အပိုင်း-၁၀

2.4K 216 3
                                    

ဆရာကြီးနှင့်ခဏ်း ခြေတုတပ်ဆင်ခန်းဟူသည့် ဌာနကို ရောက်သည်နှင့် အသံမျိုးစုံတို့က ငရဲခန်းလို ဆူညံနေသည်။ အပြင်ဘက်တွင် အဖြူအပြာစပ် နံရံဆေး သုတ်ထားသော်လည်း အတွင်းပိုင်းကို အဝါဖျော့ရောင် ဆေးသုတ်ထားသည့် ဤအခန်းကို ခဏ်း သိသည်။ စစရောက်ချင်းက ခဏ်းကို ခေါ်ယူစစ်ဆေး၊ စာရင်းသွင်းခဲ့ပြီး ခဏ်းအတွက် လူနာကတ်ပြား ပြုလုပ်ရန် ဖဒွန်နှင့် ဝင်သွားခဲ့ရသည့် နေရာပါပင်။

အခန်းထဲ ဝင်သည်နှင့် လျှပ်စစ် မီးချောင်းတွေကို အကုန်ဖွင့်ထားသဖြင့် တစ်ခန်းလုံးသည် အပြင်ကထက် လင်းထင်နေသေးသည်။ တဝီးဝီး လည်နေသော မျက်နှာကျက်ထက်က အဖြူရောင် ဒလက်ပန်ကာများကြောင့် ပြင်ပကလို ပူအိုက်မနေဘဲ အေးစိမ့်စိမ့်နှင့်။ ပေါင်ဒါရနံ့တွေကလည်း တသင်းသင်း။ လူလည်း များသည်။

"ခဏ်း အရင်ထိုင်နှင့်နော်၊ လိုအပ်တာလေးတွေ ကိုယ် သွားယူအုံးမယ်"

ခေါင်းညိတ်ပြီး ဆရာကြီး ညွှန်ပြရာ နေရာကို ခဏ်း ထိုင်ချသည်။ ထွက်သွားသော ကျောပြင်ကျယ်အား ကြည့်ပြီး ခံစားချက်က ဟာတာတာ။ ထို့အတူ ပထမဆုံး ကျောင်းတက်ခဲ့ရသည့် အချိန်ကို ခဏ်း ပြန်သတိရသည်။

ငါးနှစ်သားအရွယ် ခဏ်းလေးက မူကြိုကျောင်းမှ ကျောင်းတော်ကြီးကို အဖြူအစိမ်းလေးနှင့် တက်ရောက်ရသဖြင့် အရမ်း စိတ်လှုပ်ရှားခဲ့သည်။ သူစိမ်းတွေကြားမို့ အရမ်းလည်း ကြောက်ခဲ့ရသည်။ ဖေကြီးနှင့် မေကြီးတို့က ခဏ်း၏ လက်သေးသေး နှစ်ဖက်ကိုဆွဲပြီး အပြုံးနှင့် လာပို့ကြလို့သာ ခဏ်းလေး စိတ်သက်သာရာ ရခဲ့သည်။ လုံခြုံမှုကို ခံစားခဲ့ရသည်။

သို့ရာတွင် ဖေကြီး၊ မေကြီးတို့က ခဏ်းလေးကို ခဏလေးသာ လာပို့ပြီး ပြန်သွားကြသည်။ ထိုအချိန်တုန်းက ထွက်သွားသော ကျောပြင်နှစ်ခုကို ကြည့်ပြီး ခဏ်းလေး အရမ်း ဝမ်းနည်းသဖြင့် တစ်နေကုန် အော်ငိုခဲ့ရ၏။

အခု ခံစားချက်လည်း ထိုနည်းတူပင်။

ဆရာကြီး ထွက်သွားသည်နှင့် စိမ်းသက်သော ပတ်ဝန်းကျင်က ခဏ်းအတွက် လုံခြုံမှု မရှိတော့သယောင်။

Be my soulmate (U/Z){Completed}Donde viven las historias. Descúbrelo ahora