Chapter-22

14K 1.8K 80
                                    

~Unicode~

ယခုတစ်ခေါက်မှာ ရှန်ထင်ဝေ့အတွက် ဤရက်ပိုင်းများအတွင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်အပျော်ခဲ့ရဆုံး တစ်ကြိမ်ဖြစ်သည် ။

နိုးထလာခဲ့ချိန်တွင် ယခင်လို နေ့မှန်းညမှန်း မသိရသည့် အမှောင်ထုထဲ၌ ရှိမနေတော့ပဲ စေ့ပိတ်မထားသည့် လိုက်ကာအဟလေးမှနေ၍ တိုးဝင်နေသော မနက်ခင်း၏ ရွှေရောင်အလင်း‌တန်း ဖျော့ဖျော့အား မြင်နေရသည် ။ လေထုထဲ၌ ဘယ်နှကြိမ်ပဲ ရှင်းပစ်ပါစေ ပျောက်ကွယ်မသွားသော ညှင်းသိုးသိုးရနံ့တို့လည်း ရှိမနေတော့သလို မာတောင့်သော အိပ်ရာကြောင့် အမြဲနာကျင်နေခဲ့ရသည့် သူ၏ကျောပြင်မှာလည်း ယခုတွင်တော့ နူးညံ့မှုကိုသာ ခံစားနေရလေသည် ။

သူ့ထံ၌ ဖုန်းမရှိနေခဲ့ပဲ ပထမထပ်မှ ဧည့်သည်ခန်းထဲတွင်လည်း နာရီရှိမနေခဲ့ ။ ယခင်သူနေခဲ့သည့်နေရာ၏ အသံလုံစနစ်မှာ အတော်လေး ဆိုးဝါးလေသည် ။ မနက်ခင်းတိုင်း၌ ဘေးဖက်အခန်းရှိ သူ၏အခန်းဖော်၏ ဖုန်းထဲမှ နှိုးစက်မြည်သံအား ကြားနိုင်သည်ဖြစ်ပြီး အချိန်အား မှန်းဆလို့ ရနိုင်ခဲ့သည်ပင် ။ ဘယ်လောက်ကြာကြာ အိပ်စက်မိသွားကြောင်း သိ‌မနေခဲ့သော်လည်း မနက်စောစောထ၍ အလုပ်သွားဖို့ လိုသေးသည်ဖြစ်ရာ အိပ်ရာထဲ၌ အချိန်မဆွဲနေရဲပါချေ ။ ထို့ကြောင့် နိုးလာသည်နှင့် အိပ်ရာမှ အမြန် ထလိုက်ပါ၏ ။

ရှန်ထင်ဝေ့မှာ လျန်ကျွယ်၏ စိတ်နေစိတ်ထားက သိပ်ပြီးမကောင်းမွန်သော်လည်း အသေးစိတ်လေးကအစ အာရုံစိုက်ကာ တစ်ဖက်လူအား တွေးပေးတတ်ကြောင်းကိုတော့ ဝန်ခံရပေမည် ။

ရေချိုးခန်းထဲရှိ အံဆွဲထဲမှ လျှပ်စစ်သွားတိုက်တံအား ထုတ်ယူလိုက်ပြီးနောက် အရသာအမျိုးမျိုးရှိသော သွားတိုက်ဆေးဘူးများအား မြင်လိုက်ရချိန်တွင် စိတ်ရှုပ်ထွေးသွားရလေသည် ။ နောက်ဆုံးတွင် ချိုမြိန်သော လိမ္မော်အရသာ သွားတိုက်ဆေးကိုသာ ရွေးချယ်လိုက်ပါတော့သည် ။

ရိုးရိုးရှင်းရှင်း ဆေးကြောပြီးချိန်တွင် ရှန်ထင်ဝေ့မှာ အဝတ်ဗီရိုထဲမှနေ၍ ဝတ်ဆင်ရန် အဝတ်တစ်စုံအား ယူလိုက်ပါ၏ ။ ဤအဝတ်များမှာ ယမန်နေ့ညခင်းတုန်းက လျန်ကျွယ် လူတစ်ယောက်လွှတ်၍ ပို့ပေးထားခြင်းဖြစ်သည် ။ ကော်လံအား ဆွဲစေ့လိုက်ချိန်တွင် အဝတ်ထက်မှ ဖျော့တော့သော အမွှေးဆီရနံ့ချိုချိုလေးအား အနံ့ရလိုက်ပါ၏ ။ သူ့ကိုယ်သူ ဝိတ်ကျသွားသည်ဟု မထင်သော်လည်း အင်္ကျီတံဆိပ်ပါ size အား အကြိမ်ကြိမ် ပြန်ကြည့်ပြီးနောက်တွင် သူဝတ်နေကျ size ပဲဖြစ်ကြောင်း လက်ခံလိုက်ရတော့သည် ။ သို့သော်လည်း အဝတ်များက သူ့အတွက်မူ အနည်းငယ်မျှ ပွယောင်းယောင်း ဖြစ်နေခဲ့လေသည် ။

ယစ်မူးပျော်ဝင်ဖွယ်║မြန်မာပြန် 『Completed 』Donde viven las historias. Descúbrelo ahora