Act 1 (Uni)

20K 956 27
                                    

နဂိုတည်းက အညှိတက်နေသော အုတ်လမ်း ညစ်ညစ်က မိုးရေကြောင့်ပိုမို စိုစွတ်နေကာ ခြေချော်မသွားအောင် သတိထားနင်းရသည်။  ဟောင်ကောင်ပုလိပ် ဝတ်စုံ၏ အဆင်တန်ဆာ တစ်ခုဖြစ်သည့် နဂါးဖိနပ်ဟုတင်စားရသည့် ပုလိပ်ရှူးဖိနပ်ကား ခြေကုတ်ခိုင်၍သာတော်တော့သည်။  အင်စပတ်တော်ချောင်မှာ သူ့ခပ်ဖိုင့်ဖိုင့်ကိုယ်လုံးဖြင့် ခြေတစ်ချက်သာချော်သွားလျှင်ဖြင့် ဆန်အိတ်ကိုလှဲသိပ်လိုက်သလို ဖြစ်သွားမည်ကို စိုးသောကြောင့် အတော်သတိထားလျှောက်နေရသည်မှာ နားသယ်စပ်တွင် ချွေးများတောင်စို့လာရသည်။

နဂိုက ပြေးလွှားဆော့နေတတ်သည့် ပေညစ်ညစ်ကလေးများက ခပ်ဝဝပုလိပ်ကြီးနှင့် နောက်လိုက် ပုလိပ်များ သူတို့ရပ်ကွက်ထဲ အပြေးအလွှားဝင်လာသည်ကို အိမ်တိုင်ကွယ်ကာ ချောင်းကြည့်နေကြ၏။ သူတို့ရပ်ကွက်ကား တော်ရုံ ခိုးမှုရိုက်မှုဆိုလျှင်တောင် ပုလိပ်မလာဖူးခဲ့။ အခုလို အဆင့်မြင့်မြင့် ရာထူးနှင့် ပုလိပ်တွေပါလာပြီဆိုတော့ အမှုခင်း အကြီးရှိရမည်ဟု သဘောပိုက်ကာ အချို့အိမ်များဆို တံခါးများတောင် ဆွဲစေ့ထားကြပြီ။

အင်စပတ်တော်ချောင်မှာကား သူ့ကိုယ်လုံးကို မနိုင်မနင်းသယ်ကာ ခနော်နီခနော်နဲ့ လှေကားကို ကုက်ကပ်တွယ်ရင်း သစ်သားအိမ်စုတ်ချာချာ၏ ဒုတိယအထပ်သို့ရောက်ခဲ့ပြီ။ သူ့ကိုမြင်သည်နှင့် တံခါးစောင့် ပုလိပ်စာသင်လေးက ‌ဖနောင့်ရိုက်ကာ သတိဆွဲ အလေးပြုတော့၏။

အင်စပတ်တော်ချောင်ကား သူ့ကို ဂရုမပြုပဲ အမှောင်ရိပ်ကျနေသည့် အိမ်ထဲသို့သာ အပြေးဝင်ခဲ့သည်။ တိုက်ခန်းကား အခြားအခန်းတို့နည်းတူ ဝင်ဝင်ခြင်းတွင် စားပွဲဝိုင်းတစ်ခုနှင့် ခုံလေးလုံးရှိသည်။ နံရံတွင်ကပ်လျက် လျှပ်စစ်မီးဖို တစ်ခုရှိနေသေးပုံထောက်လျှင် အိမ်ပိုင်ရှင်မှာ အနေစုတ်သော်လည်း ဝင်ငွေတော့လျှံပုံပင် သို့မဟုတ် လက်ဖွာတတ်သူဖြစ်လိမ့်မည်။

စာသင်လေးက အင်စပတ်တော်ချောင် အနောက်ကလိုက်ရင်း "အလောင်းက အိပ်ခန်းထဲမှာပါဆရာ။ အလောင်းကိုစတွေ့တာက မနက် ခြောက်နာရီကမှမို့ တောင့်တော့နေပါပြီ။ အိမ်မှာ ရေနွေးလာပို့နေကျကလေးမလေးက စတွေ့ပြီး သူအော်လိုက်လို့ တရပ်ကွက်လုံးလဲနိုး လမ်းမပေါ်က ယာဉ်ထိန်းပုလိပ်ကိုဆွဲခေါ်လာကြတယ်ဆရာ"

SHADOW PLAYWhere stories live. Discover now