Part - 4

2.1K 103 4
                                    

စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်ဖြစ်တာမလို့ ညီလင်းဉာဏ်တစ်ယောက် ကြမ်းပြင်ထက် တပျဥ်ခွေထိုင်ကာ ပေါင်ပေါ်မှာ မြန်မာစာစာအုပ်ကိုတင်ထားလျက် ပါးစပ်ကတတွတ်တွတ်ရွတ်ဆိုနေပြီး လက်ကတော့ လိမ္မော်သီးတို့ကို အဝတ်ဖြင့်သုတ်ရင်း အရွယ်အစားခွဲနေသည်။

"သားဉာဏ်"

"အယ် ဒေါ်လေး ဘယ်လိုဖြစ်လို့လဲ"

စျေးမှာရှိနေရမည့်သူက အိမ်ပြန်ရောက်လာသည်ကြောင့် ညီလင်းဉာဏ်ပြာပြာသလဲထကာ အနားသွားလိုက်ရသည်။

"ခေါင်းနည်းနည်းမူးလို့ပါကွယ် ဒေါ်လေးနားချင်လာလို့ ဆိုင်ပိတ်ခဲ့လိုက်တယ် ဥပုဒ်နေ့ဆိုတော့လူလည်းပါးတယ်လေ"

ဒီလတွေမှာ ညီလင်းဉာဏ်သတိထားမိသလောက် ဒေါ်လေး၏ကျန်းမာရေးမှာ တစ်နေ့ထက်တစ်နေ့ အခြေအနေဆိုးရွားလာခဲ့သည်။ ညီလင်းဉာဏ်ကလည်း ကျောင်းစာတွေမအားလပ်တော့တာကြောင့် အရင်ကလောက်လုပ်မကူနိုင်ဖြစ်နေသည်။

"ဒေါ်လေး ကျွန်တော်တို့ ဆေးခန်းပြကြည့်ရအောင်လေ"

အိပ်ခန်းထဲတွဲပို့ပေးကာ ကုတင်ထက်လှဲစေလိုက်ပြီး စိုးရိမ်စွာစကားဆိုတော့ ထုံးစံအတိုင်းလက်ခါပြလာပြန်သည်။ ဒေါ်လေးက ဆေးရုံဆေးခန်းကို အယုံအကြည်နည်းသည်။ ဆရာဝန်တွေက ပုံကြီးချဲ့တယ်၊ အလကားပါ အလုပ်များတယ်၊ ဆေးဆိုင်သွားလိုက်လည်းရတာပဲ ဆေးခန်းကစျေးပိုကြီးတယ် စသည်ဖြင့် ဘယ်သူပြောခဲ့လဲ မသိတဲ့ အကြောင်းတရားတွေ အမျိုးမျိုးဖြင့် သွားဖို့ကို ပြောမရခဲ့။

မေမေလည်း အရင်က ဒေါ်လေးလိုပဲဆိုပေမယ့် ဖေဖေရဲ့နားချ ရှင်းပြမှုတွေအောက်မှာ နားလည်လာခဲ့သည်။ ဒေါ်လေးကိုတော့ ထိုသို့နားလည်အောင် ပြောပြမယ့်သူ မရှိခဲ့ခြင်းဖြစ်မည်။

"ဒေါ်လေးနားလိုက်ရင် သက်သာသွားမှာပါ သားရယ်၊ သွား သွား စာသွားကျက် အသီးတွေမလုပ်နေနဲ့"

"ကျွန်တော် စာရပါတယ် ဒေါ်လေးရဲ့"

"အို ၁၀တန်းကျောင်းသား စာဘယ်လောက်များလဲဆိုတာ ဒေါ်လေးသိပါတယ် သွား စာပဲလုပ်"

Love Competition (ချစ်ခြင်းမေတ္တာပြိုင်ပွဲ) - CompletedTahanan ng mga kuwento. Tumuklas ngayon