Chapter [ 9 ]

8.4K 745 16
                                    

[Unicode]

စိုင်းနွမ်း မျက်နှာသစ်ပြီးနောက် အခန်းထဲသို့၀င်သွားတော့ ဟန်ရှင်းက ကုတင်ပေါ်မှာ တင်ပလွှဲထိုင်နေပြီး အတွေးများနေဟန်တူသည်။ မျက်မှန်ချွတ်ထား၍ နဖူးပေါ်ရှိ ဆံပင်ပျော့ပျော့လေးတွေက မျက်လုံးတစ်ဝိုက်ကို ဖုံးအုပ်သွားနေ၏။ မေးရိုးကိုတင်းလျက် နှုတ်ခမ်းအားတင်းတင်းစေ့ပိတ်ထားသည့် အမူအရာက စိတ်ခံစားချက်ကို ထိန်းချုပ်နေပုံရသည်။ အခန်းထဲ၌ထွန်းထားသည့် ဝါကျင်ကျင်မီးရောင်က ဟန်ရှင်းမျက်နှာပေါ်သို့ သက်ဆင်းကာ သူ့အားပိုမိုလှပသွားအောင် ဆင်ယင်ကြသည်။

"ကေကေး"

"ဟုတ်"

ဟန်ရှင်းက အသံတိုးဖျော့ဖျော့လေးဖြင့် ထူးလာသည်။ စိုင်းနွမ်းထင်တာမမှားပေ။ ဤသို့မှိုင်တွေနေတာက ဘယ်လောက်စိတ်ညစ်စရာရှိရှိ ပျော်အောင်နေတတ်သည့် ကောင်လေး၏ ပုံစံမဟုတ်ပေ။

"ကျောင်းမတက်ချင်လို့လား"

စိုင်းနွမ်း ‌ဟန်ရှင်းနှင့်မျက်နှာချင်းဆိုင်မှာထိုင်ရင်း ပျော့ပျောင်းသည့် လေ‌ပြေလေအေးအသံဖြင့် မေးမိတော့ ခေါင်းလေးအနည်းငယ်မော့လာသည်။ ပယင်းရောင်မျက်၀န်းလေးတွေက မျက်ရည်ဥတွေဖြင့် ပြည့်နှက်သွားပြီး ပါးပြင်ပေါ်သို့ လျှံကျလုနီးနီးပင်။

"ကျွန်တော့်အပေါ် အဲ့လောက်ထိ ကောင်းပေးစရာမလိုပါဘူး။ အစ်ကိုပေးသမျှကိုလက်ခံရတာ ၀န်လေးနေသလိုခံစားရတယ်။ ကျွန်တော့်ကို ဒီအိမ်မှာခေါ်ထားတာနဲ့တင် လုံလောက်တာထက်ပိုနေပါပြီ"

စိုင်းနွမ်းရှေ့၌ ပျော့ညံ့ချင်ပုံမရသည့် ကောင်လေးက မျက်ရည်ကိုအကျမခံဘဲ ည၀တ်အင်္ကျီလက်ဖြင့် ဆွဲသုတ်ဖို့ပြင်သည်။ ရဲစွေးနေသည့် မျက်ခမ်းစပ်တွေကို အင်္ကျီအ၀တ်စဖြင့် မပွတ်တိုက်စေလို၍ စိုင်းနွမ်း ထိုလက်ကလေးကို ဆွဲဖမ်းလိုက်ရသည်။

"၀န်လေးစရာမလိုပါဘူး။ ကိုယ်တို့ကအခု မိသားစုတွေဖြစ်နေပြီလေ"

စိုင်းနွမ်း မျက်ရည်ဥကြွေတွေကို လိုက်လံသိမ်းဆည်းရင်း ဟန်ရှင်း စိတ်သက်သာရာရစေရန် ချော့မော့လိုက်သည်။

The Lantern In My SkyWhere stories live. Discover now