<<Part-1>>
U N I C O D E 🌼
"ကိုကို ရွှံ့တုံးကဒီလောက်ဆိုရပြီလား"
မီးပုံးလုပ်ရန် ရွှံ့များကိုတရွင်းနှင့်တူးနေရင်း ညီညီ့ဆီမှစကားသံကြောင့် လုပ်လက်စကိုရပ်ရင်း ညီညီ့ကိုကြည့်လိုက်သည်။
လောက်စလုံးအရွယ်လောက်ရွံ့တုံးလေးကိုလက်ပေါ်တင်ပြရင်း သူ့ဆီကအဖြေကိုစောင့်နေသည့်ညီညီ့ကိုကြည့်ရင်း သာထက်သျှားရယ်လိုက်မိသည်။ညီညီလုပ်တာမှား၍
လှောင်ရယ်ခြင်းမဟုတ်။မျက်နှာမှာ ဖေဖေလိမ်းပေးထားတဲ့သနပ်ခါးထက် ရွှံ့တွေကပိုများနေကာ တစ်ကိုယ်လုံးမှာပါ ရွှံ့တွေကပိုပေဒီပေနှင့်။ပါးနှစ်ဖက်တွင်ဝလုံးဝိုင်းလေးတစ်ခုစီနှင့်ထိပ်တွင်ကြက်တောင်စီးပါစီးထားသောကြောင့်ဖိုးဝရုပ်လေးလိုဖြစ်နေသည့်ညီညီက သာထက်သျှားမျက်စိထဲတွင်ချစ်ဖို့ကောင်းနေလေသည်။
ညီညီ့ကိုသာပြောနေတာ သူလည်းပဲညီညီ့လို ပါးကွက်နှစ်ဖက်နဲ့ ကြက်တောင်စီးနဲ့။ရှေ့ဆံပင်တွေရှည်နေလို့ဆိုပြီးဖေဖေကစီးပေးထားတာ။
ဒီနေ့တော့ ဆံပင်ညှပ်ရမယ်ထင်တယ်။ဆံပင်ညှပ်ရင်ကမ္ဘာပျက်သလိုဖြစ်တတ်တဲ့ညီညီ့ကြောင့် ဖေဖေကသူကိုယ်တိုင်ပဲ သာထက်သျှားတို့ညီအစ်ကိုနှစ်ယောက်ကိုဆံပင်ညှပ်ပေးသည်။ဒါတောင် ညီညီ့ကို ဒယ်ဒီကသေချာချီပေးထားမှညှပ်လို့ရတာဖြစ်သည်။နို့မို့ဆို ပတ်ပြေးနေတာနဲ့ ဖေဖေ့မှာညီညီ့ကိုလိုက်ဖမ်းရတာအမောဆို့တော့မည်။
အသက်ဖြင့်ဆယ်နှစ်ပြည့်နေပြီ..အခုထိ
ဆံပင်ညှပ်ရင်ထွက်ပြေးတုန်း။"ကိုကို...ရယ်ပဲရယ်မနေနဲ့လေ ရွှံတုံးကဒီအနေဆိုရပြီလားလို့"
"နည်းနည်းသေးသေးတယ် ညီညီရဲ့ ပြီးတော့ရွှံ့တုံးကိုဝိုင်းဝိုင်းလေးထက်လေးထောင့်မကျတကျပုံလေးလုပ် အဲ့တာမှမြေကြီးမှငြိမ်အောင်ထားလို့ရမှာ"
"သြော် ဟုတ် ကိုကို"
ညီညီကသူ့ကိုပြောပြီးတာနဲ့ ရွှံတုံးတွေကိုစိတ်ဝင်တစားပြန်လုပ်နေလေသည်။ပြီးခဲ့တဲ့နှစ်တွေကသီတင်းကျွတ်ဆိုရင်စျေးထဲမှာရောင်းတဲ့မီးပုံးတွေသာဝယ်ချိတ်ခဲ့ပြီး
တစ်အိမ်လုံးကိုဖယောင်းတိုင်လိုက်ထွန်း၊ခြံထဲမှာဒယ်ဒီဝယ်ပေးတဲ့မီးရှူးမီးပန်းတွေဖောက်ကြတာဖြစ်သည်။