ရှောင်းအိမ်၏ ဘိုးဘွားကန်တော့ရာခန်းမကား ပြတင်းပေါက်ကင်းမဲ့၍ လေဝင်လေထွက်မရှိသလောက် အမွှေးတိုင်မှ ထွက်လာသော မီးခိုးများဖြင့် မွမ်းကြပ်ဖွယ်ရာအတိဖြစ်သည်။ ထိုအခန်း၏ နံရံကပ်စင်ပေါ်တွင်ကား ရှောင်းအိမ်မှ လွန်လေပြီးသော အစဉ်အဆက်တို့၏ ကမ္မည်းတိုင်များ အစီအရီရှိနေကြသည်။ ထိုလွန်လေပြီးသော စာရင်းတွင် ရှောင်းကျန့်အမေ၏ ကမ္မည်းတိုင်တော့ရှိမနေ။ ဒီမျှများပြားသည့် အမည်အားလုံးကို အလွတ်ရမည့်သူမှာလည်း ဤအိမ်တွင် ရှောင်းကျန့်တစ်ယောက်သာရှိသည်။ အဘယ်ကြောင့်ဆိုသော် သူ့တစ်သက်တာတွင် အခြားနေရာများထက် ဤအခန်းထဲတွင် အချိန်ဖြုန်းရခြင်းကား ပိုများခဲ့၍ ဖြစ်သည်။
ယခုညလည်း ရှောင်းကျန့်မှာ မေမေကြီး၏ လူယုံအိမ်ဖော်နှစ်ယောက် အကြမ်းပတမ်းဆွဲခေါ်လာခြင်းခံရသဖြင့် ဒီအခန်းထဲရောက်လာခဲ့ရပြန်ပြီ။ အေးစက်မာကျောသည့် ကျောက်သားကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ အမွှေးတိုင်ကို ကိုင်၍ ကမ္မည်းတိုင်တို့ကို မမှိန်မသုန် ကြည့်ရပေဦးမည်။
"နင်ကြည့်စမ်းနင်. . . ရှောင်းအိမ်က ဘိုးဘွားတွေကို နင်တောင်းပန်စမ်း။ နင့်လို အိမ်မျက်နှာ အိုးမည်းသုတ်တဲ့ အရှက်ရစရာကို ငါတို့ မျိုးရိုးမေးထားရတာနဲ့တင် လွန်လှပြီ။ ဒီကျေးဇူးတွေကို မှတ်ပြီး နင် တောင်းပန်စမ်း. . . "
ဤ စကားက ရှောင်းကျန့်လူမှန်းသိတတ်စကတည်းက ကြားလာရသည့် အပ်ကြောင်းထပ် စကားဖြစ်သည်။ မေမေကြီး မကျေနပ်တာ တစ်ခုခုပေါ်လာတိုင်း သူ့ကို ဒူးထောက်ခါ ဘိုးဘွားများဆီတိုင်တည်ခိုင်းသည်။ တစ်ခါတစ်ရံလည်း အမွှေးတိုင် တစ်တိုင်ကုန်သောအခါ။ တစ်ခါတစ်ရံလဲ ဆယ်တိုင်ကုန်မှသာ။ တစ်ခါတစ်ရံတော့ သူ့ကိုအပြစ်ပေးထားသည်ကိုမေ့ပြီး အပြင်မှမင်းတုပ်ထိုးသွားသောကြောင့် ဤ အခန်းထဲတွင် အိပ်ရရုံသာရှိသည်။
ယခုလည်း သူ့အဖေ ရှောင်းသခင်ကြီး လေဖြတ်မှုအတွက် သူက ဘိုးဘွားတို့ကို လာတောင်းပန်ရပြန်သည်။ ပြောရလျှင်တော့ မေမေလေးက လူနာခန်းကို အပိုင်စီးကာ မမက နေမှမကောင်းပဲ အပင်ပန်းမခံစေလို ဟု စကားအလှသုံး အခန်းတွင်း ပေးမဝင်သောကြောင့် ဒေါသများကို ရှောင်းကျန့်အပေါ်လာပုံချခြင်းပင်။ လေဖြတ်နေသည့် အဘွားကြီးကား ရှောင်းကျန့်အနောက်က ဝှီးချဲပေါ်မှာထိုင်ကာ လက်ထဲမှ သစ်စေ့ပုတီးကို တချောက်ချောက် စိပ်ရင်း တတွတ်တွတ် ဆုတောင်းနေပြန်သည်။
YOU ARE READING
SHADOW PLAY
Fanfictionသွေးရဲရဲ သံရဲရဲ လူသတ်မှုများ၊ ကွင်းဆက်လူသတ်သမား ဘာညာများပါသည်။ စိတ်အခန့်မသင့်လျှင်မဖတ်ပါနှင့်။