သွားသည်။ ထို့နောက် ဝဏ္ဏကပင်......
စော..... ဘာဖြစ်လို့လဲ။ ကျွန်တော်တို့ဘာများကူညီပေးရမလဲ။
ဘာမှမဖြစ်ပါဘူး။ ဟို...ကန်တင်းတွေက လူပြည့်နေတော့
အော်...ဒါလား ကျွန်တော်တို့ဝိုင်းမှာ လာထိုင်ပါလား။
နေပါစေ စောတို့နောက်မှ စားပါတော့မယ်။
ကျွန်တော်ဝိုင်းက ကျယ်ပါတယ်။ လာပါ။ ကျောင်းသူကျောင်းသားအချင်းချင်း ကူညီရမှာပေါ့။ မဟုတ်ဘူးလား မင်းမာန်။
အော်...ဟုတ်ပါတယ် လာပါစော... သူငယ်ချင်းတွေလည်း ခေါ်လိုက်ပါ။
( ဒီလိုနှင့် သူတို့နှင့် စောတို့ တစ်ဝိုင်းထဲအတူတူစားဖြစ်ကြပါသည်။ စားရင်း ဝဏ္ဏက.....)
စော..ကျွန်တော်တို့ကိုလည်း မိတ်ဆက်ပေးဦးလေ။
အော် ဟုတ်သားပဲ...ယွန်းကိုတော့ သိမှာပေါ့နော်။ အပြည့်အစုံက ယွန်းထိပ်ထားတဲ့။ ဒီဘက်ကတော့ ယုကေသီတဲ့။
(စောရဲ့စကားဆုံသွားသည်နှင့် ယုကေသီက.....)
ကေသီပဲခေါ်လို့ရပါတယ်။ ဒါနဲ့ အဟဲ ကိုညီမင်းမာန် တစ်မျိုးတော့မထင်နဲ့နော်။ မေးစရာရှိလို့။
ဘာမေးချင်လို့လဲ ကေသီ မေးပါ။
ဟို..လေ....ကိုညီမင်းမာန်က....fresher အစစ်လားဟင်။
ဗျာ...fresher အစစ်ဆိုတာ
( သူက အံအံသြသြရေရွတ်လိုက်သည်တွင် စောကလည်း......)
ဟဲ့ ကေသီ နင်ကတော့လုပ်ပြန်ပြီ။ ဟို ဒီလိုပါ ညီမင်းမာန်...စောတို့သက်တူရွယ်တူဆိုတာ သူက မယုံဘူး ဖြစ်နေတာ။
ကျွန်တော်က အဲ့လောက်ထိ ရုပ်ရင့်နေလို့လား ကေသီ။
မဟုတ်ပါဘူး။ အဲ့ဒီနေ့ကတောင် သူတို့ကို အဲ့အစ်ကိုကြီးကချောလိုက်တာလို့ အသက်ကလည်း ငါတို့နဲ့ မကွာဘူးထင်ရတယ်လို့ ရုပ်ကလည်းနုလိုက်တာဟယ်လို့ ပြောသေးတယ်။ မယုံရင်မေးကြည့်ပါလား။
ဒါနဲ့ ကျွန်တော့်ကိုဘာကြောင့်....
အော် ဒီအသက်ဒီအရွယ်နဲ့ ကော်ဖီဆိုင်တစ်ဆိုင်ကို ဦးစီးနေတယ်ဆိုတော့.....
ဝါသနာပါလွန်းလို့ အိမ်ကိုပူဆာထားရတာပါဗျာ။
( ထိုအချိန်တွင် တစ်ချိန်လုံးတိတ်နေသော ယက္ခမယ်က..........)
