Part-36

396 33 8
                                    

ကိုကို သတိမရသေးသည်မှာ တစ်ရက်ပင်ပြည့်ပြီဖြစ်၏။

လိုအပ်သည့် ဆေးသွင်း ဆေးထိုးခြင်းများမှ လွဲ၍ သူနာပြုများမှာ ဘာမှစိုးရိမ်စရာမရှိဘူးဟုပြောသည်။သို့သော် ကိုကို သတိကင်းကွာနေတာသည်ပင် သူ့အတွက်တော့ စိုးရိမ်ရဆုံးဖြစ်သည်။တစ်ညလုံး တစ်နေ့လုံး ကုတင်ဘေးတွင် အရိပ်တကြည့်ကြည့်ဖြင့် ထိုင်စောင့်နေခဲ့သည်မှာ စားဖို့သောက်ဖို့ပင် မေ့သည်အထိဖြစ်သည်။ဇေသူရပါ အဖော်လာနေပေး၍ ထိန်းသင့်တန်ထိန်းရသည် မဟုတ်လျှင် ကိုကို့ဘေးတွင် ညလုံးပေါက် ထိုင်ငိုချနေလောက်မည်။

လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်စွာ အိပ်စက်နေသော ကိုကို့ နှုတ်ခမ်းသားများသည်ဖြူဖျော့နေရာမှ သွေးရောင်အနည်းငယ်လွှမ်းလာသည်ကို သူဂရုတစိုက်ပင် သတိထားမိသည်။သူနာပြုပြောပုံအရ ဒီပုံအတိုင်းဆိုလျှင် မကြာခင် သတိရလာတော့မည်တဲ့....

"ဇွဲရောင်ထင်"

ဖြောင့်တန်းနေသော ကိုကို၏ နှာခေါင်းအား ဘေးတိုက်အနေအထားမှ ငေးကြည့်နေရင်း ခေါ်သံကြောင့် ရောင်ထင် ဆေးရုံခန်း၏ဆိုဖာတွင်ထိုင်နေသော ဆရာမင်းဟန်နှင့် ဇေသူရနားသို့ ထ,လာလိုက်သည်။

"ထိုင်ဦး"

ရောင်ထင် ဆိုဖာတစ်ခုံတွင် အသက်မပါစွာဝင်ထိုင်လိုက်ကာ အဖြူရောင်ကြွေပြားကြမ်းပြင်သို့ ခပ်တွေတွေငိုင်နေမိသည်။

"မင်း ဒီညတော့ ခဏပြန်လိုက်တာကောင်းမယ် အိပ်ရေးဝဝအိပ်ပြီး မနက်ကျမှပြန်လာခဲ့ ငါတို့စောင့်မယ်"

"ဟင့်အင်း ကျွန်တော်ရတယ်"

"မင်းရတာကဟုတ်တယ် ရိုးရာသတိရလာလို့ မင်းကလဲသွားရင်ဘယ်လိုလုပ်မလဲ ငါပြောတာနားထောင်စမ်းပါ"

"ကိုကိုနိုးလာရင်ရော"

"သူသတိရတာနဲ့ ငါမင်းကိုဖုန်းလှမ်းဆက်မယ် စိတ်မပူနဲ့ ပြန်လိုက်"

"ပြန်လိုက်ပါ ကိုဇွဲရာ ငါလည်းရှိတယ် မင်းသာအနားယူလိုက်"

ဇေသူရရော ဖျောင်းဖျလာသဖြင့် ရောင်ထင် ခေါင်းသာငြိမ့်ပြ၍ အိမ်ပြန်ရန်ပြင်လိုက်သည်။ကိုကို့ကို မထားခဲ့ချင်သော်လည်း သူ တစ်ရေးလောက်တော့ အပြည့်အဝအနားယူရမည်လေ။ဒါမှ ကိုကို့ကို ကာကွယ်စောင့်ရှောက်နိုင်မှာမလား

The Moonlit Trunk(လရောင်ပင်စည်)حيث تعيش القصص. اكتشف الآن