Vegas
အသိပြန်ဝင်လာလာချင်း ခေါင်းဆီကနေ စူးရှတဲ့နာကျင်မှုတစ်ခုကို ငါ ခံစားလိုက်ရတယ်။ မျက်လုံးတွေကိုကြိုးစားဖွင့်ကြည့်လိုက်ပြီး လက်ရှိအခြေအနေအပေါ်အာရုံစိုက်နိုင်ဖို့ကြိုးပမ်းလိုက်မိတယ်။ ငါ သတိလစ်သွားခဲ့တာပဲ။ ဗလာကျင်းနေတဲ့ဦးနှောက်ထဲ ခံစားမိနေတာဆိုလို့ နာကျင်မှုတစ်ခုတည်းရယ်။
" ဟေး...သက်သာရဲ့လား? "
ငါ့အာရုံတွေကိုဖမ်းယူသွားတာက Macauရဲ့အသံ။ ခေါင်းကို သူ့ဆီလှည့်ကြည့်လိုက်မိတော့ ငါ့ဘေးမှာမတ်တပ်ရပ်လျက်သားရှိနေတဲ့ Macauရယ် ၊ သူ့အနောက်ဘက်က ထူးထူးခြားခြားမြင်ကွင်းတွေရယ်ကို တွေ့လိုက်ရတယ်။ ကျောချထားတဲ့မွေ့ယာနဲ့ ခေါင်းအံုးဆီက နူးညံ့မှုကို ငါခံစားနေရတယ်။ ဒါက ရင်းနှီးမနေတဲ့ခံစားချက်ပဲ။ ငါ မနက်နိုးလာတိုင်း မြင်နေကျ.....အဲဒီနေရာလေးနဲ့ မတူဘူး။
" P'Top! P'Top, သူ သတိရလာပြီ "
Macauရဲ့အသံက ငါ့နားထဲဟိန်းထွက်လာတယ်။ ငါ နေ့တိုင်း ဒါမျိုးဆူဆူညံညံစကားသံကိုကြားရတာ အကျင့်ပါနေပြီဆိုပေမဲ့...တူတော့တူမနေဘူးပဲ....
" Macau, မင်း တိုးတိုးနေလို့မရဘူးလား? သူက ခြေချော်ပြီးလဲရုံတင်လေ။ သေမသွားဘူး, ဘာတွေ အဲ့လောက်ဖြစ်နေတာလဲ? "
ဒါ တခြားလူတစ်ယောက်ရဲ့အသံပဲ။ မျက်နှာကိုသေချာမမြင်ရပေမဲ့ အဲဒီအသံကို ငါသေချာမှတ်မိတယ်။ အဲဒါက ငါ့နှလုံးသားကို အချိန်တိုင်းလိုလိုထိုးဆွနေကျအသံ ၊ ငါ့ကို တစ်သွေးတစ်သံ အမိန့်ပေးနေကျအသံ ၊ ငါ့ကို ဆူဆဲကြိမ်းမောင်းနေကျအသံ။ နောက်ပြီး ငါမကြားချင်ဆုံးအသံ။
" ပါး! ကိုကြီးကိုဂရုမစိုက်ဘူးဆိုလဲ အိမ်ပြန်လိုက်ပါတော့လား။ ကျွန်တော့်ဘာသာ ကိုကြီးအနားမှာနေခဲ့မယ် "
ငါ့ဘေးမလှမ်းမကမ်းမှာရပ်ရင်း စကားများနေပြန်တဲ့ ပါးနဲ့Macauကိုမြင်ရတော့ နားထင်တစ်ဝိုက်ဆီက ဆစ်ခနဲ။
" Macau! "
" ပါးနဲ့သူ့မယားအသစ်က ဒေါက်တာ့ကိုတွေ့ဖို့ဆိုပြီး တကူးတကရောက်လာတာသာမဟုတ်ရင်, ဒေါက်တာက သေချာပေါက်ကိုထွက်ပြီးအတွေ့ခံလောက်မှာမဟုတ်ဘူး "