ကြယ်တွေပျောက်သော လမိုက်ည အချိန်ကား ဘားအံမြို့၏ လမ်းတစ်နေရာတွင် အဖြူရောင် ကားတစ်စီးသည် မီးတဝင်းဝင်းနှင့် မောင်းနှင်လေသည်။ ဘေးတွင် ယာဉ်တစ်စီးစ နှစ်စီးစသာ ဖြတ်သွား ဖြတ်လာနေ၏။
ကားသည် တရွေ့ရွေ့ ဆက်သွားနေသည်။ အမှောင်ထုလည်း တအိအိ သိပ်သည်းလာပြီ။ တိမ်တွေသည် ကြယ်တွေ လတွေကိုအုပ်ကာ သူ၏ နက်ပြာရောင် ဝတ်ရုံကြီးကို လွှားလျက် အဇဋာပြင်ကို ကြီးစိုးနေသည်။
ပုံမှန်အတိုင် သွားနေသော ထိုအဖြူရောင် ကားမှတစ်ပါး လမ်းသွားလမ်းလာ ယာဉ်တွေလည်း ရှားပါးလာပြီ။ ညက တိတ်ဆိတ် ငြိမ်သက်နေ၏။ အေးချမ်းနေ၏။ ဤသည်မှာ မုန်တိုင်းမလာခင် လေငြိမ်သည့် သဘောပေလော။
တရွေ့ရွေ့ သွားနေသော အဖြူရောင်ကားသည် လမ်းအကွေ့ကို ရောက်သဖြင့် ညာမီးထွန်းကာ အရှိန်လျှော့ မောင်းနေရသည်။ ထိုအခါ ကံဆိုးခြင်းက အပင်ပေါ်မှ စောင့်နေသည့်အလား တစ်ဖက်အကွေ့မှ ဆယ်ဘီးကား ကုန်တင်ကြီးလည်း ဖြတ်လာသည်။ ရိုးရိုးလာခြင်းမဟုတ်။ အရှိန်နှင့် တဟုန်ထိုး လာသည်မှာ ဇက်ကြိုးလွှတ်နေသည့် မြင်းတစ်ကောင်အလားပင်။ ထိုအခါ-
ဂျိမ်း...ဒိုင်း...
အထိန်းအကွပ် မဲ့နေသော ကုန်တင်ကားကြီးသည် ကွေ့လာသော ကားအဖြူလေးနှင့် ဝင်တိုက်မိရာ ဂျိမ်းခနဲ ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသည်။ ဝုန်းခနဲ ပေါက်ကွဲသံများသည် သေမင်းမှ သူ့အလုပ်လုပ်ရန် ဖိတ်ခေါ်နေသည့်အလား။
တစ်ဆက်တည်း ကုန်တင်ကားနှင့်တိုက်မိသော ကားအဖြူသည် မြေပြင်ထက် လွင့်စင်ကာ နှစ်ပတ်...သုံးပတ် လိမ့်သွားသည်။ မြေပြင်ပေါ်ကို ဒိုင်းခနဲ လဲခုန်ကျသွား၏။ သေချာကြည့်က မှန်စတွေကွဲသွားသည့်အပြင် တခြား အစိတ်အပိုင်းအားလုံး ကျိုးကြေသွားသော အဖြူရောင်ကားသည် မှောက်လျက်သားနှင့်။
အချိန်ကောင်းကို စောင့်နေသည့် မိုးသည် ရေကန်အသင့် ကြာအသင့်ဆိုသလို မြေပြင်ပေါ်ကို ဝုန်းခနဲ ရွာသွန်း၏။ အရှိန်ပြင်းစွာ တဝေါဝေါ ဆက်သွန်းဖြိုး၏။
မိုးသည်းကြားက တတောက်တောက် လောင်နေသော ကုန်တင်ကား၏ အလှမ်းတွင် လမ်းမကြီးဘေး မှောက်နေသော အဖြူရောင်ကားပျက်ကြီးမှ နီစွေးစွေး သွေးစီးကြောင်းတွေက မိုးရေစီးကြောင်းနှင့်အတူ တအိအိ ယိုဆင်းသွားသည်မှာ ထိတ်လန့်ဖွယ်အတိ။ ထိုအခါ ထောင်းခနဲ ထသွားသည့် သွေးညှီနံ့တွေလည်း တလှုင်လှိုင်။ ကားအင်ဂျင်မှ ဓါတ်ဆီနံ့တွေလည်း တဟောင်ဟောင်။ တခဏအတွင်း အော်ဂလီဆန်ဖွယ် ရနံ့ဆိုးတွေက ပတ်ဝန်းကျင်ကို လွှမ်းခြုံသွား၏။ မိုးရေသည် အကြိမ်ကြိမ် ဆေးကြောသော်လည်း မဆေးကြောနိုင်တော့ပြီ။
![](https://img.wattpad.com/cover/311141243-288-k719610.jpg)
KAMU SEDANG MEMBACA
Be my soulmate (U/Z){Completed}
Romansa"အမြဲပြုံးနေရမယ်၊ ဟုတ်တယ်၊ အမြဲပြုံးနေမှ လူချစ်လူခင် ပေါမှာ" အက်ဒရစ် "တစ်ခုပဲပြောချင်တယ်၊ လောကကြီးက သောက်ကျိုးနည်းပဲ" ခ...