အချစ်ဆိုတာဟာ
အတိုင်းအဆမရှိစွာမြတ်နိုးခြင်းတို့အပြင်
ယုံကြည်မှုနဲ့ နားလည်မှုဆိုသော အရာများပါ ပါဝင်ကြောင်းကို
မောင်ဟာဘယ်သောအခါမှ နားလည်မည်မဟုတ်။
....................
ဂျက်ခနဲ တံခါးတွန်းဖွင့်ပြီး ဝင်လာသူထံမှ သုံးနေကျမဟုတ်သော ရေမွှေးနံ့ကိုရသဖြင့် ရေးလက်စ Report ကို ရပ်လိုက်ပြီး Doyoung ဟာ ထိုသူ့ထံသို့ အကြည့်ပို့လိုက်သည်။ ထိုသူကတော့ သူ့ကိုတစ်ချက်တောင်မကြည့်ပါဘဲ အိပ်ခန်းဆီသို့သာ တန်းတန်းမတ်မတ်လျှောက်သွားလေသည်။ နောက်ဆုံး မနေနိုင်သူကတော့ သူသာလျှင်ဖြစ်ပါသည်။
"မောင်... ဒီနေ့နည်းနည်း နောက်ကျ......"
အခန်းထဲသို့ မျက်နှာပြောင်စွာဝင်ရင်း ပြောလို့တောင်မှမဆုံးသေးပါဘဲ သူ့စကားတွေဟာလေထုထဲမှာတင် ရပ်တန့်သွားရသည်။ သူ သူ့ရှေ့မှာ အင်္ကျီချွတ်လိုက်သူရဲ့ ရင်ဘတ်က အနီကွက်လေးတွေကို မြင်လိုက်ရလို့များလား။ ခေါင်းဟာလဲချာကနဲ။ ရင်ဘတ်မှာလဲ ဟာခနဲ။
အတူမနေဖြစ်တာတောင် လချီနေပြီဖြစ်သော သူတို့နှစ်ယောက်ရဲ့ တစ်စတစ်စအေးစက်လာတဲ့ အိမ်ထောင်ရေးမှာ ဒီ Love mark တွေဟာ သူကလွဲပြီး တခြားလူတိုင်းရဲ့လက်ချက်ဖြစ်နေနိုင်တာကို သူသတိထားမိတော့ ရင်ထဲမှာ ဆစ်ခနဲ။ တစ်ချက်ထဲမဟုတ်ဘူး။ အကြိမ်ပေါင်းမြောက်များစွာ။
မျက်ရည်ဆိုတာမျိုးတော့ ကျမလာခဲ့ပါဘူး။ သူ့ဘဝမှာ မောင်နဲ့ပတ်သတ်ပြီးကထဲက မျက်ရည်ဆိုတာတောင် မရှိတော့ဘူး။ ဘာလို့လဲဆိုတော့ မျက်ရည်တွေဟာ တစ်ဆင့်မြင့် မြစ်ရေလောက်တောင် ပြောင်းလဲသွားခဲ့ရလို့လေ။ တလဟောစီးနေတဲ့ မြစ်ရေတွေလို ညတိုင်းမောင်မရှိလို့ နွေးထွေးမှုပျောက်ဆုံးနေခဲ့တဲ့ အေးစိမ့်စိမ့်အခန်းကြီးထဲမှာ ငိုနေခဲ့မိတာမို့လို့။
ဒါတောင် သူမောင့်ကိုအပြစ်တစ်ချက်မဆိုမိပါဘူး။ အားလုံးကို သူ့အပြစ်တွေပဲလို့ သတ်မှတ်ထားတာမို့လို့။
"ပြန်သွားမှာ... ထမင်းမစားတော့ဘူး... ခင်ဗျား တစ်ယောက်ထဲစားလို့ ဖြစ်မယ်လို့ ထင်တယ်... မဖြစ်ရင်လဲ ခင်ဗျားသိပ်ချစ်တဲ့ ခင်ဗျားဂျူနီယာမလေးနဲ့ ဖုန်းပြောရင်းစားပေါ့... အဟက်..."
