Vegas
" ကျေးဇူး "
ဆိုတဲ့အသံတစ်ခု။ ငါ ဒီနေ့ပဲ သူ့ကိုတက္ကသိုလ်နားတစ်ဝိုက် ဆိုင်ကယ်မောင်းပို့ပေးခဲ့တာ။ အဲဒါက ငါ့အတွက်တော့ သူနဲ့နီးစပ်ဖို့အခွင့်အရေးတစ်ခုပဲ။ အမှန်ပြောရရင် ဒီအခွင့်အရေးမျိုး ငါ့ဆီဒီလောက်မြန်မြန်ရောက်လာလိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး။
" တကယ်လို့ နောက်နေ့တွေမှာလဲ driverလိုခဲ့ရင် ငါ့ကိုအချိန်မရွေးခေါ်နိုင်တယ်နော် "
အပြုံးကြီးကြီးတစ်ခုပေးပြီး ငါ့အရှေ့ကလူကို လှမ်းပြောလိုက်တယ်။ Porscheဆိုတဲ့သူက ငါ့မျက်လုံးထဲ အမြဲလိုလိုကြည့်ကောင်းနေတဲ့လူ။ သူ့ရဲ့ခန္ဓာကိုယ်နဲ့ မျက်နှာကြောင့်တင်မဟုတ်ဘူး။ သူ့ရဲ့ခေါင်းမာတတ်တဲ့အကျင့်ကတောင်မှ ကြိုးစားဖို့နည်းနည်းအခက်တွေ့လေ့ရှိတတ်ပေမဲ့ ငါ့ကိုတော့စိတ်ကျေနပ်စေတုန်းပဲ။
" ...မင်းကြိုက်တယ်ဆို ဝယ်စီးလေ " တွေးတောခြင်းတောင်မရှိဘဲ သူက ထုတ်ပြောလာတယ်။ လုပ်လိုက်တဲ့မျက်နှာကအမူအရာကအစ စိတ်အနှောင့်အယှက်ဖြစ်သွားပုံအပြည့်။ ဒါပေမဲ့ ငါ့အမြင်မှာတော့ သူ့ရဲ့အမူအရာသေးသေးလေးတွေကအစ မျက်စိမလွှဲချင်လောက်အောင် ကြည့်ကောင်းနေတုန်းပဲ။
" တကယ်လို့ ငါဝယ်လိုက်ရင် မင်းကအခုလို ငါ့နောက်ကနေအတူလိုက်စီးပေးမှာလား? "
သူ့ဆီချဥ်းကပ်ဖို့ကြိုးစားနေကြောင်း ပွင့်လင်းသိသာစေမယ့်အကြည့်တစ်ချက်နဲ့အတူ ပြုံးရင်းပြောလိုက်တယ်။ အဆင့်တက်နိုင်ဖို့အတွက် ငါမြန်မြန်လှုပ်ရှားဖို့ လိုမယ်လေ။
" မင်း ပြန်သင့်ပြီ...ဒီနေ့အတွက် တကယ်ကျေးဇူး "
Porscheက စကားဝိုင်းကို ခပ်မြန်မြန်ပဲအဆုံးသတ်ပစ်လိုက်တယ်။ ဒါပေမဲ့လဲ အဲဒါကို ရိုင်းတယ်လို့တော့ ငါမမြင်မိဘူး။ ဖြစ်နိုင်တာကတော့ ငါ သူ့အပေါ် တော်တော်လေးနားလည်ထားပြီးတာကြောင့်ဖြစ်မယ်။ သူလိုလူမျိုးက အပြင်ပန်းမှာသာ ခေါင်းမာပြီး ၊ သန်မာတဲ့ပုံပေါ်နေတတ်ပေမဲ့ တကယ်တမ်း အတွင်းပိုင်းမှာတော့ သူဟာသူရဲ့အားနည်းချက်တွေကို အထပ်ထပ်ဖုံးကွယ်ထားတဲ့လူပဲ။ သူ့ကိုကြည့်လိုက်တိုင်း ငါ့ကိုယ်ငါ မှန်ထဲပြန်မြင်နေရသလို ခံစားရတယ်။ သူက ငါနဲ့ နည်းနည်းတော့ကွာခြားမှုရှိပေမဲ့လို့ပေါ့...