ဆေးရုံကအပြန် ဆရာဝန်မှာလိုက်တဲ့ စိတ်ကိုအနားပေးဖို့နှင့် ကိုယ့်ကိုကိုယ် ပိတ်လှောင်ထားတဲ့သူ မဖြစ်စေဖို့ ဆိုတဲ့စကားတွေက ညီလင်းဉာဏ်အတွေးထဲ အချိန်အတော်ကြာပင် စိုးမိုးနေခဲ့သည်။
တကယ်တော့ ဒီအခြေအနေမျိုးမှာ သူနေသားကျနေခဲ့ပြီ ထင်သည်။ ဒဏ်ရာရတိုင်းမှာ နာကျင်မှုမရှိ ခံစားချက်မဲ့သလိုပဲဖြစ်ဖြစ်၊ အဆင်ပြေတဲ့ပုံစံကိုပဲဖြစ်ဖြစ် ဟန်ဆောင်ပြတတ်ခဲ့တာ ကြာခဲ့ပြီ။ သူ့ဘေးမှာ မာန်တစ်ယောက်လုံးရှိပါလျက်နှင့် အဘယ့်ကြောင့် ထိုသို့ဖြစ်နေခဲ့ရသနည်း ဆိုတာလည်း မတွေးချင်တော့ပေ။
"အစ်ကို အစ်ကို!"
"အော် အင်း သုတ ဘာဖြစ်လို့လဲ"
ညီလင်းဉာဏ်မှာ စားပွဲကိုလက်ထောက်လျက် နားထင်ကိုဖိနှပ်နေရင်းက အတွေးလွန်သွားသည်ကြောင့် ဘေးမှ သုတက အသံမြှင့်ခေါ်လိုက်ရသည်။
"သွားကြမယ်လေ ၂နာရီထိုးပြီ"
"ဟုတ်သားပဲ ခဏလေးနော်"
သုတက ဆိုင်အတွက်လိုအပ်တဲ့ ပစ္စည်းအချို့ဝယ်ရန်သွားရမည်နှင့် သူကဘဏ်ကိုငွေအပ်ရန်သွားဖို့ရှိသည်ကြောင့် အတူသွားရန်ပြောထားပြီး စိတ်နှင့်လူနှင့်မကပ်စွာပင် ညီလင်းဉာဏ် မေ့နေခဲ့သည်။
"အစ်ကိုနေရောကောင်းရဲ့လား"
"ကောင်းပါတယ် ဘာလို့လဲ"
"အစ်ကိုကြည့်ရတာ အားမရလို့ စိတ်ရှုပ်စရာရှိနေလို့လား"
"ဒီလိုပါပဲကွာ သွားရအောင်လေ"
သုတက ကားမောင်းနေတဲ့ တစ်လျှောက်လုံးမှာလည်း ညီလင်းဉာဏ်ကို အရိပ်တကြည့်ကြည့်နှင့် စကားပြောပေးရှာသည်။ မဟုတ်လျှင် ညီလင်းဉာဏ်စိတ်တို့က ဟိုရောက်ဒီရောက်နှင့် အတွေးလွန်သွားတတ်သည်။
"သုတ ကိုယ်မေးဦးမယ် ကျော်စိုးတို့အဖွဲ့က ဘယ်လိုဖြစ်သွားတာလဲသိလား တစ်ဖွဲ့လုံးအလုပ်ထွက်ကြတာလား"
"ကျွန်တော်လည်းသေချာမသိဘူး သူတို့ကထွက်တာလား သူဌေးကပဲ အကုန်ထုတ်လိုက်တာလားမသိဘူး"
"တစ်ဖွဲ့လုံးတောင်လား"
"ဟုတ်ပါ့ဗျာ ကျွန်တော်တို့တွေတောင် လန့်နေရတာ ဘာပဲဖြစ်ဖြစ်နားတော့အေးတာပဲ အလုပ်လည်းသေချာလုပ်တာမဟုတ်ဘူးလေ အစ်ကို့ကိုလည်းမလေးစားကြဘူး အကုန်လိုက်ပြဿနာရှာနေတာ"
ESTÁS LEYENDO
Love Competition (ချစ်ခြင်းမေတ္တာပြိုင်ပွဲ) - Completed
Romanceချစ်ခြင်းမေတ္တာဆိုတာဘာလဲ