အပိုင်း (၁)

12.2K 258 4
                                    


"ကို. . . . . . မာမီက ယုတို့ ဘယ်တော့ လက်ထပ်မှာလဲလို့ မေးနေပြီ"


ယုက ကျွန်တော့်ကို မဝံ့မရဲ မျက်နှာဖြင့် တစ်ချက်ကြည့်ကာ သူမ၏ မျက်ဝန်းများကို အောက်ဘက်သို့ လွှဲလိုက်သည်။ 

မျှော်လင့်ချက် သိပ်မပါသော လေသံပျော့ပျော့ဖြင့် မေးလာသည့် သူမအပေါ် ကျွန်တော် စိတ်အနည်းငယ် တိုသွားမိသည်။ အတိအကျပြောရလျှင် စိတ်တိုတာနှင့်အတူ ရင်မဆိုင်ချင်သေးတာလည်း ရောပါနေသည်။

ကျွန်တော် စားလက်စဇွန်းနှင့်ခရင်းကို ပန်းကန်ထဲသို့ပြန်ချရင်း ကန်ရေပြင်ဆီကို မျက်နှာလွှဲလိုက်သည်။

 ယုက ကျွန်တော့်မျက်နှာထား ပြောင်းသွားသည်နှင့် စိတ်ကသိကအောက် ဖြစ်သွားမှန်း တန်းရိပ်မိသည်။

(ဟုတ်တယ်. .တကယ်တမ်းပြောရရင် အဲ့ဒီ့လက်ထပ်တယ်ဆိုတဲ့ ကိစ္စတွေအတွက် ကျွန်တော် အဆင်သင့် မဖြစ်သေးဘူး။)ကျွန်တော်သက်ပြင်းတစ်ချက် မြန်မြန်ချလိုက်ပြီး. .


'ယုကလည်းကွာ. . .ယုသိတဲ့အတိုင်းပဲ၊ ကို့မှာ အဆင်သင့်ဖြစ်တဲ့ တစ်နေ့ကျရင် ယုကို လက်ထပ်မှာပေါ့။ ကိုက ယုကို တင့်တောင်းတင့်တယ် ဖြစ်တဲ့အချိန်ကျမှ လက်ထပ်ချင်တာ၊ အခုလို ဘာမှ မရှိသေးတဲ့ အခြေအနေနဲ့ လက်ထပ်လိုက်ရင် အသိုင်းအဝိုင်းကြားမှာလည်း မျက်နှာငယ်ရမယ်လေ။


 ပြီးတော့ ကိုကြိုးစားနေတာလည်း ယုအမြင်ပဲဟာ။ ဘာဖြစ်လို့ လက်ထပ်ဖို့အကြောင်း ခဏခဏ လာလာမေးနေတာလဲ'

စိတ်မရှည်သော လေသံဖြင့် သူမကို ပြောမိ၏။ "ယုတို့ တွဲနေကြတာ ၇နှစ်ကျော်ပြီလေ ကိုရယ်၊ မာမီက မေးပြီပေါ့။"


ယုက အဲလိုချက်ချင်းနူတ်ပြန်လှန်ထိုးတော့ ကျွန်တော်က အပြစ်ရှိသလိုလို ခံစားရပြန်သည်။ သို့သော် ကျွန်တော့်ခေါင်းပေါ် အပြစ်ပုံချလို့မဖြစ်၊ ကျွန်တော့်အပြစ်ချည်းပဲလည်း မဟုတ်ပေ။


'ကို မကြိုးစားလို့လား. . .ကို ယုကို မယူဘူး ပြောနေလို့လား'

စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)Donde viven las historias. Descúbrelo ahora