အပိုင်း-၅

2.9K 277 6
                                    

သာယာသော အင်္ဂါနေ့ မနက်ခင်းတွင်ကား HORC ဌာန၏ ဘတ်စကတ်ဘော ကွင်းပြင်တွင် ရယ်သံများ၊ မြူးထူးသံများ၊ အားပေးသည့် အော်သံများ၊ လက်ခုပ် တဖြောင်းဖြောင်း တီးသံများ ဆူညံစွာ ထွက်‌နေသည်။

အကြောင်းမှာ မန်နေဂျာကြီး အသိပေးထားသည့် အတိုင်း ဧည့်သည်ဆိုသည့် NGO အဖွဲ့က ရောက်လာကာ ထိုဌာနရှိ မသန်စွမ်း ကလေးများအား အပြေးပြိုင်ခြင်း၊ အာလူးကောက်ခြင်း၊ အရုပ်ဆက်ပြိုင်ခြင်း၊ မုန့်စားပြိုင်ခြင်း စသော ဂိမ်းများကို ကစားစေသောကြောင့်ပင်။

အလကား ကစားခြင်းမျိုး မဟုတ်ဘဲ ပါဝင်ယှဉ်ပြိုင်သူ အားလုံးကို ဆုလက်ဆောင်တွေ ပေးကြပါ၏။

သို့နှင့် ငါးဆယ်ကျော်‌သော ကလေးများမှာ ဌာနကပေးသည့် HORC တံဆိပ်ပါ အဖြူရောင် တီရှပ်နှင့် အပြာရောင် အားကစား ဘောင်းဘီတိုတို့ကို ဝတ်ဆင်ကြကာ ဆုလက်ဆောင်များ ရရှိဖို့အရေး ဂိမ်းတိုင်းကို ပျော်ရွှင်စွာ ကစားနေကြပါသည်။

မန်နေဂျာကြီးပါ လာကြည့်လေတော့ ကလေးများမှာ ပိုမို အားတက်ကာ ပြိုင်ပွဲတိုင်းကို အားတက်သရော် ပါဝင်ကြတော့၏။

ဝန်ထမ်း ဆရာ၊ ဆရာမများသည် ကလေးတွေကို လက်ခုပ်တီး အားပေးရင်း မျက်နှာချင်းဆိုင် အရပ်က အပြုံးနှင့် လက်ပိုက်ကာ ရပ်ကြည့်နေသည့် သူတို့၏ ဂျာကြီးကိုလည်း ခိုးခိုးကြည့် နေကြရသည်။

အရပ် ခြောက်ပေ နှစ်လက်မနှင့် ဂျာကြီးသည် မတ်တပ်ရပ် ကြည့်နေကြသည့် လူအုပ်ကြီးကြားတွင် သိသိသာသာ ထင်းနေသည်။

ခါတိုင်းလို ဂျယ်နှင့် နောက်လှန် ဖြီးသင်ထားသည့် ဆံပင်ကေကြောင့် ဝင်းမွတ်ကာ လေးထောင့်ကျသည့် မျက်နှာပြင်က ရှင်းလင်းနေသည်။ ဖြောင့်တန်းသော မျက်ခုံးနက် နှစ်တန်းအောက်က မျက်ဝန်းနက်တို့မှာတော့ ရာသီဥတုအတိုင်း ကြည်လင်နေကာ ရွှင်မြူးရိပ်တို့ အပြည့်။ ချွန်ကာ ဖြောင့်စင်းသည့် နှာတံမြင့်အောက်က နီရဲသည့် နှုတ်ခမ်းထူ အစုံမှာလည်း တာဝန်ကျေပွန်စွာ ပြုံးနေလျက်။

သူတို့ဂျာကြီးက အရက်သေစာ ကင်းသောကြောင့် အသားအရည်က ကြည်လင်ကာ သွေးယောင်အမြဲ သမ်းနေခြင်းပင်။

Be my soulmate (U/Z){Completed}Donde viven las historias. Descúbrelo ahora