ကောင်းကင်ကပြာစင်နေပြီး ထူထပ်တဲ့တိမ်လုံးဖြူဖြူလေးတွေက နေရောင်ဟပ်တာကြောင့်တောက်ပနေတယ် ။ ရှောင်းကျန့်က ရိပေါ်ကို Sunshine လို့ခေါ်တယ်ဆိုလား... အတန်းထဲကတီးတိုးစကားပြောတတ်တဲ့အဖွဲ့ဆီက ကြားခဲ့တာပါပဲ ။ ရိပေါ် နားကျပ်တပ်ထားတာနဲ့သူတို့ပြောသမျှမကြားနိုင်ဘူးမှတ်ပြီး ရိပေါ်ရဲ့ အရှေ့
တည့်တည့်ကခုံမှာရိပေါ်အကြောင်းနေ့စဉ်သတင်းလာတင်ဆက်တဲ့ တီးတိုးအဖွဲ့ပေါ့ ။သေခဲဦးမည့်ကောင်လေးတစ်ယောက်ကတော့ ရိပေါ်လာနေတာကိုမမြင်ဘဲ တက်မနင်းဖို့တားမြစ်ထားတဲ့ ကျောင်းမြက်ခင်းပေါ်တက်ပြီး ရှဥ့်လိုက်ဖမ်းနေတယ် ။ ရှဥ့်လိုမြန်တဲ့အကောင်ကိုတောင်ရအောင်ဖမ်းလာနိုင်မှတော့ ဘယ်လောက်အဆော့သန်သလဲဆိုတာသံသယဝင်စရာမလိုဘူး ။ အဆော့သန်လေး မိမိဘက်ကိုအကြည့်ရောက်လာတာနဲ့ ရိပေါ်မျက်လွှာချလိုက်ပြီး
အတန်းရဲ့ဆန့်ကျင်ဘက်လမ်းကိုဖြတ်လျှောက်ခဲ့တယ် ။ မျှော်လင့်ထားတဲ့ အနောက်က
ခြေသံလေးလည်းကပ်ပါလာတယ် ။ဒီကောင်လေး... ဖုန်းကင်မရာကိုအသံမပိတ်ထားတတ်ဘူးလား ? ။ မသိချင်ယောင်ဆောင်ပေးရတဲ့သူတောင်ကြားထဲကမျက်နှာပူနေပြီ ။
နေ့လည်ခင်းမှာ အတန်းထဲခေါင်းလေးတစ်လုံးပြူလာတယ် ။ ရိပေါ်ခေါင်းမထောင်ဘဲ ဆက်အိပ်နေလိုက်တယ် ။ ခေါင်းထောင်မကြည့်ဘဲ ရှောင်းကျန့်လာတိုင်းသိနေရတဲ့အကြောင်းကတော့ သိပ်မဆန်းပါဘူး ။ တစ်ယောက်က
တစ်ယောက်ကိုလိုက်ရင် တစ်ကျောင်းလုံးက မြှောက်ထိုးပင့်ကော်လုပ်တတ်တာ ဆယ်ကျော်သက်တွေတက်တဲ့ကျောင်းတိုင်းမှာရှိတတ်တဲ့ ရိုးရာပဲလေ ။ရှောင်းကျန့်လာပြီဆိုရင် ရိပေါ်ရှိရာဘက်အားလုံးခေါင်းစောင်းလာပြီး ချောင်းဟန့်သံ ၊ ခပ်တိုးတိုးရယ်သံတွေကြားရမယ် ။ သူရှောင်းကျန့်နံမည်
စသိတာလည်း ဘေးကလူအုပ်ကြောင့်ပဲ ။ ပထမဆုံးစတွေ့တုန်းက လူကိုပဲမှတ်မိခဲ့ရာကနေ နောက်ပိုင်းသူတို့အဖွဲ့ရှေ့ ၊ အတန်းရှေ့
ကရိပေါ်ဖြတ်လျှောက်တိုင်း ထိုကျောင်းသားတွေက ရယ်သံနဲ့ရှောင်းကျန့်ဟုအကျယ်ကြီးထအော်တတ်ကြတယ် ။ ရိပေါ်ဖြတ်သွားတိုင်းပဲ ။
အစပိုင်းတုန်းကတော့ လမ်းဖြတ်လျှောက်ရတောင်တော်တော်လေးခက်ခဲခဲ့တာ ။ အခုတော့လည်းရိုးအီနေပါပြီ ။