ဧကရာဇ်၏ အလုပ်က ညီလင်းဉာဏ်မထင်ထားသည်အထိကြီးမားနေခဲ့ပေမယ့် အလုပ်ပုံစံက ညီလင်းဉာဏ်မှန်းထားသည်နှင့်ကွဲလွဲစွာ မည်သည့်ထိန်းချုပ်မှုမှမရှိ လွတ်လပ်ပေါ့ပါးလှသည်။ အကုန်လုံးကလည်း သူ့အလုပ်သူသာလုပ်နေကြပြီး မြင်တွေ့သည့်အခါ အသိအမှတ်ပြုသည်ဆိုရုံသာ နှုတ်ဆက်ကြသည်။ မလေးစားခြင်းမျိုးလည်းမဟုတ် အလုပ်ကိစ္စလာရောက်ပြောသည့်အခါ ကြီးသည်ငယ်သည်မရှိဘဲ ရိုသေလေးစားမှုလည်းအပြည့်ရှိသည်။
ဧကရာဇ်က ကုမ္ပဏီရောက်သည့််တိုင် သူ၏လက်တို့အား လွတ်ပေးမလာဘဲ ဆုပ်ကိုင်ထားလျက် သွားတာလာတာမျိုးရှိပေမယ့် မည်သူတစ်ဦးတစ်ယောက်ကမှ လိုက်ကြည့်ခြင်း၊ တီးတိုးစကားစကားဆိုနေကြခြင်းမျိုးမရှိသလို ကဲ့ရဲ့သည့်အရိပ်အယောင်လည်းမရှိ။ ဧကရာဇ်ကို မငြင်းဆန်နိုင်၍သာ အတူလိုက်ခဲ့ပေမယ့် စိုးထိတ်ကြောက်ရွံ့နေခဲ့သည့်စိတ်တို့သည် ပထမဆုံးနေ့ ဤနေရာသို့ခြေချကတည်းက လွင့်ပျယ်ခဲ့ရသည်။
အရင်က တီရှပ်တွေသာဝတ်ပေမယ့် အလုပ်မှာတော့ ရှပ်လက်ရှည်တို့ကိုပြောင်းဝတ်သည့် ဧကရာဇ်ပုံစံက မြင်နေကျပုံစံနှင့်ကွဲထွက်ကာ အရှိန်အဝါတစ်မျိုးဖြင့် ကြည့်ကောင်းနေတာ ငြင်းမရ။ ဧကရာဇ်က အစစအရာရာမှာ ပြီးပြည့်စုံနေတဲ့ ယောကျ်ားလေးတစ်ယောက်ပင်ဖြစ်သည့်တိုင် ဘယ်အချိန် ဘယ်နေရာမဆို သူ့အား ဘေးနားမှာအတူယှဥ်ရပ်စေပြီး ဆုပ်ကိုင်ထားတဲ့လက်တို့ကို ပိုမြဲမြဲစေခဲ့သည်။
ယခုလည်း အလုပ်များနေသူက ရှပ်အင်္ကျီလက်ရှည်ကို တံတောင်ဆစ်နားထိ ဆွဲတင်ထားလျက် keyboard ပေါ်ပြေးလွှားနေတဲ့လက်ချောင်းရှည်တို့သည် မရပ်မနား။ အာရုံအလုံးစုံကရှေ့မှ screen ပေါ်တွင်ရှိနေသည်ကြောင့် ပိရိသေသပ်တဲ့နှုတ်ခမ်းပါးတစ်စုံသည်လည်း ခပ်တင်းတင်းစေ့လျက်သား။
တစ်ချက် တစ်ချက် တွေးတောရင်းဖြင့် ဘယ်ဘက်လက်လက်သူကြွယ်ရှိ တက်တူးနေရာအားနှုတ်ခမ်းတို့ဖြင့် မထိတထိလုပ်နေတာမြင်တော့ ညီလင်းဉာဏ်မှာ အလိုလိုနေရင်း မျက်နှာပူလာရသည်။
"အာ့!"
မျက်လွှာချထားလျက် လက်သည်းအားတတိတိကိုက်ရင်း အတွေးလွန်နေရာမှ ဘယ်အချိန်ကထဲက သူ့အနားရောက်လာမှန်းမသိသူက နဖူးအားလက်ဆစ်ဖြင့် ခပ်ဖွဖွတောက်တာခံလိုက်ရသည်ကြောင့် မနာပေမယ့်ယောင်ရမ်းကာ အော်မိရသည်။