အချပ်ပို (၁)
မနက်ခင်း နေရောင်ခြည်တို့က နှစ်ယောက်အိပ် မွေ့ယာကြီးထက် ဖြာကျနေခဲ့ပြီး ထိုမွေ့ယာကြီးထက် လူနှစ်ယောက်သည် လောကကြီးအား မေ့လျော့ထားသလို အိပ်ပျော်နေခဲ့သည်..။
ထိုအိပ်ယာကြီးထက် ပထမဆုံး နိူးထခဲ့သူရဲ့ မျက်နှာသည် နေရောင်ခြည်လေးသဖွယ် တောက်ပပြီး မနက်ခင်း နေရောင်ခြည်နှင့် အပြိုင်ပင် ဖြစ်နေခဲ့သည်...။
ရန် မျက်လုံးအား အားတင်းဖွင့်လိုက်ရင်း ဘေးက နာရီအား ကြည့်လိုက်၏...။ အချိန်တို့က မနက်ခင်း ၆နာရီခွဲအား ညွှန်ပြနေသည်..။ ရန် ပြုံးလိုက်ရင်းဖြင့် သူ့ဘေးက လူအား ဘေးတစ်စောင်းလေးဖြင့် ကြည့်လိုက်သည်..။ လက်တို့က မေးလေးထောက်လျှက်..။
ရန်ရဲ့ဘ၀တွင် ဒီလိုမနက်ခင်းမျိုး ကြုံတွေ့ရမယ်လို့ မထင်ထားခဲ့ဖူးပေ..။ သူက သူ့ဘေးက လူကို အချိန်အကြာကြီး တစ်ဖက်သတ်ချစ်မြတ်နိုးခဲ့သည်..တစ်ဖက်သတ် ဂရုစိုက်ပေးခဲ့ရသည်..တစ်ဖက်သတ်ပြုစုပေးခဲ့ရသည်.. ယုတ်စ္စအဆုံး တစ်ဖက်သတ်ကွာရှင်းပေးခဲ့ရသည်..။ ဒီလူက သူ့ရဲ့ဘ၀တွင် ပထမဆုံးနှင့် နောက်ဆုံးချစ်ခဲ့ သူပင်..။
ရန် ပြုံးလိုက်ရင်း မာန်ရဲ့ မျက်နှာလေးနားတိုးသွားလိုက်၏.. သူ့ရဲ့လက်တို့က မာန့်ရဲ့ မျက်နှာပြင်နား ဟိုသည် ပွတ်သပ်နေခဲ့သည်..။ မာန်ရဲ့ မျက်နှာသည် အရင်တစ်ချိန်အတိုင်း ချောမောနေကာ တည်ကြည်နေဆဲပင်..တွန့်ချိုးနေတဲ့ မျက်ခုံးသားတို့က သူ့ရဲ့ လက်လေးတွေကို အာရုံခံနေမိတဲ့ပုံစံပင်..။ ရန့်ရဲ့လက်တို့က မျက်ခုံး မျက်တောင် မျက်၀န်း နှာတံပြီးတော့.. သူ့ရဲ့အကြည့်တို့က မာန့်ရဲ့နှုတ်ခမ်းလေးထက်..။
အရင်တစ်ချိန်က မာန်သည် သူ့အား မာန်မဲခဲ့သည်..။ သူ့အား ရန်လိုစကားပြောဆိုခဲ့သည်..သူ့အား ကြိမ်းမောင်းခဲ့သည်.. ဒါပေမဲ့ အခုအချိန်တွင် ထိုအကြောင်းအရာတို့က အမှတ်တရအဖြစ်သာ ကျန်ရစ်နေခဲ့ပြီ..။ အခု သူ့ရှေ့က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် မာန်သည် သူ့ကို အရေးပေး ဆက်ဆံပြီး သူ့အား မျက်စိအောက်က အပျောက်မခံသည့် သူ့ကို အရမ်းချစ်သည့် အချစ်ရူးလေး မာန် ဖြစ်နေခဲ့ပြီလေ..။
ရန်ပြုံးလိုက်ရင်း မေးလိုက်သည်။
"မာန် မထသေးဘူးလား.. အစည်းအဝေးရှိတယ်ဆို.."
