Unicode
“ မယ်မယ် .. အိမ်ရှေ့စံ ကြွချီလာပါတယ် .. ”
ရိဖန်းအရှင်ငယ်အား ထူးထူးကဲကဲပင် တစ်ကိုယ်တည်းတွေ့ရသည့် အခါသမယဖြစ်ပါ၏ .. ။
များပြားလှစွာသော သက်တော်စောင့်နှင့် ရံရွေတော်အပေါင်းတို့အား နောက်ချန်ထားခဲ့၍ကား မဟုတ် .. ။ အမြဲတစေ ကျောထက် ချီပိုးထားတတ်သော အားပေပေအား တမင်ချန်ထားရစ်ခဲ့၍သာ .. ။
“ .. သားတော်အိမ်ရှေ့စံ ”
“ မေးမြန်းစရာရှိပါတယ် မယ်တော် .. ပန်ဝမ့်အမိန့်မရမီအထိ အပါးတော်မြဲတို့ကို တံခါးရွက်အပြင်ဘက်ဆီ စောင့်နေခိုင်းရစ်ပါ .. ”
မယ်မယ်က သူ့တောင်းဆိုချက်ကို လက်သင့်ခံသလို ခေါင်းညိတ် အရိုအသေပေးပြီးတဲ့နောက်မှာ .. အပါးတော်မြဲတို့ကို တံခါးရွက်အပြင်ဘက်ဆီကနေသာ စောင့်ကြပ်ပေးကြဖို့ မျက်ရိပ်ပြသည် .. ။
သို့ကြောင့် .. ခန်းဆောင်အတွင်း၌ သားနှင့်အမိ နှစ်ကိုယ်တည်းသာ ကျန်ရစ်နေခဲ့ပါ၏ .. ။
အလျင်လိုနေဟန်ဖြင့် ရိဖန်းအရှင်ငယ်သည် .. မယ်မယ်ပေးအပ်သော နေရာထိုင်ခင်းတွင် ထိုင်ချပြီးပြီးချင်းပင် စကားစလေသည် .. ။
“ လိုရင်းကိုပဲဆိုပါ့မယ် မယ်တော် ..
ပန်ဝမ် ပထမဆုံး သတိပြုမိတဲ့အချိန် လွန်ခဲ့တဲ့ ရက်ပေါင်းငါးဆယ့်ငါးရက်လုံးလုံးမှာ ဦးရီးတော်ဝမ်ရဲ့အပါးတော်မြဲ ကိုယ်ရံတော်ဝမ်ရှန်းဇီကို တစ်ခေါက်တလေလေးတောင် မတွေ့မိတော့ပါဘူး .. အထူးအထွေမဟုတ်လောက်ပါဘူးလေ ဆိုပြီး အလေးအနက်မထားခဲ့ပေမယ့် ပေါ့ပေါ့တန်တန်လည်း သတိလက်လွတ်မနေခဲ့မိတာတော့ သေချာတယ် .. ချင့်တွတ်ကြည့်ရရင် ဝမ်ရှန်းဇီတစ်ယောက် ဒီတိုင်းပြည်အတွင်းမှာကို ရှိမနေလောက်တော့ဘူးထင်ရဲ့ .. ”“ အရှင်ငယ် .. ”
“ ပန်ဝမ်ကလေ .. ကျယ်ပြောလှတဲ့ ဟောဒီ့ရွှေနန်းတော်ကြီးထဲက သာမညောင်ည အမှုထမ်းအစေအပါးလေးတစ်ယောက် ပျောက်ဆုံးသွားတာကို စိတ်ထဲမထားပါဘူး .. ဆိုပေသိ ဒီနေ့မနက်မှာတော့ ဦးရီးတော်ဝမ်ကိုပါ မတွေ့ရတော့ဘူးတဲ့လေ .. ရှန်းဇီ ပျောက်ဆုံးသွားပြီးတဲ့နောက်မှာ တစ်ကိုယ်တည်း တွေဝေငေးမောနေတတ်တဲ့ ဦးရီးတော်ဝမ့်ကိုပါ အခု မတွေ့ရတော့ဘူးတဲ့လေ .. ဖြစ်သင့်ပါရဲ့လား .. ”
YOU ARE READING
ɪɴᴅɪsᴘᴇɴsᴀʙʟʏ「 ᴏɴ ɢᴏɪɴɢ 」
Fanfictionဆောင်းနှောင်းရာသီတွေ အလီလီကူးပြောင်းခဲ့ပေမယ့် အဲ့ဒီ့နှစ်ရဲ့ဆောင်းကိုတော့ ပြန်မရနိုင်တော့သလိုမျိုး .. ဝမ့်ရဲ့ဘယ်ဘက်ပုခုံးစွန်းထက် ဆီးနှင်းမှုန်တွေ ထူထပ်ပိန်းပိတ်အောင်တင်နေခဲ့လဲ စိတ်ရင်းနဲ့ ဖယ်ရှားပေးမယ့်လက်တစ်...