မှုန်မှိုင်းပြီး အထီးကျန်ဆန်လွန်းသည့် အခန်းလေးတစ်ခုထဲတွင်ဖြစ်သည်။ ထိုအခန်းလေး၏ ကုတင်တစ်လုံးပေါ်တွင် စာအုပ်တစ်အုပ်ကိုထိုင်ဖတ်နေသည့် လူရွယ်တစ်ယောက်ရှိလေသည်။ ထိုလူရွယ်သည် မျက်နှာပေါ်တွင် ခံစားချက်လုံးဝမရှိပဲနှင့် လက်ထဲမှာကိုင်ထားသည့် စာအုပ်ထဲကိုပဲ အာရုံနှစ်ထားသည်။
နက်မှောင်နေသည့် ဆံနွယ်တွေသည် ပခုံးထက်မှာဝဲကျနေပြီး တစ်ချို့သောဆံနွယ်တွေက ထိုသူရဲ့မျက်နှာလှလှလေးကို ဖုံးကွယ်ထားသော်လည်း ထိုသူ့ရဲ့အလှတရားကိုတော့ အလုံးစုံမဖုံးကွယ်နိုင်ခဲ့ချေ။ ရွှေကိုင်းမျက်မှန်ဝိုင်းလေးဖြင့် မြစိမ်းရောင် မျက်ဝန်းတွေက စီးပွားရေးနှင့်သက်ဆိုင်သည့် စာအုပ်ပေါ်မှာသာရှိနေပြီး ပတ်ဝန်းကျင်ကိုလစ်လျှူရှုထားလေသည်။
"ကျွီ...."
"Papa? စာဖတ်နေတာလားဟင်? Papaစားဖို့ သားမုန့်ယူလာတယ်သိလား?"
အသက်အားဖြင့် ၄နှစ်လောက်ပဲရှိသေးသည့် ကလေးငယ်တစ်ဦးသည် အရွယ်နှင့်မလိုက်အောင် ဗန်းကြီးတစ်ခုအား မနိုင်မနင်းမလာပြီး အခန်းထဲကိုဝင်လာကာ ကုတင်ပေါ်ကလူရွယ်အားပြောလာသည်။
ကလေးငယ်သည် ကုတင်ပေါ်ကလူရွယ်နှင့် လုံးဝမတူညီသည် ငွေမှင်ရောင်ဆံနွယ်ပျော့ပျော့လေးတွေကို ပိုင်ဆိုင်ထားပြီး ငွေမှင်ရောင်မျက်ဝန်းတို့သည်လည်း စိတ်လှုပ်ရှားမှုနှင့်လင်းလက်နေသည်။
ကုတင်ပေါ်ကလူရွယ်ကတော့ ကလေးငယ်ဆီကို တစ်ချက်သာစွေကြည့်လိုက်ပြီး သူ့စာအုပ်ကိုပဲအာရုံပြန်စိုက်လိုက်ကာ ကလေးငယ်အားလစ်လျှူရှုထားလိုက်သည်။
ထိုလူရွယ်ဆီကနေ ဘာမှတုန့်ပြန်သံကိုမကြားရ၍ ကလေးငယ်သည်စိတ်ပျက်သွားပုံပေါ်ပေမဲ့ ချက်ချင်းပင်ခေါင်းခါပစ်လိုက်ပြီး အပြုံးတစ်ခုကိုချိတ်ဆွဲလျက် သူသယ်လာသည့်ဗန်းကြီးအား ကုတင်ဘေးက စားပွဲပေါ်မှာသေချာတင်ဖို့လုပ်လိုက်ရင်း
"Papaမအားရင်လည်း ဆက်လုပ်ပါနော်။ သားမုန့်ကို စားပွဲပေါ်တင်...အား!!!"
အသက်၄နှစ်သာရှိသေး၍ စားပွဲခုံအမြင့်အား မမှီသည့်ကလေးငယ်သည် ခြေဖျားထောက်လျက် ဗန်းကြီးအားစားပွဲပေါ်ကိုတင်လိုက်ရာ ဟန်ချက်မထိန်းနိုင်ပဲ နောက်ပြန်လဲကျသွားပြီး စားပွဲပေါ်ကပန်းအိုးကို လှမ်းဆွဲမိလိုက်၍ ကြီးမားလှသည့်ပန်းအိုးကြီးသည် ကလေးငယ်အပေါ်ကိုပြုတ်ကျလာတော့သည်။
YOU ARE READING
My Rival Becomes My Husband
FanficHarry: ငါ့ဘဝက အဆုံးသတ်တိုက်ပွဲအပြီးမှာ ပုံမှန်ပြန်ဖြစ်သွားတယ်လို့ ငါထင်ခဲ့တယ်။Voldemortကို အနိုင်ယူပြီး ငါ့ဘဝလေးက သာမန်လေးပဲ ဖြစ်သွားမယ်လို့ ထင်ခဲ့တယ်။ငါမှားသွားတယ်။ငါ့ဘဝက ၈နှစ်ကြာအေးချမ်းခဲ့ပြီးမှာတော့ လုံးဝကိုသာမန်မဟုတ်တဲ့ အရာဖြစ်ပျက်သွားခဲ့တယ်။အဲ...