Unicode :
ပွေ့ဖက်လိုက်သည်ဟုမခံစားရဘဲ ချုပ်နှောင်လိုက်သလိုမျိုး တစ်ကိုယ်လုံးကိုသိုင်းဖက်လာတဲ့ သူ့ရဲ့သန်မာတဲ့လက်မောင်းတွေ။နွေးထွေးမှုကိုမရဘဲ ရွံရှာကြောက်လန့်သွားတဲ့စိတ်တွေကြောင့် စေညွှန်တစ်ယောက်အသက်ပင်မရှူမိ။
"ခင်ဗျားဆီကနေ အချစ်မှအချစ်ဆိုပြီး ကျွန်တော်လိုချင်ခဲ့ဖူးတယ် တောင်းလည်းတောင်းခဲ့တယ်နော် ဒါပေမဲ့ပြန်စဉ်းစားကြည့်လိုက်မိတော့မှ ခင်ဗျားကကျွန်တော့်လူဖြစ်နေပြီးသားပဲလေ ဟုတ်တယ်မို့လား အချစ်ကိုဘာလုပ်ဖို့လိုနေဦးမှာလဲ အဲ့ဒါကြောင့်လူပဲကျွန်တော့်အနားမှာ အရင်ကလိုပြန်လာနေ ခင်ဗျားမှာရှိတဲ့အင်အားနဲ့ ကျွန်တော့်ကိုဆန့်ကျင်မှာပဲဆိုရင်လည်း လုပ်လိုက် ကျွန်တော်ဂရုမစိုက်ဘူး ကျွန်တော့်မှာခင်ဗျားကလွဲပြီးတခြားဆုံးရှုံးစရာလည်းမရှိတော့ဘူး"
ကျဲကစေညွှန်ကိုယ်ကိုပွေ့ဖက်ထားပြီး လေပြေသွေးသည်။သို့သော်ထိုလေပြေထဲတွင်အေးစက်သောအမိန့်ဆန်ဆန် အငွေ့အသက်များလည်း ယှက်သန်းနေသေးသည်မှာ...၊
"ခင်ဗျားကိုအိမ်ပြန်ခေါ်ရဖို့အတွက်ဆို ကျွန်တော်လည်းဘာမဆိုလုပ်ပစ်မိမယ်ထင်တယ်"
ပွေ့ဖက်ထားရင်းမှ ကျောကိုဖွဖွပွတ်သပ်ရင်း ဖြည်းဖြည်းသာသာပုတ်မိသွားတော့ရင်ခွင်ထဲကလူက ဆတ်ခနဲတစ်ချက်တုန်သွားသည်။ထိုသူရဲ့နှလုံးအိမ်ကတော့ဖြင့် အဆုံးစွန်သောနာကျင်မှုတော့ဖြင့် အေးစက်သွားခဲ့ပြီလား။
ဂရုမစိုက်ဘူးပြောပေမဲ့ ကျဲအံကိုကြိတ်လိုက်သည်။ဟန်ချက်ညီရဲ့ရာဇဝင်မှာလည်းလိုချင်တာဆိုရအောင်ယူခဲ့တာချည်းပဲ။စွန့်လွှတ်ဖို့ကလွဲရင် ခင်ဗျားဘက်ကကြိုက်တဲ့စည်းတားလိုက် ကျွန်တော်လိုက်နာနိုင်အောင်ကြိုးစားမယ်။ဒါပေမဲ့ ခင်ဗျားမရှိတဲ့အရပ်မှာတော့ ကျွန်တော်ဘယ်လိုမှမပျော်နိုင်တော့ဘူး။
"ခင်ဗျားနာခံတတ်သ၍ ကျွန်တော်ခင်ဗျားအပေါ်မှာ ကောင်းကောင်းဆက်ဆံပေးမှာပါ"
စကားသံသည်အဆုံးသတ်သွားပေမဲ့ သူ့စိတ်ထဲမှာတော့ ကျယ်လောင်စွာပဲ့တင်ထပ်နေဆဲ။တစ်စုံတစ်ယောက်ကို ကြောက်မိနေတဲ့စိတ်ဆိုတာက အသားကျနေတတ်တာမျိုးလား။ရာဇသံထက်ပြင်းတဲ့ ကျဲရဲ့စကားတွေကြောင့် သူ့ခန္ဓာကိုယ်က ကျဲရဲ့ရင်ခွင်ထဲမှာ သေးငယ်ကြုံလှီသွားသလိုပါ။သူ့ဘဝကိုသွန်လိုသွန်မှောက်လိုမှောက်လုပ်ရတာဘာဖြစ်လို့အထပ်ထပ်အားမရနိုင်ဖြစ်နေရတာလဲ။