လှေကားထစ်တွေအတိုင်းတက်လာရင်း လက်ထဲမှ ကိုကို့အတွက် ကြေးအိုးထုပ်ကိုကြည့် ဇွဲရောင်ထင် ခြေလှမ်းမြန်လိုက်သည်။
ကြေးအိုးထဲတွင်ပါသည့် ဂျုံနှင့်ရောနယ်ထားသည့်ကြက်သားလုံးကို ကိုကို မကြိုက်သဖြင့် ရောင်ထင်က ရိုးရိုးအသားလုံးအား ငုံးဥများများဖြင့်ဝယ်ယူခဲ့ခြင်းဖြစ်သည်။ကြက်သွန်ကြော်မွှေးမွှေးဖြင့် သုံးလမ်းကျော်ထိပ်ကကြေးအိုးဆိုင်ကို ကိုကို အရမ်းကြိုက်သည်။
ရောင်ထင်သည် အာရုဏ်ဦးထံမှ ဓားပြတိုက်လာခဲ့သော မီးခိုးမှင်ရောင် ဆေးဘူးကို အိတ်ထဲတွင် သေချာပြန်စစ်၍ ပြုံးရွှင်စွာပင် အိမ်ပေါ်သို့ တက်လာခဲ့သည်။တက်တက်ကြွကြွဖြင့် သော့ကိုဖွင့်၍ ဝင်လာလိုက်ချိန် အိမ်ခန်းအတွင်း ဘယ်သူမျှမရှိဘဲ တိတ်ဆိတ်နေသည်။
ညနေစောင်းလို့ မှောင်ရိပ်သန်းနေပြီဖြစ်သောကြောင့် ကိုကို မီးတွေဖွင့်ဖို့ကောင်းပြီ။ရောင်ထင် ဧည့်ခန်းမီးအတွင်းရှိ ခလုတ်ဖွင့်လိုက်၍ မီးဖိုချောင်ထဲသို့ဝင်လာလိုက်သည်။ကြေးအိုးထုပ်ကို ပန်းကန်လုံးထဲတွင် ခဏ ထည့်ကာ ကိုကို့ဆီလာရန် သူထွက်လာခဲ့သည်။ယခုအချိန်ထိအသံပင် မကြားသေးရအောင် ကိုကို အိပ်နေတာများလား
"ကိုကို"
ရောင်ထင် ဦးစွာ စတူဒီယိုခန်းသို့ ဖွင့်ကြည့်လိုက်ရာ လိုက်ကာစမှလွှဲ၍ ဘာလှုပ်ရှားမှုမှ ရှိမနေချေ။ထို့ကြောင့် ကိုကို့အခန်းသို့ပင် သူလျှောက်လာလိုက်သည်။အခန်းတံခါးကိုဖွင့်ဖွင့်ချင်းပင် အေးစက်သော ခံစားချက်မျိုးခံစားလိုက်ရ၍ ကြမ်းပြင်ပေါ်လဲကျနေသော ကိုကို့ ကိုမြင်သောအခါ သူ ရင်ဘတ်အား တူဖြင့်ထုရိုက်လိုက်သလို ထိတ်ခနဲဖြစ်ကာ ကိုကို့ဆီသို့ပြေးသွားလိုက်သည်။
"ကိုကို ကိုကို သတိထားပါဦးဗျ ကိုကို"
နှုတ်ခမ်းနှင့် လက်ဖျားတို့မှာဖြူဖွေး၍ ချွေးစေးတို့ တစ်ကိုယ်လုံး ရွှဲနစ်ကာ ကိုကို ကယောင်ကတန်းဖြစ်နေ၏။
"ကိုကို ကျွန်တော့်အသံကြားလား"
တုန်ယီနေသော အသံဖြင့် ရောင်ထင် ကိုကို့အား ပုခုံးမှ ပွေ့၍ လှုပ်လိုက်သောအခါ မျက်ခုံးတို့တွန့်ကာ ကိုကိုကရုန်းသည်။တစ်ဆတ်ဆတ်တုန်ယင်နေသော အောက်နှုတ်ခမ်းနှင့် လက်နှစ်ဖတ်လုံးအား ရောင်ထင် အုပ်ကိုင်၍ သူ့ရင်ထဲ ဝေဝါးလာသည်။သူဒီလိုအခြေအနေမျိုးကို အကြောက်ဆုံးပင်ဖြစ်သည်။သူ ဘာလုပ်သင့်သနည်း။ရင်ထဲတွင် စိုးရိမ်စိတ်တို့နှင့်အပြိုင် ကြောက်စိတ်ကပါ ဝင်ရောက်အစားထိုးနေရာယူလာသည်။
ESTÁS LEYENDO
The Moonlit Trunk(လရောင်ပင်စည်)
Romanceဆုတောင်းတွေကို မယုံပေမယ့် အမြဲဆုတောင်းဖြစ်တယ် ယုံကြည်မှုဖြင့် Gloomy~