Act 10 (Zawgyi)

1.7K 119 9
                                    

ရှောင်းစံအိမ်တံခါးက ဟောင်းလောင်းပွင့်လို့။ ခြံရှေ့မှာစောင့်သည့်လူတောင်မရှိ။ ရိပေါ်က ကားအရှိန်လျော့လိုက်သည်နှင့် ခြံရှေ့တွင် သူ ကင်းပုန်းချထားသည့်လူက ကားနားကပ်လာကာ။

"ဒီနေ့ ပြဿနာကြီးကြီးတစ်ခုခုဖြစ်တယ်ထင်တယ်ဆရာ။ အိမ်ထဲကို ကားအဝင်အထွက်လဲ များတယ်။ လူအဝင်အထွက်လဲ များတယ်။ ဆရာဝန်လဲပင့်ပုံရတယ်"

"အိမ်ထဲက ကောင်ကရောဘာပြောသေးလဲ"

"သူ့ကိုတော့ ဆက်သွယ်လို့မရသေးဘူးဆရာ"

ရိပေါ်က လူသူကင်းမဲ့လျက် ဟောင်းလောင်းပွင့်နေသည့် ခြံတံခါးကြီးကို တစ်ချက်ခေါင်းစောင်းကြည့်လိုက်သေးသည်။ ပြီးတော့ ခပ်ဖြေးဖြေး မောင်းဖို့ သူ့ကားဆရာကို လက်ပြလိုက်သည်။

ကားက ခြံထဲပင် ဘီးဘယ်လောက်မှ မလှိမ့်ရသေး သူတို့အရှေ့က ကျောက်ခင်းလမ်းပေါ်မှာ ခပ်သုတ်သုတ်လျှောက်လာသည့် ရှောင်းကျန့်၏ ပုံရိပ်ကို တွေ့လိုက်ရသည်။ ရှောင်းကျန့်ကလဲ အံ့အားသင့်သလို ရိပေါ်ကလဲ ရှောင်းကျန့်ကို မြင်ရသည်ကို အံ့အားသင့်သွားမိသည်။ ရိပေါ်ကို မြင်ရသည်နှင့် ငိုတော့မလို ကြည့်နေသည့် ရှောင်းကျန့်က မျက်နှာတွင်လည်း ဒဏ်ရာနှင့် တကိုယ်လုံးကလည်း အနည်းငယ် ဖရိုဖရဲ ဖြစ်နေသည်။

သူက ရိပေါ်ကားကို မြင်သည်နှင့် အမြန်ပြေးလာကာ ‌ကားပေါ်ကို တက်လိုက်တော့သည်။ ဒရိုင်ဘာခုံကိုလဲ လက်နှင့်ပုတ်ရင်း "အမြန်မောင်း အမြန်။ ဒီက မြန်မြန်ထွက်သွားမှရမယ်"

ရိပေါ်ရဲ့ ဒရိုက်ဘာက သူ့ဆရာကို တချက်ကြည့်လိုက်သေးကာ ရိပေါ်က အချက်ပြသည်နှင့် ရှောင်းအိမ်မှ ဝေးရာကို အမြန်မောင်းတော့သည်။

"လုံခြုံတဲ့နေရာ တစ်နေရာရာ သွားရအောင်"
ရိပေါ်ကအချက်ပြတော့ ကားသမားက အရှေ့ဘက် ကမ်းရိုးတန်းဘက်က ကုန်လှောင်ရုံနှင့် မြင်းပြိုင်ကွင်းတွေရှိသည့်ဘက် ဦးတည်သွားသည်။ အပျော်အပါးရပ်ကွက် ဝမ်ချိုင်း အကျော်က ဒီနေရာက လူနေတဆိတ်ကျဲပါးသည်။

တိုက်ခန်းငယ်များတန်းစီနေသည့်လမ်းကြားရောက်တော့ ရိပေါ်က ကားရပ်ခိုင်းကာ အနောက်ဘက်လမ်းကြားမှသည် ဆိုင်ခန်းများ၏ အပေါ်ထပ်ကို တက်လာခဲ့သည်။ ဤနေရာကား လူနေကျဲပါးသလို တစ်ဦးနှင့်တစ်ဦးလဲ ဂရုပြုမိသည်ဟု မရှိ။ ရိပေါ်တို့ ဟေးပေါက်ဂိုဏ်း၏ ထိန်းချုပ်မှုအောက်မှာ ရှိနေသည့်တိုင် သူ့လူနှင့်သူသာ ပြဿနာရှင်းတတ်သည့်နေရာဖြစ်သည်။

SHADOW PLAYWhere stories live. Discover now