လက်တစ်ခုလုံး ညစ်ထေးပေနေတဲ့ သွေးတို့သည် ခြောက်ကပ်ကပ်ပင်ဖြစ်နေလေပြီ။ ထိုသွေးတွေ ဘယ်ကရောက်လာသည်ထဲ သူမသိ။ ဒေစီပန်းလေးသည်ပင် ထိုသွေးစက်တို့ကြား အရောင်ပြောင်းနေခဲ့လေပြီ။
"မင်း လူသတ်လိုက်တာလား"
ကြားနေရသည့် အသံမဟုတ်တော့ဘဲ အခြားတစ်ယောက်၏ အသံက သူနှင့်အနီးဆုံးက ထွက်လာသည်ကြောင့် လှည့်ကြည့်လိုက်ပေမယ့် ပတ်ဝန်းကျင်သည် မပြောင်းလဲ သူတစ်ယောက်တည်းသာရှိနေဆဲ။ သို့ပေသိ တဖြည်းဖြည်း မှောင်လာသည်ကိုခံစားမိသလို သူထင်တာမမှားရင် မြင်နေရသည့် ပုံရိပ်တွေသည်လည်း မှေးမိန်သွားနေသည်။
"သတ်လိုက်လည်း ကိစ္စမရှိဘူး အဲဒါတွေက အတိတ်တွေပဲ ပြီးဆုံးသွားခဲ့ပြီးသား"
အတိတ်တွေ...။
ဒါက အတိတ်တွေလား...။"ဘာလို့ အတိတ်တွေကို ပြန်တွေးနေမှာလဲ အခုလက်ရှိအချိန်ကသာ အရေးကြီးဆုံးမဟုတ်ဘူးလား"
အခုလက်ရှိအချိန်...။
အခုလက်ရှိ သူဘယ်မှာရှိနေခဲ့သည်လဲ။"မင်း အိမ်ပြန်ဖို့ မကြိုးစားတော့ဘူးလား အတိတ်တွေထဲက ရုန်းမထွက်နိုင်ရင် မင်းအိမ်ပြန်လို့ရမှာမဟုတ်ဘူး"
ဟင့်အင်း သေချာတာက သူအခု အိမ်မပြန်ချင်နေခဲ့သလိုပဲ။
"အိမ်မှာ မင်းကို စောင့်နေတဲ့သူရှိတယ် သူ့ကိုထားခဲ့တော့မလို့လား"
"ကျွန်တော့်ကိုစောင့်နေတဲ့သူ"
ထိုစကားက ဒီနေရာကိုရောက်နေခဲ့တဲ့ အချိန်တွေမှာ သူ ပထမဆုံးအနေနဲ့ ပြန်ပြောမိတဲ့စကားဖြစ်သည်။ စောင့်နေတဲ့သူတဲ့ မိမိအား စောင့်နေသည့်သူ ရှိသည်လား။
ခေါင်းထဲ မူးဝေမှုကိုခံစားလိုက်ရသည်ကြောင့် မျက်ဝန်းတို့ မှိုတ်ချဖို့ကြိုးစားလိုက်ချိန် ရစ်ပတ်နေသည့် ဒေစီပန်းလေးဆီ အကြည့်တို့ရောက်သွားတော့ ဝမ်းနည်းစိတ်တို့ ခံစားမိလာသလိုပင်။
"သားလေး"
ခပ်နွေးနွေးခေါ်သံလေးက အကြားအာရုံမှတစ်ဆင့် နှလုံးအိမ်သို့ စီးဝင်သည်။ နှစ်တွေမည်မျှကြာခဲ့ပါစေ အမှတ်တရရှိနေခဲ့သည့် ထိုအသံကြောင့် နှလုံးအိမ်ထဲနာကျင်မှုတို့နှင့် လွမ်းဆွတ်တမ်းတမှုတို့က ထပ်တူဖြစ်တည်သည်။