5.

4.7K 336 21
                                    

(Unicode)

လင်းကြက်တွန်သံဆူဆူညံညံကြောင့် ခေါင်းနောက်ကျိကျိဖြင့် သူ နိုးထလာရသည်။ အရှေ့အရပ်မှ နေရောင်ကလည်း ဝါးထရံပေါက်မှတစ်ဆင့် ပွင့်ခါစ သူ့မျက်ဝန်းများကို ကျိန်းစပ်စေသည်။ မျက်စိနှစ်လုံးစစဖွင့်ချင်း ဦးစွာပထမ ကြားလိုက်ရသည်က ငိုသံသဲ့သဲ့။ သူ ငုတ်တုတ်ထထိုင်လိုက်ပြီး ကြည့်လိုက်တော့ ခြေရင်း၌ ကျုံ့ကျုံ့လေးထိုင်ပြီး တရှုတ်ရှုတ်ငိုနေသည့် စောရဝေကို တွေ့လိုက်ရသည်။

" ဘာလို့ငိုနေတာလဲ"

သူ့အသံကြားတော့ ပြန်လှည့်ကြည့်လာပြီး နာနာကြည်းကြည်းဆိုလာသည်။

" မင်း ထွက်သွား! မကောင်းတဲ့ကောင်! မင်း အခုချက်ချင်း ငါတို့ရွာက ထွက်သွား! အာ့!"

ပြောရင်း မာန်ပါလာပြီး အိုက်ဒန်ကို လှမ်းဆွဲထိုးရန် ပြင်လိုက်သော်လည်း သူ့ဟာနှင့်သူ နာကျင်သွားပုံရ၍ ဘေးတစောင်းလေးပြန်ထိုင်ချသည်။

" ရရဲ့လား မင်း"

အိုက်ဒန်လည်း အပြစ်မကင်းသည့် မျက်ဝန်းများဖြင့် သူ့ကို ကြည့်ရင်း စိုးရိမ်စိတ်နှင့် မေးမိသည်။ တကယ်လည်း သူ စိတ်ပူသွားမိတာမို့။

" မင်း ထွက်မသွားသေးဘူးလား! သွားလို့!!"

ကျယ်လောင်စွာ ငိုယိုအော်ဟစ်လိုက်တော့ သူက ပျာပျာသလဲဖြင့် အိပ်ရာပေါ်မှထ၍ ဘေးက အဝတ်အစားတွေကို စောရဝေရှေ့၌ပင် ဝတ်ပြီး ထွက်သွားသည်။ ညက မှောင်နေတာရော ကိုးရိုးကားရားဖြစ်နေ၍သာ သူ့ခန္ဓာကိုယ်ကို စောရဝေ သေချာမကြည့်ခဲ့မိပေမဲ့ အခု လင်းလင်းထင်းထင်းကျတော့ စတွေ့တုန်းက မြင်ခဲ့ဖူးသည့် ခါးစပ်က မြွေတစ်ပိုင်းအပြင် အဝတ်ဖုံးထားသည့်နေရာ၌ ကျန်ရှိနေသေးသော နောက်ထပ်မြွေတစ်ပိုင်းကိုပါ မြင်တွေ့ခဲ့ရလေသည်။

ထို့နောက် အိုက်ဒန်လည်း မရှိတော့၍ သူ အိပ်ရာခင်းများကို သိမ်းလိုက်ပြီး ခဏနေ ကျောင်းသားများရောက်လာတော့မှာမို့ ရေမိုးချိုးပြင်ဆင်ထားလိုက်သည်။ အိုက်ဒန်ကတော့ သူ့အပြစ်နှင့် သူမို့ မျက်နှာပူပြီး ရောက်လာနိုင်ဖွယ်ရာမရှိ။ သို့ဖြစ်၍ ပထမစာသင်ချိန်ပြီးခါနီး အိုက်ဒန်ဝင်ရမည့် ဒုတိယချိန်နားကပ်တော့ သူသည်လည်း အိုက်ဒန်၏အချိန်ကို အစားထိုးဝင်ရန် ပြင်လိုက်သည်။ သို့ပါသော်ငြား သူ့စာသင်ချိန်မပြီးဆုံးခင် စာသင်ကျောင်းအပေါက်ဝသို့ လန်းဆန်းတက်ကြွစွာ ရောက်ချလာသည့် အိုက်ဒန်ကြောင့် မျက်နှာပျက်သွားရသည်။

GARDENIA [Completed]Tempat cerita menjadi hidup. Temukan sekarang