အခန်း ၈ ဇာတ်သိမ်းပိုင်း
"ကျွန်တော်ပဲ သူ့ကို ဆေးရုံပို့ပေးခဲ့တာ.. ကျွန်တော်ပဲ သူ့ကို ဂရုစိုက်ပေးခဲ့တာ.. ကားတိုက်မှုရဲ့ နောက်ဆက်တွဲကြောင့် သူအတိတ်မေ့သွားခဲ့တယ်လေ.. ဒါပေမဲ့ သူမမေ့ချင်တဲ့အရာတွေ ရှိနေပုံပဲ.. ညတိုင်း လူတစ်ယောက်ရဲ့ နာမည်ကို ညည်းတယ်.. တွေ့ချင်တယ်လို့ပြောတယ်.. ငါမှားခဲ့ပါတယ်လို့ပြောတယ်.. ဒါပေမဲ့လည်း မနက်ရောက်ရင် သူဘာတစ်ခုမှမမှတ်မိတော့ပြန်ဘူး.. သူ့ရောဂါကြောင့် သူ့ကို ကျွန်တော်ဘာမှမမေးခဲ့ဘူး..သူကိုယ်တိုင်လည်း သူ့အကြောင်းသူ မသိချင်ဘူးထင်ပါရဲ့.. ဒီလိုနဲ့ပဲ နေလာခဲ့ကြတာ.."
"သူ့စိတ်ထဲ မပြောချင်တဲ့အကြောင်းအရာတွေ မတွေးချင်တဲ့ အကြောင်းအရာတွေကို ပြောရမှာ ကြောက်နေပုံပဲ.. အခုတစ်နေ့လုံး ပြုံးရွှင်နေပေမဲ့ ညရောက်ရင် သူအပြုံးမရှိတော့ပြန်ဘူး.. ကျွန်တော် သူ့အနား အလိုက်အထိုက်နေပေးခဲ့လို့ အခုချိန်ထိ သူပြုံးရွှင်နိုင်တာ.. ဒီလောက်ဆို ကျွန်တော် ဘာပြောချင်လဲ ခင်ဗျား သဘောပေါက်လောက်မှာပါ... မာန်..."
တစ်ခြားတစ်ယောက်ဆီက ကြားလိုက်ရတဲ့ သူနာမည်...
"အံ့သြသွားလား.. ဘာမှအံ့သြစရာမရှိပါဘူး.. ရန်လေး ညတိုင်း တမ်းတမ်းတတခေါ်နေတဲ့ နာမည်က ခင်ဗျားနာမည်ပဲလေ.."
မာန် တွေဝေသွားခဲ့သည်..ငေးငိုင်သွားခဲ့သည်.. သူမှန်ထဲကို ထပ်ကြည့်လိုက်၏.. ပြုံးရွှင်နေတဲ့ မျက်၀န်းတွေက အပြစ်ကင်းစင်လွန်းလှသည်..။
"ခင်ဗျားတို့ ဘာတွေဖြစ်ခဲ့လဲ ကျွန်တော်မသိဘူး ဒါပေမဲ့ သူ့ကို ထပ်ပြီး ဒဏ်ရာတွေမပေးပါနဲ့တော့ မာန်.. သူ့မှာ ဒဏ်ရာတွေပြည့်နေပြီးသားပါ.. သူ့ဒဏ်ရာတွေကို သူ့ရဲ့ တစ်နေရာမှာ ဖုံးကွယ်ထားပြီး အခုလိုပဲ ပျော်ပျော်ရွှင်ရွှင်နေပါစေ..
ကျွန်တော်ဘာကိုဆိုလိုချင်လဲ ခင်ဗျား သဘောပေါက်မှာပါ.."
စကားပြောပြီးနောက် ထိုကောင်လေးက ပြုံးကာထလိုက်ရင်း..
"အထဲ၀င်ပြီး တစ်ခုခုသောက်ပါအုန်းလား..ကျွန်တော်တို့ဆိုင်က ကော်ဖီက ဒီမြို့မှာတော့ နာမည်ကြီးတယ်လေ.. ခင်ဗျားနေရာ ပြန်ရောက်ရင်လည်း ဒီနေရာလေး ညွှန်းပေးပါအုန်း.."