အဖြူရောင်အတိဖြစ်နေတဲ့ ကောင်းကင်ကြီးနဲ့ မျက်စိတစ်ဆုံးပြာလဲ့လဲ့ ရေပြင်ကျယ်ကြီးကိုငေးကြည့်ရတာကို ညီလင်းဉာဏ်အတော်ပင်သဘောကျရသည်။ ထိုအခိုက်မှာ အရာအားလုံးက အေးချမ်းတိတ်ဆိတ်နေပြီး စိတ်ကိုပေါ့ပါးစေတာက သူအနှစ်သက်ရဆုံးပင်။
"နောက်မှပြန်ဆုံကြရအောင်"
နောက်ဆုံးအနေဖြင့် သဘာဝပင်လယ်လေကိုတစ်ဝကြီးရှူရှိုက်ကာ နှုတ်ဆက်စကားဆိုပြီး luggage အိတ်ကိုဆွဲလျက် ပင်လယ်ပြင်ကိုကျောခိုင်းကာ လှည့်ထွက်ခဲ့လိုက်သည်။
နယ်မြို့လေးတစ်မြို့ဆီသို့ ဦးတည်မယ့် ခရီးသွားကားတစ်စီးပေါ်သို့တက်ကာ အပြင်ဘက်ဆီကိုသာငေးနေလိုက်သည်။ ခရီးသွားရင် သဘောအကျရဆုံးက မှန်တံခါးဘက်ခြမ်းမှာထိုင်လျက် သီချင်းအေးအေးလေးနားထောင်ကာ အပြင်သို့ငေးရခြင်းပင်။
သီချင်းအေးအေးလေးဟု တွေးမိကာမှ အစွယ်နှစ်ချောင်းနှင့် ဘီလူးပေါက်စဟု သူအမည်ပေးထားတဲ့ကောင်လေးက သူ့အားပေးခဲ့သော earphone ကိုသတိရမိသည်။ ထိုနေ့မှစ၍ ထိုဘီလူးပေါက်စကို မတွေ့မိသလို သူလည်းပြန်လာခဲ့ပြီမလို့ သူတို့နှစ်ယောက်က အမှတ်တမဲ့တွေ့ခဲ့တဲ့ ဆုံတွေ့မှု့လေးတစ်ခုသာ။
အနိမ့်အမြင့် အတက်အဆင်းများပြားလွန်းလှတဲ့ တောင်ကြားလမ်းတွေမှာ စိမ်းစိုစိုသစ်ပင်တွေနှင့်အတူ မနက်ခင်းမြူမှုန်တို့နှင့် ချမ်းစိမ့်စိမ့်ရာသီဥတုလေးရယ်က လွမ်းဆွေ့ဖွယ် အငွေ့အသက်လေးတွေကိုရစ်သိုင်းလွှမ်းခြုံထားသလိုပင်။
အပြင်ဘက်ရှူခင်းတွေကို မရိုးနိုင်ငေးနေမိရင်း မြို့၊ ရွာငယ်အသီးသီးအား ကျော်ဖြတ်ပြီး ညနေစောင်းချိန်မှသာ သူလိုရာခရီးကိုရောက်သည်။ ကားထက် ဆိုင်ကယ်ပိုများတဲ နယ်မြို့လေးမလို့ မျက်လုံးထဲ အမြင်သိပ်မတူသေးသော်ငြား ယာဥ်ကြောပိတ်ဆို့မှု့နည်းတာက သဘောကျစရာကောင်းပြန်ပါသည်။
"ညီလေး taxi ခေါ်ဦးမလား"
"ဘယ်သွားမလဲ taxi အားတယ်နော်"
ကားပေါ်ကဆင်းကာ လမ်းမပေါ်ခြေချတာနှင့် အလုအယက်ဝိုင်းအုံကာမေးနေကြတဲ့ သူတွေကို ညီလင်းဉာဏ်ခေါင်းရမ်းပြကာ ထိုလူအုပ်ထဲမှ အမြန်ရှောင်ထွက်လျက် တစ်ဖက်ကလမ်းမဘက် ကူးလိုက်ရသည်။
DU LIEST GERADE
Love Competition (ချစ်ခြင်းမေတ္တာပြိုင်ပွဲ) - Completed
Romantikချစ်ခြင်းမေတ္တာဆိုတာဘာလဲ