ယူတို့က ဘာမေဂျာလဲ။
မြို့ပြပါ။
အော်...Civil တူတူပဲပေါ့။ တို့တွေလည်း Civil ပဲ။ Civil ရတယ်ဆိုကတည်းက ယူတို့အမှတ်တွေလည်း ညံ့မှာမဟုတ်ဘူး။ စောက ၅၆၁ တစ်နိုင်ငံလုံး အဆင့် ၁၀။ တို့က ၅၆၀၊ တစ်မှတ်ပဲကွာတယ်။ Top Ten တော့ မဝင်တော့ဘူးပေါ့။ ကေသီကတော့ ၅၅၀။ ယူတို့အမှတ်တွေပြောပါဦး။
ပြီးခဲ့ပြီပဲဗျာ။ အမှတ်သိတော့ ဘာလုပ်မှာလဲ။
ပြီးခဲ့ပေမဲ့ တို့ကသိချင်တယ်လေ။ ဘာလဲ တို့တွေထက် အမှတ်နည်းနေလို့ရှက်တာလား။ ယောက်ျားလေးပဲ ဒီကျောင်းကိုရောက်ပြီး Civil ရတယ်ဆိုကတည်းက ယူတို့လည်း မညံ့ဘူးဆိုတာသိပါတယ်။ ရှက်မနေပါနဲ့။
( သူပြုံးမိပါသည်။ ဒီယက္ခမယ်တော်ကတော့ ပိုက်ဆံဂုဏ်သာမောက်သည်မဟုတ်။ ပညာဂုဏ်လည်း တယ်မောက်ပါ လား။ တလောကလုံး သူသာအတော်ဆုံးလို့ထင်နေလားမသိ။ သူပြုံးနေလေတော့ ခွန်သာက............)
ကျွန်တော်က ၅၅၀၊ ဝဏ္ဏက ၅၆၀၊ ဘိုလေးကလည်း ၅၅၀။ ဟောဒီကောင်ကြီးကတော့ ၅၈၀ နဲ့ တစ်နိုင်ငံလုံး အဆင့်ပထမပါခင်ဗျာ။ ကျေနပ်ပြီလား။ ယွန်းထိပ်ထား။
ဟင်.....တစ်နိုင်ငံလုံးပထမ...
(ယွန်းထိပ်ထားကား ပထမအံ့သြဟန်ဖြစ်သွားသည်။ နောက်တော့ အတန်ငယ် စဉ်းစားဟန် ပြုရင်းက........)
လိမ်ရဲတယ်နော်....လိမ်ရင်လည်း ယုတ္တိရှိရှိလိမ်စမ်းပါ။
ဘာ....
အို..ဟဲ့ ယွန်း...နင်ကတော့လေ...
စော နင်သူ့ကိုတွေ့ဖူးလား။ နင်လည်း Top Ten ဝင်တာပဲ။
အဲ့တုန်းက Top Ten 1 က ဆုလာတက်မယူဘူးလေ။ ငါဘယ်သိမလဲ။
နင်ကလည်း ညံ့လိုက်တာဟယ်။ လူကိုမမြင်ဘူးပေမဲ့ နာမည်တော့သိတယ်မဟုတ်လား။ ငါသေသေချာချာ မှတ်မိပါတယ် ထိပ်တင်သူရိန်လင်းတဲ့။ ဟုတ်တယ်မဟုတ်လား။ ကဲ ရှင်တို့ ဘယ်လို ရှင်းမလဲ။
( အောင်နိုင်သူတစ်ယောက်အပြုံးနဲ့ သူတို့ကိုပြုံးကြည့်လိုက်တဲ့ ယက္ခမယ်ကို သူမနှစ်သက်ပါ။ ဘယ်ဘဝ ရေစက် ကြောင့်များ ဒီယက္ခမယ်က သူနဲ့ချည်းအတိုက်အခံဖြစ်နေရသလဲ။ ယက္ခမယ်၏ ထိုပုံစံကြောင့် ဘိုလေးက ရှုးရှုးရှားရှား ဖြစ်ကာ........)
ဒီမှာ ယွန်းထိပ်ထား အဲ့ဒီထိပ်တင်.....
