Unicode :
အချိန်အခါမဟုတ်ဘဲရွာသောမိုးက ပျက်စီးခြင်းကိုဆောင်ယူ၏။မိုးစက်မိုးပေါက်တို့ကကမ္ဘာမြေပေါ်သို့ ပြင်းစွာကျရောက်၏။လျှပ်ရောင်တဝင်းဝင်း။မိုးသံတဂျိမ်းဂျိမ်း။လမ်းမထက်မှာ ရေစီးတွေကချောင်းထသည်။
လူတစ်ဦးကကယိုင်ကတိုင်နဲ့လမ်းလျှောက်နေသည်။ဦးခေါင်းမှာကျတဲ့သွေးကချင်းချင်းနီလျက် မိုးစက်မိုးပေါက်တို့နှင့်ဆက်သွယ်ပေါင်းဆုံသွားပြီး သွေးစက်တို့က တစက်စက်ကျနေလျက်သား။တစ်ကိုယ်လုံးကရန်ပွဲတစ်ခုဒါမှမဟုတ်ရင် ပြင်းထန်တဲ့ထိခိုက်မှုတစ်ခုကိုကြုံတွေ့လာပါလားလို့ ထင်ရလောက်အောင် စုတ်ပြတ်နေတဲ့ အသားစိုင်တွေ ပေါက်ပြဲနေတဲ့ ဒဏ်ရာတွေကနေရာအနှံ့။
ကြီးမားပြီးထည်ဝါလှတဲ့ အိမ်ရှေ့မှာခြေစုံရပ်လိုက်သည်။သူ့ရဲ့အသိစိတ်တွေပျံ့လွင့်နေသောကြောင့် အတော်လေးအားယူနေရသည်။ထို့နောက် လူခေါ်ဘဲလ်ကို ထိထိမိမိနှိပ်လိုက်ပါတော့သည်။
ဖန်ပန်းအိုးကိုကိုင်ဆောင်ထားသည်က အိမ်ကြီးရှင်ရဲ့အကြိုက်ပန်းမျိုးဖြစ်လို့ ညဘက်အိပ်ခန်းထောင့်မှာ သွားထားပေးဖို့ပါ။
သို့သော်...၊
ထိုကောင်မလေးက လူခေါ်ဘဲလ်သံကြောင့် အရင်ဆုံးဖွင့်ပေးဖို့ ကြည့်လိုက်သည်။
ပန်းအိုးသည်ခွမ်းခနဲကျကွဲခြင်းကိုဖြစ်စေကာ ကောင်မလေးက ကြောက်အားလန့်အားနဲ့တအားအော်လိုက်သည်။အော်သံကြီးက အိမ်ကိုဖောက်ပြီးမိုးစက်မိုးသံတို့ကိုတောင်ကျော်လွန်လျက်။
ထို့နောက်ခွေခနဲလဲကျသွားသည်။
"ဟဲ့ ဟဲ့...ဘာဖြစ်တာလဲ!"
ကောင်မလေးရဲ့အော်သံကြောင့် အိမ်ထဲမှာပြေးထွက်လာသည်က မိန်းမတစ်ဦး။နောက်ထပ်ယောက်ျားတစ်ယောက်။ကောင်မလေးက တယ်လီကွန်းကိုသာတုန်တုန်ယင်ယင် လက်ညှိုးညွှန်လျက် ဘာစကားတစ်ခွန်းမှမဆိုနိုင်။
ကြည့်လိုက်မိသည့်လူအားလုံးသည်ဆွံ့အကုန်လျက်သား။မိန်းမကြီးသည်စတင်၍ငိုပါတော့သည်။ထို့နောက် ကတုန်ကယင်နဲ့တံခါးကိုခပ်မြန်မြန်ပဲဖွင့်လျက် မိုးရေထဲကိုပြေးထွက်သွားပါသည်။သူမနောက်မှ ယောက်ျားကြီးကလည်းထပ်ချပ်မခွါ လိုက်လာလျက်သား။