ရှောင်းကျန့်လက်ထဲမှာသစ်သားငါးဆင့်
ချိုင့်လေးရှိနေပါတယ် ။ သိပ်ပျော်နေတယ်ဆိုတာလည်းသိသိသာသာပါပဲ ။ အိမ်ရှေ့ရောက်တာနဲ့ အဝတ်ကိုထပ်ပြုပြင်လိုက်ပြီးမှ အသင့်စောင့်နေတဲ့ မုချန်းယွီရဲ့စက်ဘီးနောက်ခုံပေါ်ခုန်တက်လိုက်တယ် ။"ကေထိုးထားတာလား ဆရာဆူဦးမယ် "
"မိုက်တယ်မလား "
ဆံပင်ဘေးတစ်ခြမ်းကိုခပ်ပါးပါးထိုးရိတ်ပြီး ထိုအပေါ်စတိုင်ကျတဲ့ ပုံစံထိုးတာမို့ ယောကျာ်းလေးတွေအတွက်တော့ပဲထုတ်ကောင်းတဲ့အတွေ့အကြုံပေါ့ ။ လမ်းထဲကအစ်ကိုကြီးတွေကြားခေတ်စားနေလို့သူလည်းလုပ်ချလာတာ ။
"စျေးနားကအိမ်နော် "
"အေး ၊ ဆေးဆိုးတဲ့အိမ်ဘေးက"
"သူတို့ကသမားတော်ကြီးရဲ့ မျိုးဆက်တွေလား"
"မသိဘူးလေ ညကျမှအဖွားကိုမေးမလို့ "
ဟုတ်ပါတယ် ။ သူအခုရိပေါ်တို့အိမ်ကိုမုန့်သွားပို့ရမှာ ။ ရှောင်းကျန့်ဖြင့်အဖွားကို ရိပေါ်အကြောင်းမေးချင်လိုက်တာများ လွန်ရော ။ ဒါပေမဲ့အဖွားက အမျိုးထဲတစ်ယောက်ဆေးရုံတင်ရလို့ လူနာသွားကြည့်မယ်ဆိုပြီး ထိုညပြီးနောက်တစ်ရက်မှာပဲခရီးထွက်သွားတယ်လေ ။ တစ်ပတ်လုံး
ရှောင်းကျန့်သည်းခံနေခဲ့ရတာပေါ့ ။ အခုအိမ်ပြန်လက်ဆောင်မုန့်တွေပါလာတော့ရိပေါ်တို့အိမ်အတွက်သပ်သပ်ဖယ်ကာ လက်ဆောင်ပို့ပေးခိုင်းလိုက်တယ် ။ သူငယ်ချင်းတွေနဲ့ငါးသွားမျှားဖို့ခြံထဲတီကောင်တူးနေရာကနေ အမြန်ရေမိုးချိုးပြီးရှိုးထုတ်လာရတာပေါ့ ။ ပုံမှန်ဆို တစ်ခုခုခိုင်းရင် အပြဲအစုတ်နဲ့လည်းထွက်နေကျလူမို့ အဖွားကတောင်အံသြနေခဲ့သေးတယ် ။ ရိပေါ်တို့အိမ်ရောက်တော့ ရိုးရာတံခါးကြီးကိုဘယ်ကနေခေါက်ရမယ်မသိ ။ ရှောင်းကျန့်တို့အိမ်က သဘာဝဘေးကြောင့်ပြိုဖူးတာမို့ အသစ်ပြန်လည်ဆောက်လုပ်ထားရတာ ။ အဲ့ဒါကြောင့် ရှေးခေတ်လက်ရာ ရိုးရာတံခါးစစ်စစ်ကြီးမဟုတ်ဘူး ။ ဒီအိမ်ကြီးကတော့ ရိုးရာအတိုင်းတသွေမသိမ်းထိန်းသိမ်းထားတယ် ။ အိမ်တော်နံမည်ကိုစတင်ထူထောင်ခဲ့တဲ့ အိမ်ကြီးရှင်က မြို့တော်ဟောင်းရဲ့နန်းတော်မှအထူးသမားတော်တစ်ပါးဖြစ်ခဲ့တယ် ။ လက်ရှိမှာတော့ထိုသမားတော်ကြီးရဲ့မြေးမြစ်တွေဆက်လက်နေထိုင်ကြပေမဲ့ သမားတော်ကြီးအိမ်လို့ နံမည်ရှင်သန်နေဆဲပဲ ။