"အို မထင်ထားဘူး"အံ့ဩမှုသည် တခဏသာဖြစ်ပြီး ထပ်မံရယ်ပြုံးနေသော ကိုကို့မာမီကြောင့် ဇွဲရောင်ထင် တင်းတင်းကျပ်ကျပ်ဆုပ်ထားမိသော လက်များအတန်ငယ်ပြေလျော့သွားသည်။ထိုအမျိုးသမီးသည် သူ့ဘက်သို့ ကိုယ်ကို ယိမ်းစောင်းလာစဥ် မွှေးပျံ့သော ရနံ့သည် သူ့နားသို့ တိုးဝှေ့လာသည်။
"အချောလေးဘဲ ရိုးရာကအခုမှမိတ်ဆက်ပေးတယ်ကွယ် မင်းနာမည်က ဇွဲရောင်ထင်နော်"
"ဟုတ်ကဲ့ခင်ဗျ"
ချိုသာသော စကားပြောဆိုပုံအမူအယာတို့ကြောင့် ရောင်ထင် စိတ်ထဲတွင် အနည်းငယ်ပေါ့ပါးသွားသည်။ကိုကို့မာမီသည် သဘောအင်မတန်ကောင်းမည့်ပုံဖြစ်သည်။ရောင်ထင် မည်သည့်စကားသံမှထွက်မလာသော ကိုကို့ဘက်သို့ မျက်လုံးဝေ့ကြည့်လိုက်သည်။အလွန်ငြိမ်သက်နေသော ကိုကို့ မျက်လုံးများသည် ထိုအမျိုးသမီးကိုသာစိုက်ကြည့်နေသည်။ထိုမျက်လုံးများသည် ရေခဲတမျှ အေးစက်လို့နေသည်။
"ရိုးရာနဲ့တွေ့တာကြာပြီလား သူကလူတောမတိုးတဲ့သူဆိုတော့ အန်တီကစိတ်ပူနေတာ"
"ဟုတ်ကဲ့ ကိုကို ဒီကိုစရောက်တည်းကပါဘဲ"
"ကိုကိုတဲ့ ချစ်စရာလေးကွယ် ရိုးရာက သူ့ကို ကိုကို လို့ခေါ်ရင်အရမ်းသဘောကျတာလေ"
"ဗျာ"
"ဟုတ်တယ် သူငယ်ငယ်က ဆေးရုံမှာကလေးတစ်ယောက်နဲ့တွေ့တာ အဲ့ကလေးက ကိုကို လို့ခေါ်လို့အရမ်းချစ်ပြီး မခွဲနိုင်မခွာနိုင်ဖြစ်ခဲ့တာ ငိုတောင်ငိုတယ် ဟားဟား"
ရောင်ထင် ကယောင်ကတန်း လိုက်ရယ်၍ ကိုကို့ဘက်သို့ကြည့်လိုက်သည်။တည်တင်းနေသော မျက်နှာသည် လွန်စွာ စိတ်မသက်မသာရှိလှသည်။ကိုကိုနဲ့ ကိုကို့အမေက အဆင်မပြေကြဘူးများလား
"အဟမ်း အချိန်ကောင်းလေးတွေကိုဖျတ်သလိုဖြစ်သွားလို့ ဆောရီးပါ သားရယ် မျက်နှာကြီးဆူပုတ်မနေနဲ့ မာမီသွားတော့မှာအခု"
ပြောရင်းဖြင့် ထိုအမျိုးသမီးသည် နေရာမှ ထ,ရပ်လိုက်၍ ကုတ်ကိုလက်တွင်ချိတ်လိုက်သည်။
"ကဲ ဇွဲရောင်ထင် အန်တီသွားဦးမယ် မင်းကိုကိုမျက်နှာပျက်နေပြီ နောက်တစ်ခါ အိမ်လာလည်ပေါ့ အန်တီနဲ့မကြာမကြာတွေ့ဖြစ်မယ်မဟုတ်လား"
ВЫ ЧИТАЕТЕ
The Moonlit Trunk(လရောင်ပင်စည်)
Любовные романыဆုတောင်းတွေကို မယုံပေမယ့် အမြဲဆုတောင်းဖြစ်တယ် ယုံကြည်မှုဖြင့် Gloomy~