Chapter [ 29 ]

7.4K 573 17
                                    

[Unicode]

"ကေကေး! စိတ်အေးအေးထား။ ငါ Page ကို Hack ပြီး အကုန်လုံးကိုဖျက်ချလိုက်ပြီ"

"..."

"ကေကေး! ပြန်ဖြေဦး။ ငါပြောတာကြားရလား"

ဖုန်းထဲမှစိုင်းခေးရဲ့ အသံခပ်ဩဩက ဟန်ရှင်း အကြားအာရုံထဲသို့ တိုးမပေါက်ပေ။ လူတွေအများကြီးက ဝင်္ကပါထဲ၌ ဝဲဝဲလည် လမ်းပျောက်နေသည့် သူ့နံဘေးမှာဝိုင်းအုံလာကာ ‌ဆဲရေးတိုင်းထွာနေသလို ခံစားရပြီး ခေါင်းတွေပူထူလာသည်။ ထိုစကားတွေက နားဖြင့်သီသီလေး ကြားခဲ့ရုံမျှဖြင့် ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းအစများအဖြစ် တစစီကွဲထွက်သွားသကဲ့သို့ ပန်းဟိုက်ကာ နာလန်မထူနိုင်တော့ပေ။

နှာနုရိုးတစ်လျှောက် စူးခါးသွားပြီး မျက်ရည်တွေကျလာတော့ အိပ်ရာပေါ် အရုပ်ကြိုးပြတ် လှဲချလိုက်မိသည်။ ‌ဟန်ရှင်း ကိုယ့်အတွင်းရေးတွေ ဖွင့်ဟခံရခြင်းအတွက် ဘယ်သူ့ကို တိုင်တောရမယ်မှန်းမသိ ၊ ဘာဆက်လုပ်လို့ လုပ်ရမယ်မှန်းလည်းမသိပါဘဲ အံကြိတ်ပြီးသာ ရှိုက်ငိုနေရသည်။ ပြန်လည်ဆည်ယူစရာ ဘာမှမကျန်တော့လောက်အောင် လူတွေရဲ့ တံတွေးခွက်ထဲမှာ ရှုံးနိမ့်ခဲ့ရတာပင်။ လူတစ်ယောက်လုံးရှေ့မှာတောင် ဟန်ရှင်းကို သေးငယ်သိမ်နုပ်သွားသည့် အနေအထားရောက်သည်အထိ ပြောဆိုနေကြတာ ကွယ်ရာမှာဆိုလျှင်ဖြင့် ထိုထက်တောင် ပိုဆိုးနေရော့မည်။

ယောင်္ကျားလေးတစ်ယောက်နှင့် အတူနေတာ အပြစ်ရှိတယ်လို့တော့ သူမထင်ပါ။ ထို‌အမျိုးသားက မှောင်မိုက်နေသည့် ဟန်ရှင်းဘဝကို အလင်းပေးခဲ့သူသာဖြစ်၏။ ပါပါးဆီမှရဖူးခဲ့သော မေတ္တာမျိုး‌ဖြင့် အလားတူ ဟန်ရှင်းကို မြတ်နိုးတန်ဖိုးထားပေးသည်။ ချစ်ခင်ကြင်နာပေးသည်။ စိုင်းနွမ်းလက်ကိုတွဲခဲ့မိခြင်းအတွက်လည်း ဟန်ရှင်းဘယ်တော့မှ နောင်တရမှာမဟုတ်ပေ။

"ကေကေး!"

စိုင်းနွမ်း အိပ်ခန်းထဲပြေးဝင်လိုက်တော့ ကုတင်ပေါ်မှာ ကွေးကွေးလေးရှိနေသည့် ဟန်ရှင်းက ကျောင်းအဝတ်အစားပင် မလဲရသေးပေ။ လှမ်းမြင်နေရသည့် ကျောပြင်လေးက တုန်ယင်နေပြီး ဟင့်ခနဲကြားရသည့် ရှိုက်သံတွေက စိုင်းနွမ်းအသည်းကို ဓားဖြင့်ခွဲနေသလိုပင်။ စိုင်းခေးဖုန်းဆက်လာကတည်းက အိမ်ကိုအမြန်ပြန်လာခဲ့လိုက်တာ မှန်သွားသည်။ ဒီလိုအခြေအနေမျိုးမှာ ဟန်ရှင်းကိုတစ်ယောက်တည်း မထားထားရက်ပါ။

The Lantern In My SkyWhere stories live. Discover now