အော်ပရာဇာတ်ရုံကား အမြဲလို လူသူရှုပ်ထွေးကာ ဆူညံညစ်နွမ်းနေသောနေရာဖြစ်သည်။ ယနေ့ညက အထူးတလည် အထူးပွဲမို့ မည်သို့ပင် လူကန့်သတ်ထားသည် ဆိုသော်ညား သတင်းထောက်တွေ၏ ကင်မရာမီးလုံးသံ တရွှမ်းရွှမ်းနှင့် ဓာတ်ပုံကောင်းရဖို့အရေး သူ့ထက်ငါ တွန်းထိုးသံများနှင့် ဆူညံရှုပ်ပွနေသည်။ သို့ပေမဲ့လည်း စင်ပေါ်က သရုပ်ဆောင်များကတော့ သူတို့နှင့်လားလားမှ သက်ဆိုင်ခြင်းမရှိပဲ သီးသန့်ကမ္ဘာတစ်ခုရောက်နေသူများလို မိဖုရားငယ်၏ နောက်ဆုံးနှုတ်ဆက်တေး ပြဇာတ်ထဲမှ ဇာတ်ကွက်ကိုသာ အသဲအူသွန်လှိုက် ပုံဖော်နေကြသည်။
သရုပ်ဆောင် အားလုံးက အော်ပရာမိတ်ကပ် အဖွေးသားနှင့်မို့ ရုပ်ရည်က ဖမ်းမရအောင် ပြောင်းလဲနေသည်။ သူတို့၏ မိတ်ကပ်၊ အဆင်တန်ဆာနှင့် မီးရောင်အောက်က လှုပ်ရှားမှုများကြောင့် သူတို့ကို သာမာန်လူဟုမမြင်စေတော့ပဲ ပုံပြင်ထဲမှ အာဏာကြီးသောဘုရင်နှင့် အချစ်ကြီးသော မိဖုရားဟု ခမ်းနားကြီးကျယ်သယောင် ပရိသတ်အမြင်တွင်ထင်စေသည်။
"တော်တော်ကြည့်လို့ကောင်းတာပဲ"
ရိပေါ်နှုတ်ဖျားမှ လှစ်ခနဲ ချီးကျူးစကားနှင့်အတူ နှုတ်ခမ်းထောင့်စွန်းတို့က သိသိသာသာကွေးတက်သွားတော့သည်။ သူ့လက်ကိုင်ပွဲကြည့်မှန်ပြောင်းဦးတည်ရာကတော့ ဇာတ်စင်ပေါ်မဟုတ်ပဲ သူတို့ ပွဲကြည့်ရုံနှင့်တည့်တည့်က သီးသန့် ပွဲကြည့်ရုံလေးတူရူဖြစ်သည်။ မျက်နှာချင်းဆိုင် ပွဲကြည့်ရုံမှာထိုင်နေသည့် သခင်လေးက
ရိုးရာတရုတ်ရင်ဖုံး ပိုးအင်္ကျီနက်ပြာရောင်ဝတ်ထားပြီး ဇာတ်ရုံ၏ မီးရောင်နှင့် သူ့အသားအရေက အရောင်ဟပ်ကာ ရွှေရောင်ဝင်းနေသည်။ ဇာတ်စင်ပေါ်မှ သရုပ်ဆောင်တို့၏ သရုပ်ဆောင်မှုကို စိတ်ဝင်တစားကြည့်နေသည့်အခါ ဇာမဏီမျက်ဝန်း လဲ့လဲ့လေးများက စိတ်ဝင်စားမှုကြောင့် ရွှန်းလဲ့ကာ ရေကြည်ပေါက်တွေ ခုန်ပေါက်နေသလိုထင်ရသည်။ နှုတ်ခမ်းပါးလေးနှစ်လွှာ ပွင့်ဟပြီး ခပ်ကြီးကြီးယုန်သွားလေးကိုမြင်နေရပုံက ပန်းနုရောင်ကမာကောင်တွင်းမှ ပုလဲလုံးလေးလို။ ပြေပြစ်ညီညာလှသည့် နဖူးပေါ်ဝဲကျလာသည့် အနက်ကောင်ဆံနွယ် တိုတိုလေးတွေကို သပ်တင်ပေးလိုစိတ်နှင့် ဝမ်ရိပေါ်ရဲ့ လက်ချောင်းတို့ ယားယံလာအောင် ကြည်ဆယ်နေကြသည်။
YOU ARE READING
SHADOW PLAY
Fanfictionသွေးရဲရဲ သံရဲရဲ လူသတ်မှုများ၊ ကွင်းဆက်လူသတ်သမား ဘာညာများပါသည်။ စိတ်အခန့်မသင့်လျှင်မဖတ်ပါနှင့်။