Unicode :
"အခုအားလုံးလည်းပြီးတော့မှာဆိုတော့ ဒင်နာထိတော့ငါမနေဖြစ်တော့ဘူးသိလား"
"မင်းကလည်း ဒီမှာပြီးတောင်မပြီးသေးတာကို ဘယ်လိုဖြစ်ပြီး ဖင်တကြွကြွလုပ်နေတာလဲ"
"မလုပ်လို့မရဘူး အိမ်မှာဘယ်သူမှမရှိဘူးလေ အဲ့ဒါငါ..."
စည်းစိမ်မေးတော့လည်း အလျှင်စလိုနဲ့ပြန်ဖြေလိုက်ပေမဲ့ ဆက်ပြောရမှာလည်းခက်နေသဖြင့်ဆက်လည်းမပြောဖြစ်။အလုပ်ကိစ္စလုပ်နေတော့ အချိန်တွေကလည်းကုန်လို့ကုန်မှန်းပင်မသိလိုက်။နီရဲနေတဲ့မစ်ကောတွေနဲ့ ကျဲဆီကစာတွေလည်းရောက်နေသည်။မီတင်နောက်တစ်ဖြတ်ကကျန်သေးသည်။အခုနာရီပြန်ကြည့်တော့မှ ကြိုတွက်ကြည့်လိုက်မယ်ဆို သူတို့အစည်းအဝေးပြီးတဲ့အချိန်ကျရင် အတော်လေးကိုနောက်ကျသွားတော့မှာ။နောက်ပြီးဒီနေ့နဲ့ဆိုသူအလုပ်ကိစ္စနဲ့အပြင်ထွက်ရတာနှစ်ရက်ရှိသွားပြီ။မနေ့ကလည်းပြန်တာနောက်ကျသွားတယ်။နေ့ဘက်ဆိုအကြောင်းမဟုတ် ညဘက်မိုးချုပ်ကျတော့ လူမမာနဲ့ကလေးကိုသူဘယ်လိုမှစိတ်မချနိုင်။
"ဪ...ဪ..."
စည်းစိမ်ရဲ့ဪဆိုတဲ့အာမေဋိတ်သံကြောင့် စေညွှန်ကဖိုင်တွေကိုပြန်သိမ်းရင်းလည်ပြန်ကြည့်ပြီး...၊
"ဘာဪလဲ"
"ငါကဘာဪရမှာလဲ မင်းကိုအံ့ဩလွန်းလို့လေ ဟိုစဉ်တုန်းကငါဘာပြောခဲ့လဲ ကလေးကိုသူတကယ်လိုချင်တာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ် ဒါပေမဲ့သူအဓိကချုပ်ကိုင်ချင်တာမင်းကိုပဲဆိုပြီးငါဘာလို့ပြောခဲ့လဲအခုသိပြီမလား ဆက်ထုံးဆိုတာမျိုးက နှစ်စပူးချည်မိလိုက်မှတစ်ထုံးဖြစ်သွားတာမင်းသိလား ခုတော့ဘယ့်နှယ်လဲ မင်းဘာသာမုန်းချင်သလောက်မုန်းခွါချင်သလောက်ခွါလေ သူ့ဘက်ကချစ်လို့ကိုမပြီးသေးတာနဲ့ပဲ မင်းပြန်ပြီးအလျော့ပေးလိုက်ရပြန်ပြီမလား"
ဒါနဲ့များကလေးကိုပါထားခဲ့ဦးမယ်တဲ့။ဟုတ်မှာ။သံယောဇဉ်ကပြတ်နိုင်ပါဘိနဲ့။မချစ်ပါဘူးဒီလိုလူနဲ့မနေနိုင်တော့ပါဘူး သူအဲ့ကောင်ဆီကနေထွက်လာခဲ့ပါပြီဆိုတုန်းက သူတကယ်အံ့ဩသွားတာ။တခြားနေရာတွေအဆင်မပြေရင် အိမ်ကိုတောင်လာနေခဲ့ဖို့ပြောဦးမလို့ပဲ။ဒါပေမဲ့ အခုတော့ကြည့်လေ အိမ်ပြန်ဖို့အရေးကိုပဲဇွတ်ဖြစ်နေတာဟန်တောင်မဆောင်နိုင်။သူ့မှာဟိုသတ္တဝါလေးက လူမမာဖြစ်နေလို့ပါဆိုပြီး တသေတချာနဲ့ကိုပြုစုပေးနေရရှာတာ အလုပ်ကိစ္စတွေတောင် ရှေ့တိုးနောက်ဆုတ်လုပ်နေရတဲ့အဖြစ်။