Chapter [ 7 ]

9.4K 746 15
                                    

[Unicode]

‌တစ်ညလုံး တစ်ဖက်တည်း စောင်းအိပ်မိသောကြောင့် ဟန်ရှင်းခန္ဓာကိုယ်က အနည်းငယ်တောင့်တင်းကာ မသက်မသာဖြစ်နေသည်။ တစ်၀က်သာလှစ်ဟထား‌သော လိုက်ကာအဖြူကို ထိုးဖောက်လာသည့်နေရောင်က အခန်းတွင်းကို နွေးထွေးသွားစေ၏။ တစ်ဖက်ကိုပက်လက်လှဲချပြီး ကုတင်ထက် လူးလှိမ့်လိုက်တော့ ကုတင်တစ်ဖက်ခြမ်းက အေးစက်နေကာ တစ်ညလုံး ဟန်ရှင်းနှင့် နှစ်ပေအကွာမှာအိပ်ခဲ့သည့် စိုင်းနွမ်းက အိပ်ရာထသွားနှင့်ပြီထင်သည်။

အိပ်ချင်စိတ်မပြေသေးသော်ငြား မျက်မှောင်ကို ခပ်တင်းတင်းစုကြုံ့ရင်း အခန်းပြင်သို့ ထွက်ခဲ့လိုက်သည်။ ဘန်ဂလိုအခန်းငယ်လေးတွေကို သွယ်ဆက်ထားပေးသည့် သစ်သားတံတားငယ်လေး အကျော် ရေပြင်ထဲမှာတော့ အင်းသူအင်းသားတွေက နေ့တစ်နေ့ကို အစပြုနေကြပြီဖြစ်သည်။

အခန်းအပြင်ကို ရောက်သောအခါ ဟန်ရှင််းရဲ့ မြင်လွှာထဲသို့ အစ်ကိုက ဦးစွာ၀င်ရောက်လာတော့ နှလုံးသားသည် နိုးနိုးကြားကြားဖြစ်သွားလေသည်။ ရှပ်အင်္ကျီအဖြူနှင့် ဂျင်းဘောင်းဘီကို ခါးပတ်ဖြင့်တွဲ၀တ်ထားပြီး အပေါ်မှ Long Coat အနက်ရောင်ဖြင့် ရှင်းသန့်နေသူကို ဟန်ရှင်းအကြည့်မလွှဲမိပေ။ ဒီဇင်ဘာလအစ၏ လေအေးတွေက ရေပြင်ကိုဖြတ်ကာ အစ်ကို့ဆံပင်တိုတိုတွေထဲ တိုးဝှေ့သွားပုံက ညင်ညင်သာသာ။

အစ်ကိုက သစ်သားလက်ရန်းပေါ်ကို လက်နှစ်ဖက်ထောက်မှီထားပြီး ရိုးရာကနူးလှေပေါ်၌ ခြေတစ်ဖက်တည်းဖြင့် လှေလှော်နေသည့် အင်းသားတွေကို ငေးကြည့်နေသည်။ အင်းသားတို့သည် ငါးဖမ်းသည့်အခါ ခြေထောက်တစ်ဖက်ကို လှော်ခတ်ရာတွင်သုံးပြီး ပိုက်ကွန်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ငါးဖမ်းလေ့ရှိပါသည်။ အင်းသားများ၌ ငယ်စဉ်ကတည်းက ထူးခြားသော ငါးဖမ်းစွမ်းရည်ရှိကြပြီး ငါးဖမ်း၍လည်း အသက်မွေးဝမ်းကြောင်း ပြုကြသည်။ တိိုးတက်လာ‌သောခေတ်နှင့်အညီ စက်လှေတွေရှိပေမယ့် ရိုးရာဓလေ့ လှေလှော်နည်းကလည်း မတိမ်ကောသေးချေ။

ပတ်၀န်းကျင်အပေါ် အပြည့်အ၀ အာရုံရောက်နေသည့် အစ်ကို့ကို တစ်ဖက်အခန်းမှ အုပ်စုလိုက် အပန်းဖြေခရီးထွက်လာပုံရသည့် ကောင်မလေးတွေက ငေးကြည့်နေပြပြီး အစ်ကို့ရဲ့ ဘယ်ဖက်လက်သူကြွယ်က လက်စွပ်ကြောင့်သာ လာမိတ်မဆက်ဝံ့ခြင်း ဖြစ်လိမ့်မည်။ သို့ပေမယ့် အခန်းထဲမှထွက်လာသည့် ဟန်ရှင်းကိုမြင်တော့ အချင်းချင်းလက်တို့ကာ ထိုကောင်မလေးတွေကြားထဲ၌ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။ အစ်ကိုကလည်း ဟန်ရှင်းရှိရာကို တစ်ချက်လှည့်ကြည့်လာ၏။

The Lantern In My SkyWhere stories live. Discover now