Chapter [ 12 ]

8.6K 759 19
                                    

[Unicode]

ည ၈ နာရီခွဲကျော်သည့်တိုင် ဟန်ရှင်းဆီသို့ ဖုန်းမ၀င်‌လာသေးပါ။ အ၀င်ကောမရှိဘဲ တိတ်ဆိတ်နေသည့် ဖုန်းကိုလက်တစ်ဖက်က ကိုင်ထားရင်း ကုတင်ပေါ်၌ ဒူးပိုက်ထိုင်ကာ ငူငိုင်ငိုင်လေး ဖြစ်လာသည်။ စိုင်းနွမ်းစိတ်ဆိုးနေသေးလျှင် စိတ်ကျေနပ်သည်အထိ ဟန်ရှင်း ချော့နိုင်ပါသည်။ သို့ပေမယ့် စိုင်းနွမ်း အိမ်ကို သေချာပြန်ရောက်မရောက် မသိရခြင်းက သူ့ရင်ကိုတလှပ်လှပ်ဖြစ်ကာ စိုးရိမ်စိတ်ကိုပိုတိုးစေ၏။

‌ဆူပွက်နေသောအတွေးတို့ကို ‌ခေတ္တသိမ်းခေါက်ရင်း စိုင်းနွမ်းကို ဖုန်းခေါ်လိုက်ပေမယ့် စက်ပိတ်ထားသည်ဟူသည်မှလွဲ လက်ခံဖြေကြားသူ၏ အသံကို ကြားရခြင်းမရှိခဲ့။ ဟန်ရှင်းလည်း ‌ရွေးစရာမရှိတော့ဘဲ တခြားနံပါတ်ကိုသာ ရိုက်နှိပ်လိုက်ရသည်။

"ဟယ်လို"

"ကေကေးရေ! ဒီအချိန်ကြီးကျမှ တစ်ခုခုဖြစ်လို့လား"

ဟန်ရှင်း မေမေနန်းဟွမ်နွမ်းကို ဖုန်းဆက်လိုက်ပြီးမှ ၉ ဂဏန်းသို့ ညွှန်ပြနေသည့် နာရီကိုကြည့်မိပြီး အားနာသွားရသည်။ အန်တီ့အသံကို ကြားလိုက်ကာမှ ဟန်ရှင်း အိမ်ကိုအလွန်လွမ်းဆွတ်နေမှန်း သူ့ကိုယ်သူ သတိထားမိသွားလေသည်။

"အန်တီတို့အိပ်နေတာကို အနှောက်အယှက်ပေးမိသွားလားဗျ"

"မအိပ်သေးပါဘူးရှင်။ ပြောစရာရှိလို့လား သားလေး"

"အစ်ကို အိမ်ပြန်ရောက်ပြီလားသိချင်လို့ပါဗျ။ ဖုန်းဆက်လို့မရလို့"

"သားအစ်ကိုက ပြန်ရောက်တာကြာပြီရော်။ နေဦး အန်တီသွားခေါ်ပေးမယ်"

"အာ!! မခေါ်နဲ့ဗျ အန်တီ။ အစ်ကို အိမ်ပြန်ရောက်ပြီဆိုရင် ရပါပြီ"

"ဟင်း...ဒီကလေးတွေကတော့။ ဟုတ်ပါပြီကွယ်"

"ဟုတ်ကဲ့ဗျ။ ဒါဆိုရင် သား ဖုန်းချတော့မယ်နော်"

"ဟုတ်ပြီသားလေး။ လိုတာရှိရင်ဖုန်းဆက်နော်"

"ဟုတ်ကဲ့ဗျ"

ဖုန်းချလိုက်ပြီးကာမှ ရင်ထဲမှ လစ်ဟာမှုက သိသိသာသာကို ပိုလာ၏။ ဟန်ရှင်းရဲ့
အာရုံကို နှစ်ယူဆွဲချနေတာ စိုင်းနွမ်း ပုံရိပ်တွေချည်းသာ။ ကျောင်းစတက်ကတည်းက ညတိုင်းဖုန်းပြောပေးပြီး ဟန်ရှင်းအိပ်မှ တစ်ဖက်ကနေ ဖုန်းချပေးတတ်သူက လစ်လျူရှုထားတော့ ရင်ဘတ်ထဲ၌ တင်းကြပ်ကြပ်ဖြစ်လာသည်။ စိုင်းနွမ်းနှင့် ဝေးကြည့်ပြီးသည့်နောက်မှာတော့ ဟန်ရှင်း အလွမ်းဒဏ်ကို လုံး၀မခံနိုင်တော့ပေ။ အသံကြားလျှင် မျက်နှာလေးပါ မြင်ချင်သည်။ ‌ယခု အသံပင်မကြားရတော့သည့် အခြေအနေကို ရောက်သွားသည့်အခါမှာတော့ မျက်ရည်ကျသည်အထိကို လွမ်းဆိပ်တက်လာ၏။

The Lantern In My SkyWhere stories live. Discover now