Chapter [ 1 ]

43.4K 1.3K 33
                                    

[Unicode]

"ဟန်ရှင်းတို့ အဆင်သင့်ပြင်ထားတော့နော်။ ခနနေရင် ကားလာခေါ်တော့မှာ"

"ဟုတ်ကဲ့ဗျ"

အဆောင်မှူးက ဟန်ရှင်းတို့ အခန်းတံခါးကို အသာခေါက်ပြီး အဆင်သင့်ပြင်ထားဖို့ ပြောပေမယ့် ဟန်ရှင်းကတော့ လက်ထဲမှာကိုင်ထားသည့် ရှမ်းဘောင်းဘီကို ပုံစံတကျဖြစ်အောင် မည်သို့၀တ်ဆင်ရမည်မှန်း မသိသေးပေ။ သို့ပေမယ့် ကိုယ့်မွေးရပ်ဇာတိဖြစ်သော တောင်ကြီးမြို့၏ အထင်ကရ တန်ဆောင်တိုင် မီးပဒေသာလှည့်လည် ပူဇော်ပွဲအတွက် တစ်ထောင့်တစ်နေရာမှ အားဖြည့်ရခြင်းကိုတော့ ဟန်ရှင်း အလွန်အမင်း ကျေနပ်နေမိသည်။

"စိုင်းခေး ငါ့ဘောင်းဘီက ပုံစံမကျလို့ တစ်ချက်ပြင်ပေးပါဦး"

စိုင်းခေးထံမှ ငှားဝတ်ထားသည့် ပင်နီရောင်ရှမ်းဘောင်းဘီက လူကောင်သေးညှပ်သည့် သူခန္ဓာကိုယ်ပေါ်ရောက်သွားသည့်အခါ အတန်ငယ်ကြီးနေသောကြောင့် ဘောင်းဘီအောက်အနားစက ကြမ်းပြင်ပေါ်ထိ ပုံကျနေလေသည်။

"ခါးကြိုးချည်ပြီးရင် ဒီလိုပြန်ခေါက်လိုက်"

ဟန်ရှင်းကဲ့သို့ ရှပ်အဖြူနှင့် ရှမ်းဘောင်းဘီ၀တ်ဆင်ထားသည့် စိုင်းခေးက ဟန်ရှင်း၏ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်ကာ အဆောင်၏ နှစ်ထပ်ကုတင်တွင် အပေါ်အောက် အိပ်ကြသည်အထိ သွေးချင်းနီးသည်။ ယခုလည်း စိုင်းခေးက ဟန်ရှင်း၏ ဘောင်းဘီကိုမြင်တော့ ဟက်ခနဲ တစ်ချက်ရယ်ကာ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်၀တ်ပေးလာသည်။

"ကျေးဇူးပဲ စိုင်းခေး။ အခုမှပဲ အဆင်ပြေသွားတော့တယ်"

"အဆင်ပြေပြီဆိုရင် သွားရအောင်။ အဆောင်မှူးစောင့်နေပြီထင်တယ်"

ခြံ၀န်းထဲကိုထွက်ခဲ့တော့ အဆောင်ရှိ ဆယ်တန်းကျောင်းသူ ကောင်မလေးတွေကလည်း ရိုးရာ၀တ်စုံအသီးသီး ၀တ်ဆင်ထားကာ ခြံထဲ၌စုဝေးနေကြသည်။ ဟန်ရှင်းတို့ကို လာကြိုမည့်ကားက ယခုအချိန်ထိ မလာသေးသောကြောင့် ဟန်ရှင်း အဆောင်မှူးကို ခွင့်တောင်းက အဆောင်၏ ပင်မအိမ်အပေါ်ထပ်သို့ တက်ခဲ့လိုက်သည်။ ကော်ဘူးထဲ အကြွေ ၂၀၀ ထည့်လိုက်ပြီး ကြိုးဖုန်းဖြင့် မာမားကို လှမ်းဆက်သွယ်လိုက်သော်ငြား မာမားက သူ့‌ဖုန်းကို ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။ မာမားနှင့်ဟန်ရှင်းကြားရှိ ဆက်သွယ်မှုက အကြောင်းတစ်စုံတစ်ရာရှိသည့်တိုင် ဆက်သွယ်ရခက်ခဲနေဆဲပင်။ ဟန်ရှင်း စိတ်ရှည်ရှည်ဖြင့် သုံးခေါက်မြောက်အထိ ခေါ်ဆိုပြီးမှသာ မာမားရဲ့အသံက လေလှိုင်းထဲသို့ ရောက်လာသည်။

The Lantern In My SkyWhere stories live. Discover now