( ဘိုလေး စကားမဆုံးမီပင် သူဘိုလေးကို တားလိုက်သည်။ ပြီးတော့........)
ကျွန်တော်တို့က ဖြေချင်လို့ဖြေတာမဟုတ်ပါဘူး ယွန်းထိပ်ထား။ မင်းမေးလို့ဖြေတာပါ။ ကျွန်တော်ကတော့ ပြီးခဲ့တဲ့ ကိစ္စတွေကို စိတ်ကိုမဝင်စားတာပါ။ ဆယ်တန်းတုန်းက တစ်နိုင်ငံလုံး ပထမရပြီး ဒီကျောင်းမှာ ကျွန်တော် မကြိုးစားရင် ကျမှာပဲ။ ဆယ်တန်းတုန်းကအမှတ်ကို ဒီမှာထည့် မစဉ်းစားပါဘူး။ ဆယ်တန်းအမှတ်က ကျွန်တော့်တို့ကို ဒီကျောင်းရောက်နိုင်စေရုံ လောက်ပဲတတ်နိုင်တာပါ။ ကျွန်တော် စေတနာနဲ့ တစ်ခုတော့ သတိပေးပါရစေ။ လူတစ်ဖက် သားကို အပေါ်ယံအမြင်နဲ့ ဘယ်တော့မှ မဆုံးဖြတ်ပါနဲ့ဗျာ။
အမယ် ရှင်ကပဲ ကြီးကျယ်လို့။
ဟဲ့ ယွန်းရယ်...ဖြစ်ရပြန်ပြီ။ မင်းမာန် စောတောင်းပန်တယ်နော်။
ရပါတယ် စော။ စောသူငယ်ချင်းကိုသာ ဂုဏ်ဆိုတဲ့ သတ်မှတ်ချက်ကို သေချာနားလည်အောင် သင်ပေးလိုက် ပါ။ ကျွန်တော်တို့ကို ခွင့်ပြုပါဦး။
(သူတို့ထွက်လာတော့ ဘိုလေးက......)
မင်းမာန် မင်းဘာလို့ ပေးမပြောတာလဲ။
ထားလိုက်ပါကွာ သူ့လိုမိန်းကလေးကို အဖက်လုပ်ပြီးရှင်းစရာမလိုပါဘူး။
အေးလေ ဟုတ်ပ။ သူကပဲ ကြီးကြီးကျယ်ကျယ်။ ပြောသွားသေးတယ် စောနဲ့တစ်မှတ်ပဲ ကွာတယ်တဲ့။ သူသာ Top Ten များဝင်ရင် မျက်နှာက မိုးပေါ်ရောက်နေလောက်ပြီ။
ဟ ဆိုလှချည်လား ခွန်သာရ။
ဟုတ်တယ်လေ ငါပြောတာ မမှန်လို့လား။
ဟုတ်တယ် မင်းမာန်။ အဲ့ဒီယက္ခမယ်တော်ကလေ ဂုဏ်ကိုမောက်တာ။ မင်းသာ ထိပ်တင်သူရိန်လင်း ဆိုတာ သိလို့ကတော့ ဖျတ်ဖျတ်လူးနေ မလားဘဲ။
( ဝဏ္ဏစကားကြောင့် သူပြုံးလိုက်မိပါသည်။ ဟုတ်ပါသည်။ ထိပ်တင်သူရိန်လင်းဆိုသည့်သူ့နာမည်ကား ဘိုးဘိုးဘုရား မှည့်ပေးထားသော နာမည်ဖြစ်ပါသည်။ မှတ်ပုံတင်ထဲတွင်လည်း သူ့နာမည်က ထိပ်တင်သူရိန်လင်းပါပေ။ နောင့်နာမည်က ထိပ်တင်သူရိန်ရှင်းတဲ့။ နောင်မင်းမာန်နှင့် ညီမင်းမာန် ကတော့ သာမန်အရပ်သားနာမည်ဟု ခေါ်ရမည်ထင်သည်။ သူတို့မျိုးနွယ်တိုင်းတွင် နာမည်က နှစ်ခုစီရှိပါသည်။ မျိုးနွယ်နာမည်နဲ့ အရပ်သားနာမည်။ သူ့ဖေဖေကိုယ်တိုင်လည်း ထိပ်တင်လတ်ခေါ် ဦးမင်းခန့်ထည်ဖြစ်ပါသည်။ ဆွေတော်မျိုးတော်အချင်းချင်းတော့ ထိုနာမည်များကိုသုံးကြလျက် သာမန်ပြင်ပတွင်တော့ သာမန်နာမည်ကိုသာ အသုံးပြုကြပါသည်။ ထိုသည်ကိုပဲ သူသဘောကျပါသည်။ ထိပ်တင်ဟူသည့် နာမည်ကြားသည်နှင့်ပင် သူတို့ကို မင်းဆွေမင်းမျိုးမှန်းသိနေကြပေပြီ။ ထိပ်တင်သူရိန်လင်းကလည်း ထိပ်တင်လတ်ဟုခေါ်သော ဦးမင်းခန့်ထည့်၏ သားဖြစ်ကြောင်း လူတိုင်းသိကြသည်။ ထိုသို့သိကာ သူ့ကိုအရေးပေးဆက်ဆံသည်ကို သူမကြိုက်ပါပေ။ ထို့ကြောင့် ပင် တတ်နိုင်သမျှသူကား ထိပ်တင်သူရိန်လင်းဆိုသည်ကို လျှို့ဝှက်ခဲ့ပါသည်။ သူတွေးနေစဉ်မှာပဲ ခွန်သာ့အသံကြောင့် အတွေးကနေပြန်လည် နိုးထခဲ့ရသည်။)
ဒါနဲ့မင်းမာန်...
ဘာလဲ ခွန်သာ
မင်းနဲ့ စောက ရေစက်ပဲထင်တယ်။
မင်းကလုပ်ပြန်ပြီကွာ
မင်းပဲ ငါတစ်ခုခုခံစားရတယ်။ ဒီမှာပဲထိုင်မယ်ဆိုပြီး နွယ်ဦးမွန်မှာအတင်းထိုင်တာလေ။ ဒါကြောင့်စောတို့နဲ့ တစ်ဝိုင်းထဲထိုင်ရတာ မဆန်းဘူးလား။
အေး ဟုတ်တယ် ခွန်သာပြောမှ သတိရတယ်။ ဆန်းတာတော့အမှန်ပဲမင်းမာန်။
ရေစက်ဆိုရင်လည်း ကောင်းသောရေစက်ဖြစ်ပါစေကွာ။ ငါ့အကြောင်းလည်း မင်းတို့သိသားနဲ့။ မင်းမျိုးနွယ် မဟုတ်သူကို ယူဖို့စိတ်ကူးတောင်ယဉ်ရမှာမဟုတ်ဘူး။ လာပါကွာ အတန်းသွားတက် ကြရအောင်။
YOU ARE READING
ရွှေမင်းသားရဲ့ ဖူးစာဖက်
Romanceမင်းမျိုးမင်းနွယ်ဖြစ်ပြီး ဩဇာကြီးလွန်းသော အသိုင်းအဝိုင်းမှ နောင်မင်းမာန်နှင့် ညီမင်းမာန်ဟူသော အမွှာ ညီအစ်ကို နှစ်ယောက် အနွယ်တော်ဖြစ်ပြီး ချမ်းသာကာ ဂုဏ်မောက်သော ယွန်းထိပ်ထား အနွယ်တော်ဖြစ်သော်လည်း ဂုဏ်မမောက်ဘဲ သာမန်လူကဲ့သို့သာ နေလေ့ရှိသော စောထိပ်ထားဦး...