အပိုင်း-၈

2.3K 255 7
                                    

မန်နေဂျာ ရုံးခန်းထဲကို ရောက်သည်နှင့် Edris သည် မထိုင်အားသေး။ briefcase ကို ခုံပေါ်ချပြီး အဖြူရောင် လက်ရှည်ကို တံတောင်ဆစ်ထိ ခေါက်တင်၊ အနက်ရောင် ဘောင်းဘီရှည်ထဲ လက်ကို ဟန်ပါပါထည့်ကာ ချစ်စရာ့ ညီလေးရှိရာ အဆောင်ဆီကို တက်ကြွသော ခြေလှမ်းတို့ဖြင့် ကြွလှမ်းလိုက်သည်။

လမ်းတစ်လျှောက်တွင် တွေ့သမျှ ဝန်ထမ်းတွေကို အပြုံးနှင့် နှုတ်ဆက်ရင်း ခြေလှမ်းက တရွရွ။ ရာသီဥတုနှင့်အပြိုင် စိတ်ကြည်လင်‌နေသည်မှာ လေလေးတချွန်ချွန် ဖြစ်မိသည်အထိ။

အကြောင်းမှာ Edris ၏ တစ်ဦးတည်းသော ညီလေးကို မကြာခင် တွေ့ရတော့မည်လေ။

လွန်ခဲ့သော တစ်ပတ်က Edris ဦးဆောင်ရသော အဖွဲ့သည် 'နယ်လှည့် ခြေတုပြုပြင်ရေး' အတွက် တနင်္သာရီတိုင်း၊ မြိတ်မြို့သို့ သွားခဲ့ရသဖြင့် HORC တွင် မရှိခြင်း။

'နယ်လှည့် ခြေတု ပြုပြင်ရေး' အစီအစဉ်သည် ခြေတုကို အခမဲ့တပ်ဆင်ပေးရသည့် တိုင်းဒေသကြီး၊ ပြည်နယ်သို့ ဝန်ထမ်း ဆရာ၊ ဆရာမများ ကိုယ်တိုင် သွားရောက်ခြင်းမျိုး။ လူနာအတွက် ခြေဖဝါး အသစ် လဲလှယ်ပေးခြင်း၊ ခြေအိတ်၊ ပတ်တီး၊ ဖိနပ်အသစ်များ လဲလှယ်ပေးခြင်း စသည်တို့ ပြုလုပ်ပေးရပြီး ခြေတုတစ်ခုလုံး ပြောင်းသင့်သည့် လူနာများဆို HORC ကို လူကိုယ်တိုင် လာရောက် ပြုပြင်ပေးရန် ဖိတ်ခေါ်ခြင်းမျိုး။

Edris ကောင်လေးနဲ့ တစ်ပတ်လောက် ခွဲခွါခဲ့ရတာပါ။ တစ်ပတ်အတွင်း ကောင်လေးကို သတိတွေ ရနေခဲ့တာ။ သတိရမိတိုင်း ခိုးရိုက်ထားတဲ့ ပုံလေးကို ထုတ်ထုတ်ကြည့်နေရလို့ lock screen ကို ကောင်လေးပုံနဲ့ ထားမိတဲ့အထိ Edris သတိရစိတ် ပြင်းပြခဲ့တာ။

စိတ်ထဲ တစ်ယောက်တည်း ရေရွတ်ရင်း Edris သည် ဘောင်းဘီ အိတ်ကပ်ထဲက ဖုန်းကို ဖွင့်လိုက်သည်။ သွားတက်လေးတွေနှင့် မျက်လုံးမှိတ်သည်အထိ ရယ်နေသော ကောင်လေး၏ ပါးမို့မို့နားကို လက်ညိုး‌လေးနှင့် ချစ်စနိုးစွာ တစ်ချက်မျှ ပွတ်သပ်ကာ ခြေလှမ်းကို ပိုမြန်လိုက်၏။

ထိုအခါ-

"မောနင်း ကိုအက်ဒရစ်"

ဝန်ထမ်းဆရာမ တစ်ဦးက အပြုံးနှင့် နှုတ်ဆက်လာရာ အနည်းငယ် နောက်ကျိသွားသော စိတ်နှင့် Edris လည်း ပြန်နှုတ်ဆက်ရလေပြီ။

Be my soulmate (U/Z){Completed}Where stories live. Discover now