Pete
" ဟုတ်ပါတယ် အကုိလေးရယ်...ကျွန်တော့်ကိုကူညီပါ "
တစ်ရက်လုံးစာလောက် အိပ်စက်ပြီးတဲ့နောက်တော့ ငါ့ခန္ဓာကိုယ်လဲ ပြန်လည်အားပြည့်လာပြီ။ အခုဆို second familyရဲ့အိမ်ဆီခိုးဝင်ပြီး သက်သေရှာဖို့အတွက် အချိန်တစ်ရက်ပဲကျန်တော့တယ်။
" မရပါဘူး! ငါက ဘာကိစ္စမင်းနဲ့အတူလိုက်ပေးရမှာလဲ? "
အကုိလေးTankhunက မှုန်တေတေနဲ့ပြန်ပြောတယ်။ သူက အခုလက်ပိုက်ရက်သားနဲ့ ငါ့ကိုပေစောင်းစောင်းကြည့်နေတာ။ မနေ့က ငါ့ကိုလာနှိုးတုန်းကကိစ္စနဲ့ပတ်သက်ပြီး အကိုလေး ငါ့ကိုအခုထိစိတ်ဆိုးနေတုန်းပဲ။ အဲ့တုန်းက ငါ အိပ်မှုန်စုံမွှားနဲ့ အကုိလေးကို အော်ထုတ်လိုက်မိတယ်လေ။ အဲဒါကြောင့် သူ အခုလိုစိတ်ဆိုးနေရတာပဲ။ မနေ့ကအဖြစ်ကို ငါအခုထိမှတ်မိနေသေးတယ်။
Flashback >>
ဒေါက်! ဒေါက်! ဒေါက်!
" ဟေး Pete! Peteeeee!! "
ဒေါက်! ဒေါက်! ဒေါက်! ဒေါက်! ဒေါက်! ...
ငါ ခေါင်းအုံးကိုဆွဲပြီး နားတွေကိုပိတ်ထားလိုက်တယ်။ ဆက်တိုက်ထွက်နေတဲ့တံခါးခေါက်သံတွေက ငါ့အာရုံကြောတွေကို ဒုက္ခပေးနေတုန်းပဲ။ နောက်ထပ်နည်းနည်းလောက် အေးဆေးထပ်အိပ်နိုင်ဦးမယ်ထင်ထားတာ။ ငါတကယ်ကြီး ဒီဝဋ်ကြွေးတွေကို ခံနေရဦးမှာလား?
" ဟေး Pete! တံခါးဖွင့်! "
ငါ အိပ်ရာပေါ်ကနေ ဖြေးဖြေးချင်းထလိုက်ပြီး ၊ အိပ်ချိန်ကိုနှောင့်ယှက်ခံလိုက်ရလို့ နောက်ကျိကျိဖြစ်နေတဲ့ခေါင်းကို ခါယမ်းပစ်လိုက်တယ်။ လောလောဆယ်မှာ ငါ့အတွက်အရေးအကြီးဆုံးက အိပ်ရဖို့ပဲ။ အဲဒါကို လာနှောင့်ယှက်တဲ့ဘယ်သူ့ကိုမဆို ငါလက်မခံနိုင်ဘူး။ အဲဒါကြောင့် ငါ ခေါင်းကိုခါယမ်းပစ်နေရင်းကနေ တံခါးဆီသွားပြီး ခပ်ကြမ်းကြမ်းဆွဲဖွင့်လိုက်တယ်။
" နောက်ဆုံးတော့ နိုးလာပြီပေါ့? နေ့လည်ရောက်နေပြီ...လာ! ထမင်းသွားစားကြမယ် "
အကုိလေးက ငါ့ရဲ့သုန်မှုန်နေတဲ့အခြေအနေကိုဂရုမမူဘဲ ပြုံးတုံ့တုံ့နဲ့ပြောလာတယ်။