သူ့စကားကို ကြားသည့် မာန်က မျက်လုံးလေးဖွင့်လာပြီး သူ့ကို ကြည့်လာခဲ့ပြီး ပြုံးလိုက်တာကြောင့် သူပါလိုက်ပြုံးလိုက်ပြီး..
"ဘာလို့ပြုံးတာလဲ..စောစောစီးစီး.."
"သဘောကျလို့"
"ဘာသဘောကျတာလဲ"
"ဒီအတိုင်း မင်းနဲ့ရှိနေရတာကို သဘောကျတာ"
"မင်းဘယ်အချိန်ကတည်းက နိုးနေတာလဲ"
"အင်းး.. မင်းလေးနာရီကြည့်လိုက်ကတည်းက ကိုယ်နိူးသွားတာ.."
မာန်ရဲ့စကားကြောင့် ရန် ရယ်လိုက်မိသည်..သူ့ကိုများ မင်းလေး တဲ့..အခုတစ်လော မာန်က စကားကို ရိုးရိုးတန်းတန်းမပြောဘဲ ပရော်ပရီပုံစံလေးတွေပြောဆိုလာတတ်သည်..ဥပမာ ခုနကလို "မင်းလေး"တို့.. သူ့ကိုသူ "ကိုယ်"တို့ တစ်ခါတစ်လေဆို သူ့ကို "အချစ်လေး"တို့တောင် ခေါ်တတ်တယ်..ဒါပေမဲ့ သူကတော့ "အချစ်လေး"ဆိုတဲ့ အခေါ်ကိုတော့ ငြင်းပယ်သည်.. ဒီလိုခေါ်တာမျိုးက သူ့အနေနဲ့အဆင်မပြေဘူးလေ..ဒါကိုသိတော့ မာန်က ပြောင်းခေါ်ပြန်၏။. "ကိုယ့်ရဲ့ရန်လေး"တဲ့.. ဒီလိုအခေါ်ကြားတော့ သူ့မှာ မနည်းပြောရပြန်သည်။ ဒီတိုင်းပဲ ရန် လို့သာခေါ်ပါလို့..
အရင်တစ်ချိန်က မာန်ရဲ့ပုံစံက တည်ကြည်ပြီး တစ်ခါတစ်လေကြောက်ဖို့ကောင်းပေမဲ့ သူတို့ပြန်အဆင်ပြေပြီးတဲ့နောက်ပိုင်း..မာန်က သူ့ကို သိသိသာသာကြီး ဂရုစိုက်ပေးလာခဲ့သည်.. သူဖြစ်ချင်တဲ့ ကိစ္စတွေကို လိုက်လုပ်ပေးတတ်ပြီး သူ့ရဲ့ ခံစားချက်အားလုံးကိုလည်း သိအောင်ကြိုးစားသည်။ အရင်တစ်ချိန်က သူ့အပေါ်မကောင်းခဲ့သမျှ အခုအခါ မာန်က တော်တော်ပြောင်းလဲပေးပြီး ချစ်ပေးလာသည်။ အရင်အကြောင်းတွေ စဥ်းစားမိတော့ ရန် ပြုံးလိုက်မိ၏။
"ကဲ ထတော့.."
"နမ်းအုန်း"
မျက်လုံးလေးမှိတ်ရင်း ပါးဖောင်းကာ သူ့အနမ်းကို စောင့်နေတဲ့ မာန့်ကို သူကြည့်လိုက်ရင်း ရယ်လိုက်တယ်..ပြီးမှ မာန့်ရဲ့ပါးထက်ကို ဆွဲညှစ်လိုက်သည်။
"ထတော့.. မာန် မင်းအစည်းဝေးရှိတယ်ဆို.."
"ဟူးး"
နောက်ဆုံးတော့လည်း မာန့်ခင်ဗျာ မလွန်နိုင်တော့ပဲ အိပ်ယာထက်မှ ထလိုက်ရလေတော့၏။
အရာရာဟာ ချစ်ရသူရဲ့ စကားအတိုင်းမြေဝယ်မကျ....