Final Chapter

13.4K 638 35
                                    

[Unicode]

စိုင်းနွမ်း ဆိိုင်ကယ်မှောက်သည့်အချိန်တုန်းက ဟန်ရှင်းထင်ထားတာထက်ကို မိုးကသည်းထန်စွာ ရွာသွန်းနေခဲ့သည်။ တောင်ပေါ်မှ တဝေါဝေါနှင့် စီးဆင်းလာသော မိုး‌ရေတွေက သူ့ကိုပင် ဝါးမြိုသွားတော့ မတတ် အရှိန်အဟုန်ဖြင့် တောတောင်တွေကို ဖြတ်သန်းသွား၏။ သူဂရုတစိုက်ဖြင့် ဆိုင်ကယ်ကို ထိန်းမောင်းနေရသော်ငြား ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းရဲ့တုန်ခါမှုဟာ သူ့အသားတွေကိုပင် တဆတ်ဆတ် တုန်လှုပ်သွားစေသည်။

AirPods နှင့်ဖုန်းကို ချိတ်ဆက်လိုက်သည့် အချိန်ခဏလေးအတွင်းမှာ တောင်အဆင်းလမ်းစစချင်း ပစောက်ကွေ့မှာကတည်းက သူ့အနောက်ကနေ မှိန်းလိုက်နေသည့် ကားတစ်စီးသည် သူ့ကိုကျော်တက်ချင်နေတာကို သတိထားမိသွားသည်။ ဒါပေမယ့် ဟန်ရှင်း စိတ်ပူနေမှာ စိုးသည့်အတွက် ထိုကားကိုပင် ဂရုမထားတော့ဘဲ အိမ်မှာပူပန်ခြင်းများစွာဖြင့် ကျန်နေခဲ့သည့် အမျိုးသားက သူ့အတွက် ပထမဦးစားပေးဖြစ်သွားသည်။

လမ်းက အကွေ့အကောက်ကြီးသည့် အခါမျိုးမှာဆိုလျှင် အနောက်မှ ကားသို့မဟုတ် ဆိုင်ကယ်သည် ရှေ့ကယာဥ်ကို ကျော်တက်ခြင်းမပြုကြဘဲ အကွေ့အနည်းငယ် ပြေသွားကာမှသာ တစ်စီးနှင့်တစ်စီး ကျော်တက်သွားကြတာပင်။ သို့ပေမယ့် ထိုအိမ်စီးကားကတော့ မိုးတွေသည်းထန်နေသည့် ကြားမှာတင် စိုင်းနွမ်းရဲ့ဆိုင်ကယ်ကို အတင်းကာရော ကျော်ဖို့ပြင်နေ၏။ စိုင်းနွမ်းလည်း ထိုကား စိတ်ချလက်စ ကျော်တက်နိုင်စေရန်အတွက် ဆိုင်ကယ်အား အနည်းငယ် တစ်ဖက်သို့ကပ်ပေးလိုက်ရာ ‌မထင်မှတ်ဘဲ ရုတ်တရက် ဆိုင်ကယ်ဘီးချော်သွားခဲ့တာပင်။ စိုင်းနွမ်း ဆိုင်ကယ်လဲသွားတာကို မြင်သည့်တိုင် ထိုကားက ဟွန်းကိုသာ ညံနေအောင်တီးလျက် အရှေ့ကိုဆက်သွားခဲ့သည်။

ဖုန်းထဲမှ ဟန်ရှင်းရဲ့ စိုးရိမ်တကြီးအော်သံက သူ့ထံသို့တိုးမပေါက်တော့။ ဆိုင်ကယ်နှင့်လူက တစ်နေရာစီဖြစ်သွားပြီး ပဲ့ကျနေသော အုတ်အကာအရံအကျိုးအပဲ့က စိုင်းနွမ်းအား တောင်အောက် ချောက်နက်ထဲသို့ မပြုတ်ကျစေရန် တားဆီးနိုင်စွမ်းမရှိပေ။ ဆိုင်ကယ်ဦးထုပ်ကြောင့် ဦးခေါင်းကသိပ်ပြီး ထိခိုက်မှုမရှိသော်ငြား အုတ်ကျိုးဖြင့်ဆောင့်မိသည့် နံရိုးစောင်းမှ ပြင်းထန်လာသော နာကျင်မှုက သူ့တစ်ကိုယ်လုံးကို ဝါးမြိုသွားခဲ့သည်။ ရရာသစ်ကိုင်းကိုလှမ်းဆွဲပြီး ဟိုးအောက်အထိမကျသွားစေရန် အားတင်းထားပေမယ့် သိစိတ်အာရုံတစ်ခုလုံး မူးဝေလာသည့်အခါ သူ့သိစိတ်နှင့် ခန္ဓာက တခြားဆီဖြစ်သွားလေသည်။

The Lantern In My SkyWhere stories live. Discover now